လေးစားမှု လုံး၀ကင်းမဲ့တဲ့ မန်ချက်စတာစီးတီး ကစားသမားဟောင်းကို ပြောပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က သူဟာ မန်ချက်စတာစီးတီး တိုက်စစ်မှုးဟောင်း ဖြစ်သူ မာရီယိုဘာလော့တယ်လီရဲ့ လုပ်ရပ်ကြောင့် တအားကို ဒေါသထွက်ခဲ့ကာ ၎င်းကို အသင်းဖော်တွေ ဝုိင်းဆွဲထားခဲ့ရတဲ့ အထိ ဖြစ်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး ယာယာတိုရေးရဲ့ သွင်းဂိုးဟာ အဆိုပါ ပွဲစဉ်ရဲ့ အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်။ မန်ချက်စတာဒါဘီ ဖြစ်နေတာနဲ့ အညီ ပွဲအတွင်းမှာ နှစ်ဘက်အသင်းကြား တင်းမာမှုတွေ ရှိခဲ့သလို ဖာဒီနန်ဟာ ပွဲအပြီးမှာ ဘာလော့တယ်လီရဲ့ လုပ်ရပ် အပေါ် တအား ဒေါသထွက်ခဲ့ ပါတယ်။

အီတလီ တိုက်စစ်မှုးဟာ ၀င်ဘာလေကွင်းမှာ လာရောက် အားပေးခဲ့တဲ့ ယူနိုက်တက် ပရိတ်သတ်တွေကို အမူအရာနဲ့ လှောင်ပြောင်မှု လုပ်ခဲ့ပြီး ဒါဟာ အင်္ဂလန် နောက်ခံလူဟောင်းကို ဒေါသထွက်စေခဲ့ပြီး ၎င်းကို အက်၀င်ဗန်ဒါဆား အပါအ၀င် အသင်းဖော်တွေက ဝုိင်းဆွဲထားခဲ့ရပါတယ်။

ဖာဒီနန်က “အဆိုပါ ဆီမီးဖိုင်နယ် ပွဲစဉ် အပြီးမှာ ကျွန်တော်က ‘အိုကေ။ စီးတီးတို့ ဗိုလ်လုပွဲ အတွက် ဒီကွင်းမှာ ဆက်ကန်ရတော့မှာပဲ’ လို့ တွေးခဲ့ပါတယ်။ အဲဒီ ပွဲစဉ် အပြီးမှာ ယူနိုက်တက် ပရိတ်သတ်တွေ ဘက်ကို လှည့်ပြီး ဘာလော့တယ်လီ ဘာလုပ်ခဲ့သလဲ ဆိုတာ အားလုံး မှတ်မိနေကြအုံးမှာပါ။ ကျွန်တော် အဲဒီနေ့က သူ့ကို အသေသတ်ချင် ခဲ့တာပါ။

ကျွန်တော် သူ့နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူဟာ ကျွန်တော်တို့ ပရိတ်သတ်တွေဘက်ကို လှည့်ပြီး လှောင်ပြောင်တဲ့ အမူအရာတွေနဲ့ အောင်ပွဲခံနေခဲ့တာပါ။ ဒါဟာ လုံး၀ လေးစားမှု မရှိတဲ့ ပုံစံမျိုး ဖြစ်တာကြောင့် ကျွန်တော် သူ့ကို ဒေါသထွက်ခဲ့ပါတယ်။ သူဟာ အရမ်းကို ရူးသွပ်လောက်တဲ့ အရည်အသွေး ရှိသူ ဖြစ်ပေမယ့် သူ့ကစားသမား ဘ၀ ဘယ်လိုတွေ ဖြစ်ခဲ့သလဲ ဆိုတာ အားလုံး အသိပါပဲ။” လို့ ဆိုခဲ့ပါတယ်။

ဘာလော့တယ်လီဟာ စီးတီးမှာ ကစားခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း အက်ဖ်အေဖလား နဲ့ ပရီးမီးယားလိဂ်ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ အေစီမီလန် အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။ အဲဒီနောက် ဘာလော့တယ်လီဟာ ပြင်သစ်ကို မပြောင်းရွေ့မီ လီဗာပူးမှာ ခဏ ကစားခဲ့ပါသေးတယ်။

မန်စီးတီး အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီ က ဘာလော့တယ်လီနဲ့ ပက်သက်ပြီး “သူဟာ တကယ်ကောင်းတဲ့ လူပါ။ ဒါပေမယ့် မာရီယိုဟာ မာရီယို ပါပဲ။ သူ့မှာ ထိပ်တန်း ကစားသမား တစ်ဦးရဲ့ အရည်အသွေးတွေ အားလုံး ရှိနေပါတယ်။ ဒါပေမယ့် ကစားသမားတွေမှာ အရည်အသွေး အပြင် ပြင်းပြတဲ့ဆန္ဒ လုပ်အားတွေလည်း ရှိဖို့ လိုပါတယ်။ တစ်နှစ်ပြီး တစ်နှစ် ဘယ်လို ကုန်သွားသလဲဆိုတာတောင် မသိပါဘူး။ ပြင်းပြတဲ့ဆန္ဒနဲ့ အလုပ်ကြိုးစားမှု မရှိဘူးဆိုရင် ကိုယ်ဟာ နှစ်တွေများစွာ တန့်နေနိုင်ပါတယ်။”

အီတလီကလပ်တွေမှာ အလုပ်မဖြစ်ခဲ့တဲ့ ဘာလော့တယ်လီဟာ လက်ရှိမှာ တူရကီကလပ် အဒါနာဒီမာစပေါ အသင်းမှာ ကစားလျက် ရှိနေပြီး ဒီရာသီ လိဂ်ပွဲစဉ် ၁၀ ပွဲမှာ ၅ ဂိုး သွင်းထားခဲ့ပါတယ်။

SM