လူကာကူ မပါတဲ့ ချဲလ်ဆီး ဟာ ဘာကြောင့် အန္တရာယ် ပိုရှိတာလဲ ဆိုတာ ပြောပြလာတဲ့ အယ်လီဂရီ

ယနေ့ည မှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ ၊ ပထမနေ့ ပွဲပေါင်း ၈ပွဲ ကစားသွားဖို့ ရှိနေပြီး ၊ ထိုပွဲတွေ အနက် အုပ်စု H ရဲ့ ဗိုလ်နေရာကို အပြိုင် လုနေကြတဲ့ စတမ်းဖို့ဒ်ဘရစ်ချ် က ချဲလ်ဆီး – ယူဗင်တပ် ပွဲလည်း တပွဲ အပါအဝင် ဖြစ်ပါတယ် ။ ဧည့်သည် ယူဗင်တပ် အသင်း ဟာ ၁၆ သင်း အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်ပေမယ့် အိမ်ရှင် ချဲလ်ဆီး အသင်းကတော့ နောက်တဆင့် ရောက်ဖို့ ယနေ့ည ပွဲကနေ အနည်းဆုံး သရေ တမှတ် လိုအပ်နေပါတယ် ။

လက်ရှိ ချန်ပီယံလည်းဖြစ် ၊ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ဦးဆောင်နေတဲ့ ချဲလ်ဆီး အသင်း ဟာ ပထမ အကျော့ တူရင်မြေမှာ ပြည်တွင်းလိဂ် အတက်အကျ များနေခဲ့တဲ့ ယူဗင်တပ် အသင်း ကို တောင်ပံ ကစားသမား ဖက်ဒရီကို ခီယေဆာရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပါတယ် ။

ဒါဟာ အီတလီမြေမှာ အချိန် အများစု ရုန်းကန်ခဲ့ရတဲ့ ချဲလ်ဆီး အတွက် အထူးအဆန်း တရပ်တော့ မဟုတ်ခဲ့ပါဘူး ။ ယနေ့ညမှာတော့ ချဲလ်ဆီးတို့ ယင်း ပထမ အကျော့ ရှုံးကြွေးကို ပြန်ဆပ်ရမယ့် အပြင် ၊ အုပ်စုဗိုလ် နေရာကို လွှဲပြောင်း ရယူနိုင်ဖို့ မဖြစ်မနေ အနိုင်ကစားရမှာ ဖြစ်ပါတယ် ။

ဧည့်သည် ယူဗီ ကတော့ စီးရီးအေ မှာ အဆင့် ၈ နေရာသို့ ရောက်ရှိနေပြီး ၊ ဇယားထိပ်က နာပိုလီ အသင်းနဲ့လည်း ရမှတ် ၁၁ မှတ် အထိ ကွာဟနေပေမယ့် ၊ ချန်ပီယံလိဂ်မှာ အုပ်စုတွင်း ရာနှုန်းပြည့် အနိုင်ရထားပါတယ် ။ အနည်းဆုံးတော့ ယနေ့ည မှာ ၎င်းတို့ သရေ တမှတ် ရမှသ လက်ရှိ အုပ်စုကို ဆက်လက် ဦးဆောင်နိုင်မှာလည်း ဖြစ်ပါတယ် ။

အိမ်ရှင် အသင်း ဟာ ယနေ့ညမှာလည်း ကြံ့ခိုင်မှု မပြည့်သေးတဲ့ အဓိက တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို ထည့်သွင်း အသုံးပြုဖို့ မသေချာပဲ ရှိနေပေမယ့် ၊ ယူဗင်တပ် နည်းပြ မက်ဆီမီလီယာမို အယ်လီဂရီ ကတော့ ချဲလ်ဆီး ဟာ လူကာကူ မပါတဲ့ အနေအထားမှာ ပိုပြီး အန္တရာယ် ရှိတဲ့ အကြောင်း အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အယ်လီဂရီ က ” မနက်ဖြန်မှာ ကျွန်တော်တို့ဟာ လက်ရှိ ဥရောပ ချန်ပီယံ ၊ ဒီရာသီ ပရီးမီးယားလိဂ် leader ဖြစ်တဲ့ ချဲလ်ဆီး အသင်းကို အုပ်စုဗိုလ် နေရာ အတွက် သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ။ ”

” နောက်ပိုင်းပွဲတွေမှာ သူတို့ဟာ လူကာကူ မပါပေမယ့် ၊ မတူညီတဲ့ ဝိသေသ လက္ခဏာတွေနဲ့ ချဉ်းကပ်မှုတွေ လုပ်ထားနိုင်ခဲ့ပါတယ် ။ အထောင် တိုက်စစ်မှူး မပါတဲ့ အတွက် သူတို့ဟာ တန်ပြန်တိုက်စစ်ကို ပိုပြီး လွတ်လွတ်လပ်လပ် ဆင်လာနိုင်ပါတယ် ။ လူကာကူ ဟာ သူတို့ အတွက် တည်ချက် ဖြစ်နေတာကြောင့် ၊ သူမပါတဲ့ အခါ ၊ ချဲလ်ဆီး ဟာ အမြန်နှုန်း ပိုကောင်းလာပြီး ၊ ခံစစ် ကစားပုံလည်း ကွဲပြားလာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး မှာ တိုက်စစ်ပိုင်း ဒဏ်ရာ ပြဿနာ အခက်အခဲ ရှိသလိုပဲ ၊ ယူဗင်တပ် မှာလည်း ခံစစ်ပိုင်း အတွက် အဓိက အားထားရတဲ့ နောက်ခံလူတွေ ဖြစ်ကြတဲ့ ချီယယ်လီနီ ၊ ဒန်နီလိုနဲ့ ဒီဆီဂလီယိုတို့ ဒဏ်ရာ အသီးသီး ရနေပြီး ၊ ဒေါင်ဒေါင်မြည် နောက်ခံလူ ၄ဦး အတိသာ ရှိနေပါတယ် ။

ယူဗင်တပ်ရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီးလည်း အယ်လီဂရီ က ” ကျွန်တော်တို့မှာ အဲလက်စ် ဆန်ဒရို ပါမှ ၊ နောက်ခံလူ ၄ဦးပဲ ရှိပါတယ် ။ ကွင်းလယ်မှာတော့ ဘက်နာဒက်ချီ က လွဲရင် ၊ ကျန်တဲ့ ကစားသမားတွေ အကုန် ပြန်ပါလာပါပြီ ။ ”

” ဒန်နီလို က နောက်ထပ် ၂လ နားရဖို့ ရှိပြီး ၊ ကူလူဆက်စကီး ကလည်း သွားဆရာဝန်နဲ့ ချိန်းထားတာ ရှိနေပါတယ် ။ ဒါကြောင့် ဒီနေ့ လေ့ကျင့်ရေး အစီအစဉ်ကို သူ လာရောက် မပူးပေါင်းနိုင်တာပါ ။ ဒါပေမယ့် မနက်ဖြန်ပွဲ အတွက်တော့ သူ ပါဝင်နိုင်ပါလိမ့်မယ် ။ ”

” ဒီဘားလား ကတော့ ဘယ်လောက်ထိ ကစားပေးနိုင်မလဲ ကျွန်တော် မသိသေးပါဘူး ။ ဒါပေမယ့် အသင်းလိုက် ထရိန်နင်ကို သူ ပူးပေါင်းထားတော့ ၊ မနက်ဖြန်ပွဲ ကို ကစားပေးနိုင်ပါလိမ့်မယ် ။ မွိုက်စ်ကင်း ၊ ဒါမှမဟုတ် ၊ မိုရာတာ က တိုက်စစ်ကို ဦးဆောင် ပွဲထွက်ဖို့ များပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR