လီဝန်ဒေ့ါစကီး ရဲ့ ရွှေဘောလုံး အခွင့်အရေးနဲ့ ပတ်သက်ပြီး စင်ပေါ်ကနေ ဖွင့်ဟပြောဆိုခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီ အသင်း ရဲ့ စတား လီယွန်နယ် မက်ဆီ က ၂၀၂၀ ခုနှစ် ရဲ့ ရွှေဘောလုံးဆုကို ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး ရရှိဖို့ လုံးဝ ထိုက်တန် ခဲ့ကြောင်း ဒီနေ့ မနက် ဆုပေးပွဲ အခမ်းအနားမှာ ပြောကြား ခဲ့ပါတယ် ။

ပဲရစ် မှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် ရွှေဘောလုံး ဆုပေးပွဲ အခမ်းအနား မှာ မက်ဆီ ဟာ သူ့ရဲ့ခုနှစ်ကြိမ်မြောက် ရွှေဘောလုံးဆုကို လက်ခံ ရယူအပြီး လီဝန်ဒေါစကီး ကို ချီးကျူး ဂုဏ်ပြု စကားဆိုခဲ့တာ ဖြစ်ပါတယ် ။

၂၀၂၀ ခုနှစ်အတွင်း ဘိုင်ယန်မြူးနစ် အသင်းမှာ ပြသခဲ့တဲ့ အံ့ဖွယ် ဂိုးသွင်းနှုန်းနဲ့ အောင်မြင်မှုတွေကြောင့် လီဝန်ဒေါစကီး ဟာ ၂၀၂၀ ခုနှစ် ရဲ့ ရွှေဘောလုံးဆု ကို ရရှိမယ်လို့ ပရိသတ် အများစုက ယုံကြည်လက်ခံ ထားခဲ့ကြတာပါ ။ ဒါပေမယ့် ကိုဗစ်ရောဂါပိုးကြောင့် ၂၀၂၀ ခုနှစ် ရွှေဘောလုံးဆုပေးပွဲကို ဖျက်သိမ်းခဲ့ရပါတယ် ။

၂၀၂၁ ခုနှစ်မှာလည်း လီဝန်ဒေါစကီး ဟာ ရွှေဘောလုံးဆု ရရှိဖို့ ရေပန်းစား ခဲ့ပေမယ့် မက်ဆီ ရဲ့ နောက်ကောက်ချခြင်းကို ခံလိုက်ရပါတယ် ။ လီဝန်ဒေါစကီး ဟာ ဒီနှစ် ရွှေဘောလုံးဆုရှင် မက်ဆီ ထက် ရမှတ် ၃၃ မှတ်ပဲ နည်းခဲ့ပြီး တတိယနေရာက ဂျော်ဂျင်ဟို ထက် ရမှတ် ၁၂၀ အသာ ရခဲ့ပါတယ် ။

ဒီနှစ် ရွှေဘောလုံးဆုရှင် မက်ဆီ ကလည်း ဆုလက်ခံရယူ အပြီးမှာ လီဝန်ဒေါစကီး နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခွင့် ရတဲ့ အတွက် ဂုဏ်ယူမိကြောင်း ဝန်ခံလိုက်ပြီး ပိုလန်သားဟာ၂၀၂၀ ခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ အကြွင်းမဲ့ ထိုက်တန်ခဲ့သူ ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ် ။

” လီဝန်ဒေါစကီး နဲ့ ပတ်သက်ပြီး ကျွန်တော် ထည့်သွင်းပြောကြားပြောချင်ပါတယ် ၊လီဝန်ရေ မင်း နဲ့ ယှဉ်ပြိုင်ခွင့် ရခဲ့တာက တကယ့်ကို ဂုဏ်ယူစရာပါပဲကွာ ။

“မင်းလည်း ဒီဆုနဲ့ ထိုက်တန်ပါတယ်ကွာ ။ မနှစ်တုန်းက မင်းဟာ ဒီဆု အတွက် ထိုက်တန်တဲ့ ပိုင်ရှင်ဆိုတာ အားလုံး တစ်ပြေးညီ သဘောတူခဲ့ကြတာပါ ။ France Football အနေနဲ့ ၂၀၂၀ ခုနှစ်အတွက် ရွှေဘောလုံးဆုကို မင်းကို ချီးမြှင့် သင့်တယ်လို့ ထင်ပါတယ် ၊ မင်းလည်း အိမ်မှာ ရွှေဘောလုံးဆု ရှိနေသင့်တဲ့ ကစားသမားပါပဲ ။ ”

ဆက်လက်ပြီး မက်ဆီ က ” လီဝန်ဒေါစကီး က သိပ်ကို ကောင်းမွန်တဲ့ နှစ်တစ်ကို ပိုင်ဆိုင် ခဲ့ပါတယ် ၊ တစ်နှစ်ပြီး တစ်နှစ် ပိုတိုးတက်ကောင်းမွန် လာပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည် နဲ့ အတူ သိပ်ကို ထူးချွန် ကောင်းမွန်တဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်း သက်သေ ပြသနေပါတယ် ။ ”

” ဒီနှစ်မှာ သူဟာ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် ဆုချီးမြှင့် ခံခဲ့ရပါတယ် ၊ သူကိုယ်တိုင်လည်း လာမယ့်နှစ်မှာ ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြသ နိုင်ဖို့ ရည်မှန်းချက် ထားထားမှာ အသေအချာပါပဲ ၊ သူလို ကစားသမားမျိုး ကွင်းထဲမှာ ရှိနေတာ ကျေးဇူး တင်စရာပါပဲ ၊ နောက်ပြီး သူက အသင်းကြီး တစ်သင်းမှာ ကစားနေသူပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM