သရေ တစ်မှတ်နဲ့သာ ကျေနပ်ခဲ့လိုက်ရတဲ့ ချဲလ်ဆီး 1 – 1 ယူနိုက်တက် ပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ…

မနေ့ညကတော့ စူပါ ဆန်းဒေးရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် စတမ်းဖိုဒ် ဘရစ်ချ် ကွင်းထဲမှာ ချဲလ်ဆီး အသင်းက မန်ချက်စတာ ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားခဲ့ပြီး တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်သာ ထွက်ပေါ် ခဲ့တဲ့ အတွက် နှစ်ဖက် အသင်း တစ်မှတ်စီနဲ့ ကျေနပ် ခဲ့လိုက်ရ ပါတယ် ။

ဒီပွဲမှာတော့ ချဲလ်ဆီး အသင်းဟာ ပွဲ စတင်ကတည်းက ဘောလုံးကိုင် ကစားရင်း ယူနိုက်တက် ခံစစ်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင်ခဲ့ ပါတယ် ။ ဒါပေမဲ့ အခုလို ဖြစ်လာလိမ့်မယ်လို့ ကြိုတင်တွက်ဆခဲ့ပြီး ကွင်းလယ် ခံစစ် ကစားသမား 3 ဦးလုံး ထည့်ကစားစေခဲ့တဲ့ ကာရစ်ရဲ့ ဗျူဟာက တကယ်ပဲ ထိရောက်ခဲ့ပါတယ် ။

ချဲလ်ဆီး အသင်းဟာ သူတို့ရဲ့ ကစားဟန် အတိုင်း တိုက်စစ်ချည်းဆင်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းခံစစ်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မာတစ်နဲ့ တော်မီနေးတို့ရဲ့ ခံစစ်ကို ကာဗာပေးနိုင်စွမ်းက တကယ်ပဲ ကောင်းမွန်ခဲ့ရပါတယ် ။ အထူးသဖြင့် အဝါကဒ် မထိသေးခင် အချိန်ထိ မာမာထန်ထန် ကစားခဲ့တဲ့ တော်မီနေးဟာ ချဲလ်ဆီးအတွက် အခက်အခဲတွေ ပေးဆောင်သွားခဲ့ပါတယ် ။

ဒါပေမဲ့ ချဲလ်ဆီး အသင်းကလည်း ယူနိုက်တက်ရဲ့ ခံစစ်ကို မရမက ထိုးဖောက်ရင်းနဲ့ အခြားပွဲတွေမှာ လုပ်နေကျအတိုင်း ဂိုးပေါက် ကန်သွင်းမှုတွေ မကြာခန လုပ်ဆောင်သွားခဲ့ပါတယ် ။ ဒါပေမဲ့ ဒီဂီယာရဲ့ လက်စွမ်းပြမှု ၊ ချဲလ်ဆီး ကစားသမားတွေရဲ့ ဂိုးပေါက် မတည့်မှုနဲ့ ဂိုးကံခေနေမှုတွေက ချဲလ်ဆီး တို့ကို ဂိုးမရစေခဲ့ပါဘူး ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ ဘရူနို ဖာနန်ဒက်စ် ရဲ့ အဝေးဘော ပေးပို့မှုမှတစ်ဆင့် ဂျော်ဂျင်ဟို ရဲ့ အမှားကို အခွင့်အရေးယူပြီး ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုက ဧည့်သည် အသင်းအတွက် ဦးဆောင်ဂိုး ရရှိသွားစေခဲ့ ပါတယ် ။ ယူနိုက်တက်တို့ ဒီတစ်ကြိမ်သာ ချဲလ်ဆီးကို ထိထိရောက်ရောက် ဒုက္ခပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ပွဲချိန် 69 မိနစ်မှာ ယူနိုက်တက် နောက်ခံလူ ဝမ် ဘစ်ဆာကာက မိမိရဲ့ ဂိုးဧရိယာထဲ ဘောလုံး ရှင်းထုတ်ဖို့ ကြိုးစားရာမှာ ဘောလုံးမထိပဲ ပြိုင်ဖက် နောက်ခံလူ သီယာဂို ဆေးလ်ဗားကို ကန်ကျောက်မိခဲ့တဲ့အတွက် ယူနိုက်တက်တို့ ပင်နယ်တီ ပေးခဲ့ရပြီး ဗီလိန် ဖြစ်ခဲ့တဲ့ ဂျော်ဂျင်ဟို က ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် စတမ်းဖို့ဒ် ဘရစ်ချ် က ပွဲစဉ်ဟာ 1 – 1 ဆိုတဲ့ သရေ ရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ရပြီး ဂိုးပိုရခဲ့သင့်တဲ့ ချဲလ်ဆီး အသင်းအတွက်တော့ စိတ်ပျက်စရာ ဖြစ်သွားခဲ့ရပါတယ် ။ အဆိုပါ ပွဲစဉ်မှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ် ။

ချဲလ်ဆီး
————-

မန်ဒီ (7)

ပေးဂိုးအတွက် ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။ ဘောလုံးပေးပို့မှု တစ်ကြိမ် မှားခဲ့ပါတယ် ။ အဲ့တာက လွဲရင် အလုပ် မများခဲ့တဲ့ပွဲစဉ်မှာ မန်ဒီဟာ အသင်းဖော်တွေနဲ့ အချိန်အဆက်မိမိ ကစားပေးနိုင်ခဲ့ပါတယ် ။

ရိစ် ဂျိမ်းစ် (8)

ပထမပိုင်းမှာတော့ ခံစစ်ကို ဆင်းကူပေးရခြင်း မရှိချိန် တိုက်စစ်တွေ တရစပ်ဆင်ပြီး အသင်းဖော်တွေ အတွက် အခွင့်အရေးတွေ ဖန်တီး ပေးနိုင်ခဲ့သလို ဂိုးပေါက် ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ် ။ အသင်း တိုက်စစ်ဆင်နိုင်ရေးမှာ အရေးပါသူ ဖြစ်ခဲ့ပါတယ် ။

ချာလိုဘာ (7)

အလုပ်သိပ်မများခဲ့တဲ့ ပွဲစဉ်မျိုးမှာ ရပ်ရှ်ဖို့ကို အကောင်းဆုံး ထိန်းပြနိုင်ခဲ့သလို ရော်နယ်ဒို ဝင်လာတဲ့ အခါမှာလည်း အခက်အခဲမရှိ ပုံစံကောင်းပြ ကစားပေးနိုင်ခဲ့ပြန်ပါတယ် ။

သီယာဂို ဆေးလ်ဗား (7)

ခံစစ်ပိုင်း အလုပ်မရှုပ်ခဲ့တဲ့ ပွဲမှာ တိုက်စစ် ခနခန တက်ပြီး ရူဒီဂါ အတွက် ဂိုးပေါက်ကန်ခွင့် ဖန်တီးပေးခဲ့သလို ပင်နယ်တီလည်း ရရှိစေခဲ့ပါတယ် ။

ရူဒီဂါ (7)

တိုက်စစ် မကြာခန တက်ရောက်ခဲ့ပြီး တစ်ကြိမ် ဂိုးဘားထိခဲ့သလို နောက်တစ်ကြိမ်မှာတော့ အခွင့်အရေး အသုံးမချနိုင်ခဲ့ပါဘူး ။

အလွန်ဆို (6)

ဘင်ချီဝဲလ် မပါတဲ့ ပွဲစဉ်မှာ တိုက်စစ်ပိုင်း မကြာခန တက်ရောက်ခဲ့ပေမဲ့ ထိရောက်တဲ့ ပံ့ပိုးမှုတွေ လုပ်နိုင်ဖို့ အခက်တွေ့ခဲ့သလို အခွင့်အရေး အချို့လည်း အသုံးမချ နိုင်ခဲ့ပါဘူး ။

ဂျော်ဂျင်ဟို (7)

အဖွင့်ဂိုး ပေးပြီး ဗီလိန် ဖြစ်ခဲ့ပေမဲ့ ပင်နယ်တီမှတစ်ဆင့် ဂိုးပြန်လည် သွင်းယူပေးရင်း ဟီးရိုး ဖြစ်နိုင်ခဲ့ပြန်ပါတယ် ။

လောတပ် ချိခ် (7)

ဒီရာသီရဲ့ တတိယ အကြိမ်မြောက် ပွဲထွက် ကစားခွင့်ကို ရရှိခဲ့ပြီး ပထမပိုင်းအစ 15 မိနစ်မှာ ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ဂျော်ဂျင်ဟိုနဲ့ တွဲဖက် ကစားပေးနိုင်ခဲ့ပါတယ် ။

ဇီယက်ချ် (6)

ဘောလုံးထိတွေ့ခွင့် အများကြီး ရရှိထားခဲ့ပေမဲ့ ဆုံးဖြတ်ချက်တွေ မှားခဲ့သလို ကြိုးစားအားထုတ်မှုတွေ ရှိခဲ့ပေမဲ့ အရာမထင်ခဲ့ပြန်ပါဘူး ။

အိုဒွိုင်း (7)

8 ပွဲဆက် ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ ပွဲရဲ့ ပွဲချိန် 3 မိနစ်မှာပဲ ဂိုးရရှိခဲ့သင့်ပေမဲ့ ဒီဂီယာ လက်စွမ်းပြသွားခဲ့ပါတယ် ။ ရပ်ရှ်ဖို့ရဲ့ ကောင်တာ တိုက်စစ်ကို 2 ကြိမ် ဟန့်တားပြနိုင်ခဲ့ပါတယ် ။

တီမို ဝါနာ (6)

နိုဝင်ဘာ 2 ရက်နေ့ နောက်ပိုင်း ပထမဆုံး အကြိမ် ပွဲထွက်ခွင့် ရရှိခဲ့ပြီး ယူနိုက်တက် နောက်ခံလူတွေကို အလုပ်ရှုပ်စေခဲ့ပေမဲ့ အခွင့်အရေး အသုံးမချနိုင်ခဲ့ပြန်ပါဘူး ။

လူစားဝင် ကစားသမားများ …

မောင့် (6)
ပူလီဆစ် (6)
လူကာကူ (-)

ယူနိုက်တက်
——————-

ဒီဂီယာ (8)

ရိစ် ဂျိမ်းစ် နည်းတူ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ။ အိုဒွိုင်း ၊ ရူဒီဂါ တို့ရဲ့ ကန်ချက်တွေကိုဟန့်တားပြရင်း အခုလို ရလဒ် ရရှိစေဖို့ အရေးပါသူ ဖြစ်နိုင်ခဲ့ပါတယ် ။

ဘစ်ဆာကာ (4)

ဒီနှစ်အတွင်း တိုးတက်မှု မရှိပဲ ညံ့နေရင်း ညံ့ခဲ့တဲ့ ဘစ်ဆာကာဟာ ဒီပွဲမှာလည်း ဆက်ညံ့ခဲ့ပြီး ပင်နယ်တီပါ လက်ဆောင်ပေးသွားခဲ့ပါတယ် ။

လင်ဒီလော့ဖ် (7)

မက်ဂွားယားနဲ့ ဗာရန်းတို့ မပါဝင်ကြတဲ့ ပွဲစဉ်မှာ အသင်းရဲ့ ခံစစ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး တည်ငြိမ်စွာ ကစားပေးနိုင်ခဲ့ပါတယ် ။

ဘိုင်လီ (7)

ခြေစွမ်း တည်ငြိမ်မှု အတက်အကျ မြန်ဆန်လွန်းတဲ့ ဘိုင်လီ ကတော့ ဒီပွဲမှာ ပုံစံကောင်းကို ပြသသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အန္တရာယ် ဖြစ်စေနိုင်မယ့် ပေးပို့မှု အချို့ လုပ်ခဲ့ပါတယ် ။

အဲလက်စ် တဲလက်စ် (7)

လုခ်ရှောလောက် ခံစစ် ကစားပုံ မကောင်းတဲ့ တဲလက်စ်ဟာ ဒီပွဲမှာ ခံစစ်ပိုင်း တာဝန်ကျေခဲ့သလို တိုက်စစ်ကိုလည်း အလျှင်းသင့်သလို လိုက်ပါရင်း ချိတ်ဆက် ကစားပုံ ကောင်းခဲ့ပါတယ် ။

တော်မီနေး (6.5)

ပထမပိုင်းအတွင်း ပြိုင်ဖက်တွေကို တိုက်စစ်ဆင်ရ ခက်ခဲအောင် ဖြတ်တောက်မှုတွေ အများကြီး လုပ်နိုင်ခဲ့သလို မာမာထန်ထန် ကစားပေးရင်း ဘောလုံးတွေ ရယူပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အဝါကဒ် ထိခဲ့တဲ့နောက် ကစားအား ကျဆင်းသွားခဲ့ရပါတယ် ။

ဖရက်ဒ် (6)

အစောပိုင်း မိနစ်မှာ အမှားကျူးလွန်မှု အနည်းငယ် ရှိခဲ့ပေမဲ့ ကစားအား ကောင်းခဲ့ပြီး လုယူမှု ၊ ဖြတ်တောက်မှုတွေ လုပ်ပေးနိုင်ခဲ့ပါတယ် ။ အခွင့်အရေးကောင်း တစ်ကြိမ်ကို ဖြုန်းတီးခဲ့ပါတယ် ။

မာတစ် (7)

ဝါရင့် ကစားသမားပီပီ အသင်းဟောင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ စည်းကမ်းတကျ ကစားခဲ့ပြီး အသင်းရဲ့ ခံစစ်ကို တက်နိုင်သမျှ လုံခြုံမှု ပေးနိုင်ခဲ့ပါတယ် ။ ပွဲထွက်ခွင့် ရရှိဖို့ တကယ်ပဲ ထိုက်တန်လှပါတယ် ။

ဆန်ချို (7)

ပထမပိုင်းအတွင်း ဘောလုံး သိပ်မရခဲ့ပေမဲ့ ရရှိခဲ့တဲ့ အခွင့်အရေးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ် ။ ခံစစ်ကိုလည်း အတော်လေး ကူညီပေးနိုင်ခဲ့ပြီး တိုးတက်လာပြီ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် (4)

ဘစ်ဆာကာ နည်းတူ ကွင်းထဲ ပျောက်ဆုံးနေတဲ့ ကစား သမား ဖြစ်ခဲ့ရပါတယ် ။ ဆန်ချို အတွက် ဂိုး ဖန်တီးနိုင်ခဲ့ပေမဲ့ ရည်ရွယ်ချက် ရှိရှိ ပေးပို့ခဲ့ခြင်းတော့ မဟုတ်ခဲ့ရပါဘူး ။

ရပ်ရှ်ဖို့ (5)

ပထမပိုင်းအတွင်း ဆန်ချိုအတွက် အခွင့်အရေးကောင်း ဖန်တီးပေးနိုင်ခဲ့သလို အဖွင့်ဂိုး ရရှိစေရေးမှာလည်း မန်ဒီကို အာရုံများစေခဲ့ပါတယ် ။ အဲ့တာက လွဲရင် ထူးခြားမှု မလုပ်ပြနိုင်ခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ :

ရော်နယ်ဒို (5)
လင်ဂတ် (5)
ဗန်ဒီ ဘိခ် (-)

#Sports_Myanmar