လေ့ကျင့်ရေးကွင်းထဲမှာ ဒဏ်ရာ ရရှိသူ နှစ်ဦးရှိကြောင်း ပြောကြားလိုက်ပြီး အတ္တလန္တာနဲ့ ကစားရမဲ့ ချန်ပီယံလိဂ် ပွဲစဥ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဆိုးလ်ရှား

 

ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာ ယူနိုက်တက်အသင််းဟာ ဗုဒ္ဓဟူးနေ့ နံနက် 2:30 အချိန်မှာတော့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဥ် 4 အဖြစ် အီတလီမြေမှာ အတ္တလန္တာ အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ရင််ဆိုင် ကစားသွားရဖို့ ရှိနေပါတယ် ။

ဒါဟာ ဒီရာသီ ရလဒ် မတည်ငြိမ်မှုတွေနဲ့ အတူ ဖိအားတွေအောက် ကျရောက်နေခဲ့တဲ့ ယူနိုက်တက်် နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား အတွက်တော့ နောက်ထပ် မဖြစ်မနေ အနိုင်ယူ ပြရမဲ့ ၊ အရေးပါလွန်းတဲ့ ပွဲစဥ် တစ်ပွဲပဲ ဖြစ်ပါတယ် ။

ဒီလို အရေးကြီးတဲ့ ပွဲစဥ် မတိုင်မီမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက လေ့ကျင့်ရေး ကွင်းထဲမှာ အသင််းသား နှစ်ဦးဟာ ဒဏ်ရာတွေ ရရှိခဲ့ကြကြောင်း ၊ ဒါပေမဲ့ အထွေအထူး ပြောနေရမဲ့ ဒဏ်ရာမျိုးတော့ မရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ အဆင်ပြေနေကြ ပါတယ် ။ ဒီ​နေ့ နံနက် လုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဥ်တွေမှာတော့ အသင််းသား နှစ်ဦးဟာ အသေးစား ဒဏ်ရာလေးတွေ ရရှိသွားခဲ့ကြပါသေးတယ် ။ အဲ့တာက လွဲရင် ကြီးကြီးမားမား ပြသနာ ဘာမှ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ယန်းဘွိုင်းစ် အသင်းကို ရှုံးနိမ့်သွားခဲ့ရပေမဲ့ အတ္တလန္တာ ၊ ဗီလာ ရီးယဲ အသင်းတွေကို အိမ်ကွင်းမှာ 2 ပွဲဆက် အနိုင်ကစားပြီး အုပ်စု F ရဲ့ အမှတ်ပေး ဇယားကို ဦးဆောင်ထားနိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် အခုပွဲကို အနိုင် ကစားနိုင်ရင် ယူနိုက်တက်တို့ နောက်တစ်ဆင့် တက်နိုင်ဖို့ အခွင့်သာသွားမှာပဲ ဖြစ်ပါတယ်် ။ အဲ့ဒီနောက် စနေနေ့ ညဖက် 7 နာရီ အချိန်မှာ ယူနိုက်တက်တို့ဟာ မန်စီးတီးအသင်းကို ဧည့်ခံပြီး မန်ချက်စတာ ဒါဘီပွဲ နွှဲသွားရဖို့ ရှိနေပါတယ် ။

ဒါဟာ ဆိုးလ်ရှား အတွက် ယူနိုက်တက် နည်းပြအဖြစ် ဆက်လက် ရှိနေနိုင်ဖို့ အရေးကြီးတဲ့ ပွဲစဥ်တွေပဲ ဖြစ်ပါတယ် ။ ဆိုးလ်ရှား ကတော့ ပြီးခဲ့တဲ့ရက်က စပါးအသင်းကို 3 ဂိုးပြတ် အနိုင် ကစားခဲ့ပြီး ဖိအားတွေကို လျှော့ချနိုင်ခဲ့ပေမဲ့ အတ္တလန္တာကို လျှော့တွက်သွားဖို့ မရှိကြောင်း ဆက်လက် ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ လာမဲ့ ပွဲစဥ်ကိုပဲ ကြည့်နေဖို့ လိုအပ်တယ်လို့ ထင်ပါတယ် ။ အဲ့ဒီပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ပေါ့ဗျာ ။ ကျွန်တော်တို့ အမှတ်ပေး ဇယားမှာလည်း ကောင်းမွန််တဲ့ အနေအထား ပိုင်ဆိုင်ထားကြပါသေးတယ် ။ ဒါပေမဲ့ အဝေးကွင်းမှာ ရလဒ်ကောင်းဖို့ လုပ်ရပါဦးမယ် ”

” ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးဟာ ဒီတစ်ပွဲအပေါ်ပဲ အာရုံတွေ စူးစိုက်ထားကြတာပါ ။ ဒါပြီးမှ ကျွန်တော်တို့ နောက်တစ်ပွဲအကြောင်း တွေးကြမှာပါပဲ။ ဒါတွေအားလုံးကို ကျွန်တော်တို့ တစ်ချိန်ထဲ တွေးသွားမှာ မဟုတ်ပါဘူး ။ တွေးနေရင် အာရုံတွေ ရှုပ်ထွေးသွားရပါလိမ့်မယ် ”

” သူတို့ကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့စဥ်တုန်းက အတ္တလန္တာတို့ဟာ တတိယမြောက်ဂိုးကို ရရှိဖို့ နီးစပ်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဒေးဗစ်က နှစ်ကြိမ်ဆက် ကာကွယ်ပြသွားနိုင်ခဲ့တယ််လေ ။ ဒါ့ကြောင့် အခုပွဲစဥ်အပေါ်မှာ ကျွန်တော်တို့တွေ အားလုံး အသေအချာ အာရုံ စူးစိုက်သွားကြမှာပါ ”

” ကျွန်တော်တို့ဟာ စနေည ပွဲအပြီးကတည်းက အနားယူ အားမွေးခဲ့ပြီးကြပါပြီ ။ ပြိုင်ပွဲတွေ ဆက်တာ အရမ်းမြန်လွန်းလှပါတယ် ။ ဒါ့ကြောင့် ဘယ်သူတွေကို ပွဲထုတ်ဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ကြရတာပေါ့ဗျာ ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar