သူ့ကစားသမားဘ၀ရဲ့ အခက်ခဲဆုံး ပြိုင်ဘက် အဖြစ် လီဗာပူးကြယ်ပွင့်ဟောင်းကို ရွေးချယ်လိုက်တဲ့ ကွန်ပနီ

ဗင်းဆန့်ကွန်ပနီဟာ မန်ချက်စတာစီးတီး အသင်းမှာ ၁၁ နှစ်ကြာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ဂန္တ၀င် ခံစစ်မှုးတွေထဲက တစ်ဦး ဖြစ်ပြီး အဆိုပါ ကာလအတွင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ ထိပ်တိုက် ရင်ဆိုင် ကစားခဲ့ရပါတယ်။ မန်ချက်စတာစီးတီး အသင်းခေါင်းဆောင်ဟောင်းက ဒီကစားသမားတွေ ထဲမှာ လီဗာပူး တိုက်စစ်မှုးဟောင်း လူး၀စ်ဆွာရက်ဟာ သူ့အတွက် ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

 

လက်ရှိမှာ အန်းဒါးလက်ခ်ျ အသင်းရဲ့ နည်းပြအဖြစ် လုပ်ကိုင်နေတဲ့ ဘယ်ဂျီယံနောက်ခံလူဟောင်းဟာ မန်စီးတီးကို ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့သူ ဖြစ်ပြီး အဆိုပါ နှစ်တွေအတွင်း လီဗာပူး အသင်းနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။

မန်စီးတီး ကစားသမား ဘ၀ နှောင်းပိုင်းမှာ ကွန်ပနီဟာ မာနေး ဆာလား ဖာမီနို တို့လို တိုက်စစ်အတွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် လီဗာပူး ကြယ်ပွင့်ဟောင်း လူး၀စ်ဆွာရက် ကသာ သူ့ကို ကွင်းထဲမှာ ပြသနာ အများဆုံး ပေးစွမ်းခဲ့တဲ့ ကစားသမား ဖြစ်တယ်လို့ ပြောသွားပါတယ်။

ကွန်ပနီက “အခက်ခဲဆုံး ပြိုင်ဘက်ဆိုရင် လူး၀စ်ဆွာရက်ကိုပဲ ကျွန်တော် ပြောသွားရမှာပါ။ ဘာလို့လဲဆိုတော့ သူလုပ်သမျှ အရာအားလုံးဟာ သမားရိုးကျ မဟုတ်ပါဘူး။ ပွဲအတွင်းမှာ သူဟာ နောက်ထပ် game တစ်ခုကို ထပ်ပေးသူပါ။ သူဟာ မြက်ခင်းပေါ် လှဲချကာ ဒဏ်ရာရဟန်ဆောင်ပြီး ကိုယ်က ဒိုင်လူကြီး သွားပြီး စောဒက တက်နေချိန်မှာ သူဟာ ခံစစ်ကို ကျော်ပြီး ပြေးသွားတာမျိုးပါ။

သူဟာ လှည့်ဖျားကစားမှုတွေ ၊ ဘောလုံးကို ပေါင်ကြားထဲ ထည့်ကာ ကျော်လွှားမှုတွေ အပြင် နည်းမျိုးစုံနဲ့ ပြိုင်ဘက်ကို ကျော်လွှားတက်ပါတယ်။ အကယ်၍ ဘောလုံးဟာ ခံစစ်စည်းကို ကျော်လာပြီ ဆိုရင် ကိုယ်က ဘယ်ဘက်ကို ကြည့်နေချိန်မှာ သူဟာ ညာဘက်ကနေ ထွက်သွားတက်ပြီး ကိုယ်က ညာဘက်ကို ကြည့်ရင် သူက ဘယ်ဘက်ကနေ ထွက်သွားပါတယ်။ ကျွန်တော်ဟာ သူနဲ့ ရင်ဆိုင် ကစားရမှာ အကောင်းဆုံး နဲ့ အဆိုးဆုံး ပွဲတွေ ရှိခဲ့ပါတယ်။

ပုံစံကောင်းကို ရနေချိန်မှာ ကျွန်တော့်ရဲ့ ကစားဟန် အရ ဖြစ်လာမယ့် အရာကို ကြိုပြီး တွေးကာ ကစားပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်က ပုံစံကောင်း မရတဲ့ နေ့ဆိုရင် သူနဲ့ ရင်ဆိုင်ရတာ ပြသနာ ပါပဲ။” လို့ ပြောသွားပါတယ်။

ဆွာရက်ဟာ လီဗာပူး ကစားသမား ဘ၀ အတွင်း မန်စီးတီး ဘက်ကို တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ၎င်းဟာ ကိုယ်တိုင် ဂိုးမသွင်းနိုင်ခဲ့ဘူး ဆိုရင်တောင် ပြိုင်ဘက်နောက်ခံလူ တွေကို ကောင်းကောင်း ဒုက္ခပေးကာ အသင်းဖော်တွေကို နေရာလွတ်တွေ ရရှိအောင် လုပ်ပေးနိုင်သူ ဖြစ်ပါတယ်။

ဆွာရက်ဟာ လီဗာပူး ကနေ ဘာစီလိုနာကို ပြောင်းရွေ့ခဲ့ပြီးနောက် ကွန်ပနီကို နောက်ထပ် စိတ်ပျက်စရာတွေ ပေးခဲ့သူ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က မန်စီးတီးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့မှာ လာလီဂါ ကလပ် အတွက် ၂ ဂိုးစလုံး သွင်းယူပေးခဲ့ပါတယ်။

SM