လွယ်ကူလွန်းတဲ့ မန်ချက်စတာ ဒါဘီကြောင့် စီးတီး ကစားသမားတွေကို ပြန်တောင်းပန်ခဲ့ရတဲ့ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်းရဲ့ နည်းပြကြီး ပက် ဂွာဒီယိုလာ က သူ့ အနေနဲ့ ယမန်နေ့ ညက ပွဲ နဲ့ ပတ်သက်ပြီး စီးတီး အရန် ခုံတန်းက ကစားသမားတွေ ကို တောင်းပန်လိုကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဂွာဒီယိုလာ က သူ့ရဲ့ အသင်းဟာ မနေ့က အိုးထရက်ဖိုဒ့်မှာ ကစား ခဲ့တဲ့ မန်ချက်စတာ ဒါဘီ မှာ သက်တောင့် သက်သာ ရှိလွန်း လှတာကြောင့် လူစားလဲဖို့ ကို စိတ်မကူး မိခဲ့အောင် ဖြစ်ခဲ့ရ ပါတယ်လို့ ပွဲအပြီးမှာ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

ပြိုင်ဘက် အသင်းက လူစား ၄ ယောက် အထိ လဲခဲ့ ပေမယ့် ဂွာဒီယိုလာ ကတော့ ပွဲထွက် ၁၁ ယောက် နဲ့ မိနစ် ၉၀ လုံး ကစား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဂွာဒီယိုလာ ဟာ ဂျက် ဂရီလစ်ရှ် ၊ ရာဟင်း စတာလင် တို့ကို အရန်ခုံမှာ ထားခဲ့ပြီး ဖိုဒန် ၊ ဘာနာဒို ၊ ဂျေဆူး တို့နဲ့ တိုက်စစ် ကို ခင်းကျင်း ကစား သွားခဲ့ ပါတယ် ။

မန်စီးတီး ဟာ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ကို ၂ ဂိုးတည်း သွင်းနိုင် ခဲ့တာ ဖြစ်ပေမယ့် ဘောလုံး ပိုင်ဆိုင်မှု ၇၀% နီးပါး နဲ့ ပွဲကို အပြတ် အသတ် စိုးမိုး ထားနိုင်ခဲ့ ပါတယ် ။

စီးတီး ဟာ ပွဲအစ ၇ မိနစ် မှာတင် အဲရစ် ဘိုင်လီ ရဲ့ O.G ကနေ ဦးဆောင်ဂိုး ရခဲ့ပြီး ၄၅ မိနစ် မှာတော့ ဘာနာဒို ဆေးလ်ဗား က ဒုတိယဂိုး ကို သွင်းပေး ခဲ့ ပါတယ် ။

စီးတီး ဟာ ပထမပိုင်းမှာ ယူနိုက်တက် ကို တောက်လျောက် ဖိကစား ခဲ့ပြီး ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာ ရဲ့ လက်စွမ်းပြမှုတွေကြောင့်သာ မဟုတ်ခဲ့ဘူး ဆိုရင် ပထမပိုင်း မှာတင် ၄ ဂိုးလောက် ပြတ်သွားမယ့် အနေအထားမှာ ရှိခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာတော့ စီးတီး တို့ ပထမပိုင်း တုန်းကလောက် ဖိမကစား နိုင်တော့ ပေမယ့် ဘောလုံး ပိုင်ဆိုင်မှု အသာ နဲ့ ပွဲကို ဆက်လက် ထိန်းချုပ် ထားနိုင်ခဲ့ ပါတယ် ။

မန်စီးတီး ခံစစ် ဟာလည်း မန်ချက်စတာ ယူနိုက်တက် တိုက်စစ် ကို လုံး၀ ထိန်းချုပ် ထားနိုင်ခဲ့ပြီး ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ကောင်းမွန်တဲ့ မြေမကျ ကန်ချက် တကြိမ်သာ ဂိုးပေါက်တည့်ခွင့် ပြုခဲ့ ပါတယ် ။

အိုလေ ဂန်နာ ဆိုးရှား ရဲ့ မန်ချက်စတာ ယူနိုက်တက် ကတော့ ကစားပုံ ယိုယွင်း ခဲ့ပြီး စီးတိး ဂိုးပေါက် ကို တည့်တဲ့ အကြိမ် ( ၁ ကြိမ် ) ထက် ကိုယ့် ဂိုးပေါက်ကို ကိုယ် ပြန်သွင်းမိတဲ့ အကြိမ် ( ၂ ကြိမ်သွင်း ၊ ၁ ဂိုးဝင် ) က ပိုများတဲ့ အထိ ရုပ်ပျက် ခဲ့ရ ပါတယ် ။

 

ဆိုးရှား ဟာ ဒုတိယပိုင်းမှာ ဆန်ချို ၊ ရက်ဖိုဒ့် ၊ ဒွန်နီ ဗန်ဒီဘိ နဲ့ အဲလက်စ် တဲလက်စ် တို့ကို လူစားလဲ ထည့်ကစားခဲ့ ပေမယ့် ဂွာဒီယိုလာ ကတော့ လုံး၀ လူစားလဲ မသွားခဲ့ ပါဘူး ။

ပွဲ အပြီးမှာတော့ ဂွာဒီယိုလာ က အင်တာဗျူးမှာ “ကျွန်တော် စိတ်မကောင်းပါဘူး” လို့ အစပြုရင်း ဘာကြောင့် လူစားလုံး၀ မလဲဘဲ ကစား သွားခဲ့ ရတာလဲ ဆိုတာကို ရှင်းပြ ပြောဆို သွားခဲ့ ပါတယ် ။

“အရန်ခုံ ပေါ်က လူတွေကို သုံးချင်စိတ် မရှိခဲ့ ပါဘူး ။ ပွဲက ၂-၀ နဲ့ ပြတ်နေပြီး ကစားရတာလည်း အရမ်းကို သက်တောင့် သက်သာ ရှိလွန်း လှပါတယ် ။

ဒါကြောင့် ဘယ်လို ပြောင်းလဲမှုမျိုးမှ မလုပ်ချင်ဘူး လို့ စိတ်ထဲက ခံစား မိခဲ့လို့ အခုလို လူစား မလဲခဲ့တာပါ” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ပွဲရလဒ် နဲ့ ပတ်သက်လို့ “ဒီနိုင်ပွဲ အတွက် ကစားသမားတွေကို အဓိက ချီးကျူး ရမှာပါ ။ သူတို့ ဟာ တကယ့် အနုပညာရှင်တွေလို ကစားသွားခဲ့ ကြပါတယ် ။ အိုးထရက်ဖိုဒ့် ကို လာမယ် ၊ ကိုယ့်ရဲ့ မြို့ခံ ပြိုင်ဘက် နဲ့ ကစားရတဲ့ ပွဲမျိုးမှာ ဒီလို အရမ်းအရမ်း ကောင်းအောင် ကစားပြ နိုင်ခဲ့ ကြပါတယ် ။

ကျွန်တော့ လူတွေဟာ ( မန်ယူနိုက်တက် ကစားသမားတွေထက် ) တိုက်စစ် မှာ ရော ခံစစ်ကနေ တိုက်စစ် အကူးအပြောင်း မှာရော ပိုပြီး မြန်မြန် ဆန်ဆန် ကစား နိုင်ခဲ့ကြပါတယ် ။ တကယ်ကောင်းခဲ့တဲ့ နေ့ပါပဲ” လို့ ဂွာဒီယိုလာ က ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

မန်စီးတီး ရဲ့ ဒီနိုင်ပွဲ ဟာ အဆင့် ၁ နေရာက ချဲလ်ဆီး ရဲ့ သရေ ကျမှုကြောင့် ပိုမို အဖိုးတန်သွား ခဲ့ပြီး ဒီကနေ့ည ပွဲတွေ မကစားမီမှာ ရမှတ် ၂၃ မှတ် နဲ့ အဆင့် ၂ နေရာကို ရယူ ထားနိုင်ခဲ့ပြီး ချဲလ်ဆီး နဲ့ ၃ မှတ် အကွာကို ရောက်ရှိ လာနိုင်ခဲ့ ပါတယ် ။

 

SPORTS MYANMAR