လီဗာပူး ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲက အာဆင်နယ် ကစားသမား တစ်ဦးရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ မိုက်ကယ်အိုဝင်

အင်္ဂလန် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင် ဟာ အန်ဖီးလ်မှာ လီဗာပူး အသင်း ကို ဂိုးပြတ် ရှုံးနိမ့် ခဲ့တဲ့ ပွဲက အာဆင်နယ် အသင်း ဂိုးသမား အာရွန် ရမ်စ်ဒဲလ် ရဲ့ စွမ်းဆောင်ရည် အပေါ် ချီးကျူး သွားခဲ့ပါတယ် ။

 

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရှက်ဖီးယူနိုက်တက် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ရောက်ရှိလာတဲ့ အာရွန် ရမ်စ်ဒဲလ် ဟာ ရောက်ခါစမှာ သူ ဖမ်းခဲ့တဲ့ အသင်းတိုင်း တန်းဆင်းရတယ် ဆိုပြီး ဝေဖန် လှောင်ပြောင်မှုတွေ နဲ့ ရင်ဆိုင် ခဲ့ရသူပါ ။

ဒါပေမယ့်လည်း ရမ်စ်ဒဲလ် ဟာ အာဆင်နယ် အတွက် စတင် ပွဲထွက်ခွင့် ရတဲ့ အချိန်ကတည်းက လက်စွမ်းကောင်းတွေ ပြသပြီး သူ့အပေါ် ဝေဖန်သံတွေ တိတ်ဆိတ်အောင် လုပ်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် အရင်က ပွဲထွက် ဂိုးသမား လီနို တစ်ယောက် အရန်ခုံရောက်သွားရတဲ့ အထိပါပဲ ။

ရမ်စ်ဒဲလ် ဟာ လီဗာပူး နဲ့ ပွဲမတိုင်ခင်ကအထိ ပရီးမီးယားလိဂ် ၈ ပွဲမှာ Clean-sheet ငါးပွဲ အထိ ရထားပြီး ပေးဂိုးကလည်း ၄ ဂိုးသာ ရှိထားသူပါ ။ ဒါပေမယ့် လီဗာပူး နဲ့ ပွဲမှာတော့ ရမ်စ်ဒဲလ် ဟာ သူ့ရဲ့ ဒီရာသီ ပေးဂိုးအရေအတွက်ကို တစ်ပွဲတည်းနဲ့ ခွင့်ပြုပေးခဲ့ရပါတယ် ။

လီဗာပူး အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ပေးဂိုး ၄ ဂိုး အထိ ခွင့်ပြု ခဲ့ရပေမယ့် ဂိုးသမား အာရွန် ရမ်စ်ဒဲလ် ကတော့ ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှုတွေ ပြုလုပ် နိုင်ခဲ့ပါတယ် ။ ရမ်စ်ဒဲလ် အတွက်တော့ လီဗာပူး ကို ရှုံးနိမ့်တာဟာ အာဆင်နယ် ကစားသမားဘဝ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ ရခြင်းလည်း ဖြစ်ပါတယ် ။

လီဗာပူး အသင်းနဲ့ ပွဲမှာ အာဆင်နယ်ဘက်က စွမ်းဆောင်ရည်ကောင်းပြသနိုင်သူ များများစားစား မရှိခဲ့ပေမယ့် မိုက်ကယ်အိုဝင် ကတော့ အာရွန် ရမ်စ်ဒဲလ် ရဲ့ လက်စွမ်းကို Premier League Productions မှာ ချီးကျူး သွားခဲ့ပါတယ် ။

” လီဗာပူး က ပထမပိုင်းမှာ ဂိုးရဖို့ အကြိမ်ကြိမ် ကြိုးပမ်း ကစားခဲ့ပါတယ် ၊ ဒါပေမယ့် အာဆင်နယ် ဂိုးသမားက လေးစားလောက်ဖွယ် လက်စွမ်း ပြသနေခဲ့ပါတယ် ၊ တကယ်ကောင်းတဲ့ ဂိုးပေါက်ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ် ၊ တစ်ချို့ကတော့ သူ ကံကောင်းနေတာလို့ ထင်ကောင်းထင်နိုင်ကြပါတယ် ။ ”

” သူက နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် ဖြစ်တဲ့ လက်စတာ နဲ့ ပွဲမှာလည်း အံ့ဖွယ် ကာကွယ်မှုတွေ လုပ်နိုင်ခဲ့သူပါ ။ လီဗာပူး နဲ့ ပွဲမှာလည်း မာနေး ဂိုးမသွင်းခင် အထိ ထိပ်တန်း ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါသေးတယ် ။ သူက အခုအချိန်မှာ ပုံစံကောင်းရနေတာ အသေအချာပါပဲ ၊ အာဆင်နယ် အသင်းက သူ့ကြောင့် ရလဒ်တွေကောင်းနေတာပါ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

SM