လီဗာပူး ပရိသတ်တွေ အတွက် သတင်းကောင်း – လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီ ဖြစ်တဲ့ ဖာဘင်ဟို

 

ပြီးခဲ့တဲ့ 3 ပွဲ ဆက်တိုက် ဒဏ်ရာပြသနာ နဲ့ လွဲချော်ခဲ့ရတဲ့ ကွင်းလယ် ကစားသမား ဖာဘင်ဟို ဟာ မနေ့ညက အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ ကွင်းလယ် ဒဏ်ရာ ပြသနာတွေ ဆက်တိုက် ရင်ဆိုင်နေရတဲ့ ကလော့ပ် အတွက် သတင်းကောင်း တခု ဖြစ်ပါတယ်။

ဖာဘင်ဟို ဟာ အေတီကို နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ကီတာ ရဲ့ နေရာကို အစားထိုး ဝင်ရောက် ကစားရင်းကနေ ၊ ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ ကလော့ပ် က သူ့ရဲ့ နေရာကို မေလ်နာ ၊ ကီတာ ၊ ကာတစ် ဂျုံး တို့ကို ဦးစားပေး အသုံးပြုခဲ့သည့်တိုင်အောင် ၊ မေလ်နာ နဲ့ ကီတာ တို့ကလဲ တံကောက်ကြော ဒဏ်ရာ အသီးသီး ထပ်မံ ရရှိသွားတာကြောင့် အခြေအနေတွေ ဆိုးဝါးသွားခဲ့ ပါတယ်။

မေလ်နာ ဟာ ယူနိုက်တက် ကို အနိုင်ရရှိတဲ့ ပွဲစဉ်မှာ တံကြောဒဏ်ရာ အပြင်းအထန် ရရှိသွားတာ ဖြစ်ပြီး လာမယ့် နိုင်ငံတကာ ပွဲစဉ်ကာလ အပြီးရောက်မှသာ ပြန်လည် ကစားပေးနိုင်မှာပါ။

ကီတာ ကလဲ အဲဒီပွဲမှာပဲ ပေါ့ဘာ ရဲ့ ဖျက်ထုတ်ပုံ ကြမ်းတမ်းမှုကြောင့် ခြေကျင်းဝတ် အောက်ပိုင်း နာသွားခဲ့သည့်တိုင်အောင် ရက်ပိုင်း အတွင်း ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် ၊ ဒီတပတ်မှာ ကစားတဲ့ ဘရိုတ်တန် နဲ့ ပွဲမှာတော့ တံကောက်ကြော ဒဏ်ရာ ပြန်လည် ရရှိသွားခဲ့ ပါတယ်။

ဒါကြောင့် ကလော့ပ် ဟာ ချန်ဘာလိန် ၊ ကာတစ် ဂျုံး တို့ကို ကွင်းလယ်မှာ အသင်းခေါင်းဆောင် ဟန်ဒါဆင် နဲ့ တွဲပြီး အသုံးပြုလိုက်ရတာမို့ ၊ အသင်းလိုက် စွမ်းဆောင်ရည်တွေဟာ အရင်ပွဲတွေကနဲ့ လုံး၀ မတူတော့ပါဘူး။ ချန်ဘာလိန် ဟာ ကွင်းလယ်မှာ အံ့ဝင်အောင် လုံး၀ ကစားပြနိုင်ခြင်း မရှိသလို ၊ ကာတစ် ဂျုံး ကလဲ ခံစစ် ဆင်းကူတဲ့ အချိန်တိုင်း အမှားတွေ ဆက်တိုက် လုပ်မိခဲ့တာကြောင့် လီဗာပူးဟာ ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူထားသည့်တိုင်အောင် အိမ်ကွင်းမှာ ချေပဂိုးတွေ ဆက်တိုက် ပြန်ပေးရင်း တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပွဲအပြီး ပရိသတ်တွေ အကြားမှာလဲ ဝိုင်နယ်ဒမ် ရဲ့ နေရာကို အစားထိုးဖို့ ကစားသမားသစ် ထပ်မံ ဝယ်ယူခဲ့ခြင်း မရှိတဲ့ အချက်ကို ပေါ်ပေါ်တင်တင် ထောက်ပြလာခဲ့ကာ ၊ မလိုလားအပ်ပဲ အမှတ်တွေ ဆုံးရှုံးနေရတဲ့ အချက်က ချန်ပီယံ တိုက်ပွဲကို ထိခိုက်သွားနိုင်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

သို့သော် မနေ့ညကတော့ ဒီရာသီမှာ အကောင်းဆုံး ပုံစံတွေ နဲ့ ဆက်တိုက် ကစားပြနိုင်ခဲ့တဲ့ ဖာဘင်ဟို နဲ့ တီယာဂို တို့ နှစ်ယောက် စလုံးဟာ လေ့ကျင့်ရေးကွင်းမှာ အတူတူ ပြန်ဆင်းနိုင်ခဲ့ပါပြီ။

သူတို့ နှစ်ယောက် ဟာ ဒီရာသီမှာ ပိုပြီး အတွဲဖက် မိလာသလို ၊ တီယာဂို ကိုယ်တိုင်လဲ ဖာဘင်ဟို နဲ့ တွဲပြီး ကစားတဲ့ ပွဲတွေမှာ ဆိုရင် တိုက်စစ်လမ်းကြောင်း ပုံဖော်မှုတွေက တော်တော်လေးကို သပ်ရပ်ကောင်းမွန်အောင် လုပ်ပြနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် ကလော့ပ် ရဲ့ ကွင်းလယ် စိတ်ကြိုက် အတွဲဟာ ဟန်ဒါဆင် + တီယာဂို + ဖာဘင်ဟို အတွဲ ဖြစ်တယ်လို့တောင် မှတ်ချက် ပေးခဲ့ကြပါတယ်။

မနက်ဖြန်ညမှာတော့ ချန်ပီယံလိဂ် ပြိုင်ဘက်ဟောင်းကြီး အေတီကို ကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ကာ ၊ ဒီပွဲ အနိုင်ရတာ နဲ့ ရှုံးထွက် အဆင့်ကို အုပ်စု ဗိုလ်နဲ့ တက်ရောက်ဖို့ အတွက် သေချာသွားမှာ ဖြစ်ပါတယ်။

ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ဖာဘင်ဟို နဲ့ တီယာဂို တို့ကတော့ ပါဝင် ကစားပေးနိုင်ချေ ရှိ/မရှိ ကို ဒီညနေမှာ ပြုလုပ်မယ် သတင်းစာ ရှင်းလင်းပွဲရောက်မှ တိတိကျကျ သိရမှာပါ။

ဘရိုတ်တန် နဲ့ ပွဲ မတိုင်မီ သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ်ကတော့ တီယာဂို တောင် ဒီပွဲမှာ ပါဝင်ကစားပေးနိုင်ဖို့ မသေချာသေးဘူးလို့ ကလော့ပ် ကိုယ်တိုင် ပြောဆိုထားခဲ့ဖူးပါတယ်။

SM