လီဗာပူး ရဲ့ ကန့်လန့်ကာ နောက်ကွယ်က ပဲ့ကိုင်ရှင်ကြီး မိုက်ကယ် အက်ဒ်ဝပ် ကို ခေါ်ယူဖို့ စည်းရုံးရေး ဆင်းနေတဲ့ နယူးကာဆယ်

နယူးကာဆယ် အသင်းရဲ့ နည်းပြကြီး အက်ဒီ ဟောင်း က လီဗာပူး မှာ အပြောင်မြောက်ဆုံး အပြောင်းအရွှေ့တွေကို ဖန်တီးပြခဲ့တဲ့ အားကစား ဒါရိုတ်တာ မိုက်ကယ် အက်ဒ်ဝပ် ကို စိန့်စ်ဂျိမ်းစ်ပါ့ခ်မှာ သူ နဲ့ အတူ လက်တွဲလုပ်ကိုင်ဖို့ အတွက် စည်းရုံးရေးတွေ ဆင်းလျှက် ရှိပါတယ်။

ဆော်ဒီ လုပ်ငန်း တစုက လွှဲပြောင်း ရယူခဲ့ပြီး နောက်ပိုင်း နယူးကာဆယ် ဟာ ဘောလုံး လောကရဲ့ ထိပ်တန်း အသင်းကြီး တသင်းဖြစ်အောင် စတင် တည်ဆောက်ဖို့ အားယူနေတာ ဖြစ်ပြီး ၊ ဘုန်းမောက် အသင်းကို မှော်ဆန်တဲ့ အပြောင်းအလဲတွေ လုပ်ပြနိုင်ခဲ့တဲ့ အက်ဒီဟောင်း ကို မကြာခင်ကပဲ တရားဝင် နည်းပြ အဖြစ် ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။

အက်ဒီဟောင်း ဟာ စတုတ္ထတန်း မှာ ယှဉ်ပြိုင် ကစားနေတဲ့ အသင်းငယ်လေး ဘုန်းမောက်ကို လွှဲပြောင်း ရယူကာ အချိန်တို အတွင်း တန်းတက်မှုတွေ ဆက်တိုက် ရရှိအောင် လုပ်ပြရင်း နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်လို အမြင့်ဆုံး ပြိုင်ပွဲ အထိ ခရီးဆက်ပြခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ပရိသတ်တွေ အကြား ရေပန်းစားခြင်း မရှိခဲ့ကြပေမယ့် ၊ အင်္ဂလန် တနိုင်ငံလုံးကတော့ မှော်ဆန်တဲ့ လှည့်ကွက်တွေ အလား လုပ်ပြခဲ့တဲ့ အတွက် လေးစားမှု အပြည့်နဲ့ ချီးကျူး မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြပါတယ်။

သို့သော် တကြိမ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက အတိတ်က အနေအထားတွေ နဲ့တော့ မတူပါဘူး။ တန်းမဆင်းရအောင် ရုန်းကန်နေရတဲ့ အသင်းမျိုးကနေ ၊ ဥရောပ ဝင်ခွင့်ပစ်မှတ်အထိ မျှော်လင့်နိုင်မယ့် အဆင့်အတန်းမျိုး အထိ ရောက်ရှိအောင် တည်ဆောက်ရမှာ ဖြစ်တဲ့ အတွက် စိန်ခေါ်မှုက ကြီးမားလွန်းပါတယ်။

နယူးကာဆယ် ဟာ ဘောလုံး လောက ရဲ့ အချမ်းသာဆုံး ဘောလုံး ကလပ် ဖြစ်တာနဲ့ အညီ အပြောင်းရွှေ့ အသုံးစာရိတ် ကိုတော့ စိတ်ကြိုက် သုံးစွဲခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒီအနေအထားမှာ ဘောလုံး ဈေးကွက်ကို ကျွမ်းကျင်ပြီး ၊ အသင်းနဲ့ လိုက်ဖက်မယ့် ကစားသမားမျိုးတွေကို ရွေးချယ် ဝယ်ယူနိုင်ဖို့ က အဓိက ကြနေပါတယ်။

ဒါကြောင့်လဲ သူ ပို့စ်မောက် ကစားသမားဘ၀ အဖြစ် ရှိနေစဉ် အချိန်က လက်တွဲခဲ့ဖူးတဲ့ လီဗာပူး အားကစား ဒါရိုတ်တာ မိုက်ကယ် အက်ဒ်ဝပ် ကို ခေါ်ယူနိုင်ဖို့ စည်းရုံးရေးတွေ ဆင်းနေတယ်လို့ ဒေသခံ သတင်းတွေ အားလုံး အတည်ပြု ဖော်ပြလိုက်ပါတယ်။

မိုက်ကယ် အက်ဒ်ဝပ် ဟာ မိုဆာလာ ၊ မာနေး ၊ ဝိုင်နယ်ဒမ် ၊ ရော်ဘတ်ဆန် တို့လို ကစားသမားတွေ ကို ပြောင်းရွှေ့ကြေး ပမာဏ နည်းနည်းလေး နဲ့ ရအောင် ခေါ်ယူပြနိုင်ခဲ့သလို ၊ ဗန်ဒိုက် ၊ အလီဆွန် တို့လို ကမ္ဘာ့ အဆင့်မီ ကစားမားတွေကိုလဲ မှန်မှန်ကန်ကန် နဲ့ ချဉ်းကပ် ခေါ်ယူပြခဲ့ ပါတယ်။ ဒါကြောင့်လဲ သူ့ကို ဘောလုံး အသိုင်းအဝိုင်း တစ်ခုလုံး က Transfer Guru ဆိုတဲ့ ဂုဏ်ပုဒ်မျိုးကိုတောင် ပေးထားကြပါတယ်။

မိုက်ကယ် အက်ဒ်ဝပ် နဲ့ လီဗာပူး တို့အကြား စာချုပ် သက်တမ်းဟာ ဒီရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ၊ အသင်းနဲ့ လမ်းခွဲချင်တဲ့ အကြောင်း ပိုင်ရှင်တွေကို အသိပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ် ဖူးပါတယ်။ အဲဒီနောက်မှာတော့ ရီးရဲ မက်ဒရစ် ၊ လိုက်ပ်ဇစ် အသင်းတွေက ချဉ်းကပ်မှုတွေ ရှိခဲ့သည့်တိုင်အောင် လီဗာပူး ကလဲ စာချုပ်သစ် ချုပ်ဆိုနိုင်လိမ့်မယ်လို့ မျှော်လင့်ထားဆဲ ဖြစ်နေကြောင်း ကလပ် နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက မှတ်ချက် ပေးထားပါတယ်။

လီဗာပူး အခြေစိုက် သတင်းတွေမှာတော့ အက်ဒီ ဟောင်း ဟာ နယူးကာဆယ် နည်းပြ ရာထူးကို လက်မခံမှီ ၊ အေတီကို နဲ့ အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲစဉ်ကို လာရောက် ကြည့်ရှုခဲ့ကာ ၊ မိုက်ကယ် အက်ဒ်ဝပ် နဲ့ တွေ့ဆုံမှုတွေလဲ လုပ်ဆောင်ခဲ့တယ်လို့ အခိုင်မာ ဆိုထားပါတယ်။ အဲဒီ တွေ့ဆုံမှုဟာ အလုပ်သဘောအရလား ၊ ပုဂိုလ်ရေးရာ အရ တွေ့ဆုံတာလား ဆိုတာတော့ သဲသဲကွဲကွဲ မသိကြသေးပါဘူး။

အက်ဒီ ဟောင်းဟာ နယူးကာဆယ် နဲ့ 2024 နှစ် အထိ စာချုပ် ချုပ်ဆိုထားပြီး ၊ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ မတိုင်ခင် 9 ပွဲ အထိ ကိုင်တွယ်ခွင့် ရရှိနေပါသေးပါတယ်။ အဲဒီ ကာလ အတွင်းမှာ အသင်းရဲ့ ရလာဒ်တွေ သိသိသာသာ တိုးတက်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပြီး ၊ ခေါ်ယူသင့်တဲ့ ပစ်မှတ် ကစားသမားတွေကိုလဲ ဘယ်လို သတ်မှတ်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

SM