လီဗာပူး နဲ့ ပွဲမတိုင်မှီ အူဘာမီယန်း ၊ ပါတေး တို့ရဲ့ကြံ့ခိုင်မှု အခြေအနေကို ပြောပြလိုက်တဲ့ အာတီတာ

လီဗာပူး နဲ့ ပွဲမှာ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ အသင်း ခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း နဲ့ ကွင်းလယ်လူ သောမက်စ်ပါတေးတို့ ပါဝင် ကစားနိုင်/မနိုင် စမ်းသပ် စစ်ဆေး ရဦးမှာ ဖြစ်ကြောင်း အာဆင်နယ် နည်းပြ အာတီတာ က အတည်ပြု ပြောကြား လိုက်ပါတယ် ။

ဂါနာ ကွင်းလယ်လူ သောမက်စ် ပါတေး ဟာ ပေါင်ခြံ ဒဏ်ရာကြောင့် အာဆင်နယ် အသင်း ရဲ့ နောက်ဆုံး ပွဲကို လွဲချော် ခဲ့ရပြီး နိုင်ငံ အသင်းရဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲတွေမှာလည်း ပါဝင် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး ။

အူဘာမီယန်း ကတော့ နိုင်ငံ အသင်း ဖြစ်တဲ့ ဂါဘွန် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တဲ့ ပွဲအပြီးမှာ ခြေသလုံး ဒဏ်ရာ ရရှိ ခဲ့တာ ဖြစ်ပါတယ် ။ အူဘာမီယန်း ဟာ ဒဏ်ရာကြောင့် ဂါဘွန် နဲ့ အီဂျစ် ပွဲကိုတောင် မကစားတော့ဘဲ လန်ဒန် ကို စောစောစီးစီး ပြန်လာ ခဲ့ရပါတယ် ။

မနေ့က အာဆင်နယ် အသင်း website က လီဗာပူး နဲ့ ပွဲကြို ဒဏ်ရာရ/ပွဲပယ် ကစားသမား စာရင်း ထုတ်ပြန်ချက်မှာတော့ ရှာကာ နဲ့ ကိုလာစီနက် က လွဲလို့ ကျန်ကစားသမား အားလုံး ဒဏ်ရာ ကင်းစင်ပြီး ကြံ့ခိုင်မှု ပြည့်ဝ နေတယ်လို့ ဖော်ပြ ခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ လီဗာပူး နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပါတေး နဲ့ အူဘာမီယန်း တို့ နှစ်ဦး ပွဲထွက် ပါဝင် နိုင်မှာလား ဆိုတာ အတည်ပြု ပေးသွားခဲ့ခြင်း မရှိပါဘူး ။

” ပါတေး က နိုင်ငံ လက်ရွေးစင် အသင်းအတွက် ကစား ပေးနိုင်ခဲ့ခြင်း မရှိပါဘူး ။ နိုင်ငံ အသင်းအတွက် ကစားပေးချင်တာကြောင့် သူ ကြိုးစား လေ့ကျင့် ခဲ့ပေမယ့် ပွဲကစားနိုင်လောက်တဲ့ အထိ ကြံ့ခိုင်မှု မပြည့်ဝ ခဲ့ပါဘူး ။ ”

” လီဗာပူး နဲ့ ပွဲမတိုင်မှီ သူ့ရဲ့ ဒဏ်ရာကို စမ်းသပ် စစ်ဆေးမှုတွေ လုပ်ရပါဦးမယ် ။ ဒီနေ့ မတိုင်ခင် အထိ သူ့အနေအထား က ပွဲကစားဖို့ လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်နိုင်ခြင်းတော့ မရှိသေးပါဘူး ။ ”

” အူဘာ အသင်းကို စောပြန်လာတာက ကြိုတင် စီစဉ်ထားတာ မဟုတ်ပါဘူး ၊ သူ့ရဲ့ အခြေအနေကိုလည်း စမ်းသပ်စစ်ဆေး ပြီးမှ ဆုံးဖြတ်ချက် ချသွားမှာပါ ၊ ကျွန်တော်တို့ အသင်းမှာ မတူညီတဲ့ ပွဲတွေ ကစားခဲ့ရပြီး ပြဿနာ အချို့ ရှိလာကြသူတွေ ၊ ဒဏ်ရာ အနည်းငယ် ရလာကြသူတွေ အတော်တော့ များနေပါတယ် ။ ဒါကြောင့် အားလုံးကို စစ်ဆေးကြည့်ပြီးမှပဲ ဆုံးဖြတ်ချက် ချသွားမှာပါ ။” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM