လီဗာပူး ရဲ့ ဂန္တဝင် နည်းပြကြီးတွေတောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိတဲ့ မှတ်တမ်းမျိုးကို ရယူပြလိုက်တဲ့ ယာဂန် ကလော့ပ်

အင်္ဂလန် ဘောလုံးလောကမှာ လီဗားဟာ ဥရောပ အောင်မြင်မှု အများဆုံး ရယူထားတဲ့ အသင်းဖြစ်ပါတယ်။ ဂန္တဝင် နည်းပြကြီး ပေစလေ ဆိုရင် တစ်ဦးတည်း ချန်ပီယံလိဂ် ဖလား 3 လုံး အထိ ဆွတ်ခူးပြခဲ့ဖူးသလို ၊ အင်္ဂလန် ဘောလုံး လောက တစ်ခုလုံးကိုလဲ ဆယ်စု နှစ် ဝန်းကျင် အထိ စိုးမိုးပြခဲ့သူပါ။

သို့သော် အဲဒီလို နည်းပြမျိုးကြီးတွေတောင် ရယူပြနိုင်ခြင်း မရှိခဲ့ဖူးတဲ့ ချန်ပီယံလိဂ် မှတ်တမ်းတစ်ခုကို ယာဂန် ကလော့ပ် က ရယူပြလိုက်ပါတယ်။

Group B ကို ဒီနှစ် ချန်ပီယံလိဂ် ဘောလုံး ပြိုင်ပွဲရဲ့ မရဏ အုပ်စု အဖြစ် ပရိသတ်တွေ အားလုံးက တညီတညွတ်တည်း သတ်မှတ်ခဲ့ကြပါတယ်။ ဥရောပ မှာ ကစားရ အခက်ဆုံး ဖြစ်တဲ့ အေတီကို ၊ ချန်ပီယံလိဂ် မှာ နှစ်တိုင်း တွေ့နေရတဲ့ ပေါ်တို ၊ တကျော့ပြန် နိုးထလာတဲ့ အီတလီ က အေစီ မီလန် တို့ နဲ့ တစ်အုပ်စုထဲ ကျရောက်နေတဲ့ အတွက် ဘယ်အသင်းက နောက်တဆင့် တက်မလဲ ဆိုတာ ဟောကိန်း ထုတ်လို့ မရဘူးလို့ သုံးသပ်ခဲ့ကြတာပါ။

သို့သော် ပွဲစဉ် 4 ပွဲ ယှဉ်ပြိုင် အပြီးမှာ ကတည်းက ဘယ်အသင်းက အစွာဆုံးလဲ ဆိုတာ အတိုင်းသား ပေါ်လွင်ခဲ့ပါတယ်။ လီဗာပူး ဟာ ချန်ပီယံလိဂ် မရဏ အုပ်စုမှာ ကျရောက်ခဲ့သည့်တိုင်အောင် ၊ 16 သင်း ရှုံးထွက် အဆင့်ကို ပထမဆုံး တက်ရောက် နိုင်တဲ့ အသင်းအဖြစ် ပေါ်ထွက်လာခဲ့ ပါတယ်။

လက်ရှိ အုပ်စုပွဲ 5 ပွဲ ကစားပြီး ချိန်မှာတော့ 5 ပွဲ စလုံး အနိုင်ယူကာ ၊ 100% နိုင်ပွဲ ရလာဒ် နဲ့ ရှေ့ဆက်နိုင်တဲ့ အသင်းပေါင်း 3 သင်း အထိ ထွက်ပေါ်ထားပါတယ်။ အဲဒီ အသင်းတွေ ကတော့ ဂျာမဏီ ချန်ပီယံ ဘိုင်ယန် မြူးနစ် ၊ နယ်သာလန် ချန်ပီယံ အေဂျက် နဲ့ အင်္ဂလန် က လီဗာပူး အသင်းတွေ ဖြစ်ပါတယ်။

လီဗာပူး ဟာ ချန်ပီယံလိဂ် ဖလားကြီး ကို 6 ကြိမ် အထိ ဆွတ်ခူးထားဖူးသည့်တိုင်အောင် ၊ အုပ်စု အဖွင့်ပွဲ 5 ပွဲ ဆက်တိုက် အနိုင်ယူပြဖူးတဲ့ မှတ်တမ်းမျိုး တစ်ကြိမ် တစ်ခါမှ ပိုင်ဆိုင်ထားဖူးခြင်း မရှိသေးပါဘူး။

ဒါကြောင့် ယာဂန် ကလော့ပ် ဟာ ကလပ်သမိုင်းကြောင်း တလျှောက် ဂန္တဝင် နည်းပြကြီး ပေစလေ ၊ ဂျိုးဖာဂန် နဲ့ ဘင်နီတက်ဇ် တို့လို ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ နည်းပြတွေတောင် စွမ်းဆောင်ပြနိုင်ခြင်း မရှိတဲ့ အုပ်စု အဖွင့်ပွဲစဉ် 5 ပွဲ ဆက်တိုက် အနိုင်ယူပြတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင် သွားခဲ့ ပါတယ်။

ဒါ့အပြင် လီဗာပူး ဟာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေ အတွင်း စုစုပေါင်း ရမှတ် 15 မှတ် ရအောင် တစ်ကြိမ် တခါမျှ စွမ်းဆောင်ပြနိုင်ခြင်း မရှိပါဘူး။ လက်ရှိမှာတော့ 5 ပွဲ ကစား ၊ စုစုပေါင်း 15 မှတ် အထိ ရယူထားနိုင်ခဲ့ပြီ ဖြစ်လို ၊ ကလပ် သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး အကြိမ် 15 မှတ် ရယူပြနိုင်တဲ့ ဘောလုံးရာသီ တစ်ခု ဖြစ်လာခဲ့ပါတယ်။

နောက်ထပ် ထူးခြားတဲ့ စွမ်းဆောင်းရည် မှတ်တမ်းက နောက်ဆုံး ကစားခဲ့တဲ့ 16 ပွဲ ဆက်တိုက် 2 ဂိုး နဲ့ အထက် သွင်းယူထားပါတယ်။

သူတို့ဟာ အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် အေစီ မီလန် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။ နည်းပြ ယာဂန် ကလော့ပ် ကတော့ သူ့ရဲ့ နည်းပြဘဝမှာ ဆန်စီရို ကွင်းထဲကို တစ်ကြိမ် တခါမှ သွားရောက် ကစားဖူးခြင်း မရှိသေးလို့ ၊ အဲဒီ အတွေ့အကြုံတွေ ကို ခံစားကြည့်ချင်သေးတယ်လို့ ရင်ဖွင့် သွားခဲ့ပါတယ်။

16 သင်း အဆင့်ကို တက်ရောက် ထားနိုင်ခဲ့ပြီ ဖြစ်တဲ့ အသင်းများ –

အေဂျက်
ဘိုင်ယန် မြူးနစ်
ချဲဆီး
အင်တာ မီလန်
ယူဗင်တပ်
လီဗာပူး
မန်စီးတီး
ယူနိုက်တက်
ပီအက်စ်ဂျီ
ရီးရဲ မက်ဒရစ်
စပို့တင်း

SPORTS MYANMAR