လ်ရှား အထုတ်ခံရမှုနဲ့ ပတ်သက်လို့ ရော်နယ်ဒိုကို အပြစ်မြင်နေတဲ့ ပေါလ် မာဆင်

အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ပေါလ် မာဆင် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ခရစ္စတီယာနို ရော်နယ်ဒို ရောက်ရှိလာခြင်းက ဆိုးလ်ရှားရဲ့ စီမံကိန်းတွေကို ပျက်စီးစေခဲ့တယ်လို့ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ တုန်းက ဝက်ဖို့ဒ် အသင်းကို အဝေးကွင်းမှာ ပထမပိုင်း အတွင်း 2 – 0 ၊ ဒုတိယပိုင်းအပြီး 4 – 1 ဆိုတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် အသင်းဟာ အမှတ်ပေး ဇယား အဆင့် 8 နေရာ အထိ ကျဆင်းသွားခဲ့ရပါတယ် ။

ထို့အတူ ယခင်ထဲက ဖိအားတွေအောက် ကျရောက်နေခဲ့တဲ့ နည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ အရေးပေါ် အစည်း အဝေး ခေါ်ယူမှုကို လက်ခံခဲ့ရပြီး 5 နာရီ အကြာမှာပဲ ယူနိုက်တက် အသင်း နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့လိုက်ရပါတယ် ။

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် 2 နေရာမှာ ရာသီ ကုန်ဆုံးစေနိုင်ခဲ့သူ ဖြစ်ပြီး နွေမှာလည်း ကာလရှည် ပစ်မှတ် ထားနေခဲ့တဲ့ ဒေါ့မွန် ကြယ်ပွင့် ဂျေဒန် ဆန်ချိုကို အရ ခေါ်ယူနိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ကာဗာနီ (သို့မဟုတ်) မာရှယ် တို့လို မြန်ဆန်တဲ့ တိုက်စစ်မှူးကို ရပ်ရှ်ဖို့ ၊ ဆန်ချို တို့နဲ့ ဝန်းရံပြီး ကစားစေဖို့ ဆိုးလ်ရှား ကြံရွယ် နေခဲ့တယ်ဆိုတာ သိသာထင်ရှားခဲ့ ပါတယ် ။ ဒါ့အပြင် ခံစစ်အတွက် ယူနိုက်တက်တို့ ဗာရန်းကိုလည်း ရယူနိုင်ခဲ့ကြပါတယ် ။

ဒါပေမဲ့ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းခါနီးမှာ ရော်နယ်ဒို မန်စီးတီး အသင်းဆီ ပြောင်းရွှေ့မယ့် သတင်း ၊ ကစားသမားဟောင်းတွေ ပေါ်တူဂီသားကို လက်ဦး ခေါ်ယူဖို့ ဖိအားပေးမှု ၊ ဆာ အဲလက်စ် ပါဝင်လာမှုတွေကြောင့် ယူနိုက်တက်တို့ ရော်နယ်ဒိုကို ခေါ်ယူခဲ့ရ ပါတယ် ။

ရလဒ် တစ်ခု အနေနဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက် အတွက် ပွဲတိုင်း ကစားရသူ ဖြစ်လာခဲ့ပြီး ကာဗာနီ ၊ မာရှယ် နဲ့ ဆန်ချို တို့ဟာ ဘေးရောက် သွားခဲ့ကြ ပါတယ် ။ အခြား တဖက်မှာတော့ ရော်နယ်ဒိုကို မထည့်တဲ့ ပွဲတွေမှာ ပရိသတ်တွေရဲ့ ဖိအားပေးမှုတွေပါ ခံခဲ့ရပါသေးတယ် ။

အခုတော့ ပေါလ် မာဆင် က ရော်နယ်ဒို ရောက်ရှိလာခြင်းက စီမံကိန်း တစ်ခု ဆွဲနေခဲ့တဲ့ ဆိုးလ်ရှားရဲ့ အကြံအစည်တွေကို ပျက်ပြယ် သွားစေခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် ဆိုးလ်ရှား အတွက် တကယ်ပဲ ဝမ်းနည်းမိပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ရာသီက အဆင့်နှစ် နေရာနဲ့ ရာသီ ပိတ်သိမ်းနိုင်ခဲ့တဲ့နောက် ဒီရာသီအစမှာ plan ရှိနေခဲ့ပါတယ် ။ သူဟာ အရင်ထဲက လိုက်နေခဲ့တဲ့ ဆန်ချိုကို အရခေါ်ယူခဲ့ပြီး ကာဗာနီ ကိုလည်း တစ်နှစ် သက်တမ်းတိုးခဲ့ပါတယ် ”

” ခင်ဗျားတို့ အနေနဲ့ တိုက်စစ်မှာ ကာဗာနီ ၊ ညာတောင်ပံမှာ ဆန်ချိုနဲ့ ဘယ်တောင်ပံမှာ ရပ်ရှ်ဖို့တို့ ဝန်းရံကစားပေးတာမျိုး မြင်တွေ့ခွင့် ရမယ့် အနေအထားပါ ။ ပြီးတော့ ဂရင်းဝုဒ် က အရံဝင်လာမယ့်သူပါ ။ ဒီလို အသင်းမျိုးမှာ ခင်ဗျားဟာ လျင်မြန်မှု ၊ ခွန်အား ၊ စွမ်းအင် ၊ စကေး ၊ နုပျိုမှု အများကြီး မြင်တွေ့ခဲ့ရမှာပါ ”

” ဒါပေမဲ့ ရာသီ မစတင်ခင်မှာပဲ သူဟာ ရော်နယ်ဒိုကိုပါ ရခဲ့လိုက်ပါတယ် ။ အဲ့တာက သူ့ရဲ့ စီမံကိန်း အားလုံးကို သဲထဲရေသွန် ဖြစ်သွားစေခဲ့ပါတယ် ။ ရော်နယ်ဒို စတင် ပါဝင်ခဲ့တဲ့ ပထမနေ့ ကတည်းက မန်ချက်စတာ ယူနိုက်တက်ဟာ ပိုကောင်းတဲ့ အသင်းမျိုး ဖြစ်မလာခဲ့ပါဘူး ”

” သေချာတဲ့ ကစားပုံ တစ်ခု မရှိရင် ခင်ဗျားတို့ 29 ပွဲဆက်ထိ ရှုံးပွဲမရှိ ကစားနိုင်မှာ မဟုတ်ပါဘူး ။ ဒီလို အသင်းမျိုးဟာ ဆန်ချိုကို ခေါ်ယူလိုက်ခြင်းက လက်နက်သစ် တစ်ခုကို တပ်ဆင်လိုက်ခြင်း ပါပဲ ။ ရော်နယ်ဒို ရှိနေတော့ ခင်ဗျားတို့ဟာ ကောင်တာ တိုက်စစ်ကို စိတ်ကြိုက် ကစားနိုင်မှာ မဟုတ်တော့ပါဘူး ”

” ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက သူတို့ အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပ့တယ် ။ ဒါပေမဲ့ ဒီနှစ် ရာသီမှာတော့ သူဟာ ဘောလုံးထိဖို့တောင် ခက်ခဲနေသလိုပါပဲ ။ အဲ့တာတွေက ဆိုးလ်ရှားအတွက် အခက်အခဲ ဖြစ်သွားစေခဲ့ပါတယ် ။ ရော်နယ်ဒို ရောက်လာမှုနဲ့ အတူ သူ့ရဲ့ အစီအစဉ်တွေလည်း ပျက်စီး သွားခဲ့ရ ပါတယ် ”

” အဲ့ဒီလို ဖြစ်ခဲ့ရခြင်းကလည်း မန်စီးတီးက ရော်နယ်ဒိုကို ခေါ်မယ်ဆိုတဲ့ သတင်းကြောင့်ပါပဲ ။ သူတို့ ကိုယ်တိုင်က ရော်နယ်ဒိုကို ဂျူဗင်တပ် အသင်းကနေ လိုလိုချင်ချင်နဲ့ ခေါ်ယူချင်ခဲ့ကြတာမျိုး မဟုတ်ခဲ့ရပါဘူး ။ ကြားဖြတ်ခေါ်ယူခဲ့ရုံပဲ ဖြစ်ခဲ့တာပါ ” လို့ ပေါလ် မာဆင် က သုံးသပ် သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar