လူငယ်တွေ အပေါ် အရမ်းကြီး မှီခိုအားထား မနေဖို့ အသင်းဟောင်း အာဆင်နယ် ကို သတိပေးလိုက်တဲ့ ဆက်ဂ်နာ

ပြင်သစ် ညာနောက်ခံလူဟောင်း ဆက်ဂ်နာ ဟာ လီဗာပူး နဲ့ ကစားရမယ့် ပွဲမတိုင်မှီမှာ အသင်းဟောင်း အာဆင်နယ် အသင်းကို သတိပေးမှု တစ်ခု ပြုလုပ် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အထိ ကစားခဲ့ဖူးတဲ့ ဆက်ဂ်နာ ဟာ ရာသီအစမှာ အသင်းဟောင်းရဲ့ လူဝယ်ယူမှုတွေ အပေါ် ထောက်ပြ ခဲ့ဖူးသူ ဖြစ်ပြီး အခု ဒီတစ်ခါမှာလည်း လူငယ်တွေ အပေါ် အလွန်အကျူး မမှီခိုဖို့ သတိပေး သွားခဲ့ပါတယ် ။

ဒီရာသီမှာ အာဆင်နယ် အသင်းရဲ့ ပွဲထွက်လူစာရင်းဟာ ပျှမ်းမျှ အသက် ၂၄.၉ နှစ်သာ ရှိနေပြီး ပရီးမီးယားလိဂ် ကလပ် အသင်းတွေ အားလုံးထဲမှာ အသက် အငယ်ဆုံး အသင်း အဖြစ် ရပ်တည် နေပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီ အစမှာ ရုန်းကန် ခဲ့ရပေမယ့် စမစ်ရို ၊ ဆာကာ ၊ ရမ်စ်ဒဲလ် ၊ ဘန်ဝှိုက် ၊ ဂါဘရီယဲလ် ၊ တိုမီယာစု တို့လူငယ် အစုအဖွဲ့ကြောင့် ရလဒ်တွေ ပြန်ကောင်း လာခဲ့ပြီး အမှတ်ပေး ဇယား အဆင့် ၅ နေရာ အထိ ပြန်လည် တက်လှမ်း လာနိုင်ခဲ့ပါတယ် ။

ဆက်ဂ်နာ ကတော့ အာဆင်နယ် အသင်း လူငယ်တွေ အပေါ် မှီခိုလွန်း သလို ဖြစ်နေတဲ့ အပေါ် စိုးရိမ် နေပြီး ကစားသမားလေးတွေ ဖိအားများပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက် သွားမှာကို သတိထားသင့်ကြောင်း Freebets မှာ ပြောကြား သွားခဲ့ပါတယ် ။

” ကလေးတွေ အပေါ် မှီခို အားထားနေလို့ မရပါဘူး ၊ အဲ့လို လုပ်လည်း မလုပ်သင့်ပါဘူး ၊ သူတို့က ခုမှ အသက် ၁၉ ၂၀ အရွယ်လေးတွေပါ ၊ လူတွေက သူတို့အပေါ် ဖိအားတွေ အများကြီး ပေးလာနိုင်သလို ဆိုရှယ် မီဒီယာမှာလည်း ဝေဖန်မှုတွေ လုပ်လာနိုင်ပါတယ် ။ ”

” ဒီလို ဖိအားတွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာ နိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ တုန်းက နဲ့ မတူတော့တဲ့ အခြေအနေမျိုး ဖြစ်လာတာကိုတော့ အားရ ကျေနပ်မိပါတယ် ။ ”

” ကျွန်တော့်တုန်းကဆို တစ်ပွဲလောက် ကစားပုံ ဆိုးတာနဲ့ အပြင်မထွက်ရဲတော့ဘဲ အိပ်ယာထဲမှာပဲ ပုန်းနေခဲ့တာပါ ။ ခုခေတ်ကလေးတွေကတော့ ဒီအရာတွေကို ကောင်းကောင်း ရင်ဆိုင် နေနိုင်ကြပါပြီ ၊ ကျွန်တော် သာ သူ့တို့ နေရာမှာဆို အဲ့လို ကောင်းကောင်း လုပ်နိုင်မယ် မထင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM