လီဗာပူး ကစားသမား ဘ၀ PL အိမ်ကွင်း ရှုံးပွဲ ဆိုတာ ဘာမှန်း မသိသေးတဲ့ ဗန်ဒိုက်

ဘင်နီတက်ဇ် ထွက်ခွာပြီးချိန်က စလို့ ယာဂန် ကလော့ပ် ရဲ့ အစောပိုင်း နေ့ရက်တွေ အထိ လီဗာပူး ခံစစ် နဲ့ ပတ်သက်လာရင် အိတ်ပေါက်နဲ့ ဖားကောက်နေတဲ့ အသင်းဆိုပြီး အမြဲတမ်းလိုလို သမုတ်ခဲ့ကြပါတယ်။

ဒီကာလ အတွင်းမှာ လီဗာပူးဟာ ခံစစ်မှုးတွေ အမျိုးမျိုး ပြောင်းလဲ သုံးစွဲကြည့်ခဲ့သည့်တိုင်အောင် တည်ငြိမ်တဲ့ အဖြေရလာဒ်မျိုး ထွက်ပေါ်လာခြင်း မရှိခဲ့ပါဘူး။ သို့သော် အဲဒီ ဝေဖန်သံတွေ အားလုံးကို တိတ်ဆိတ်သွားစေခဲ့သူက နယ်သာလန် ခံစစ်မှုးကြီး ဗန်ဒိုက် ဖြစ်ပါတယ်။

2018 ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အသင်းကို ရောက်ရရှိလာပြီးနောက်ပိုင်း ၊ တည်ငြိမ်တဲ့ ခံစစ်ကစားပုံကို ဦးဆောင်ပြခဲ့သလို ၊ သူကိုယ်တိုင်လဲ ဘလွန်းဒီအော် ဆု ဆွတ်ခူးနိုင်လောက်တဲ့ အထိ ကောင်းမွန်လွန်းတဲ့ စွမ်းဆောင်ရည်တွေ ဆက်တိုက် ပြသနိုင်ခဲ့ပါတယ်။

အထူးခြားဆုံး မှတ်တမ်းက ဗန်ဒိုက် ဟာ လီဗာပူး ကစားသမား ဘဝမှာ အခုချိန်ထိ ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲ လုံး၀ မကြုံတွေ့ဖူးသေးတဲ့တာပါ။

သူဟာ အန်ဖီးလ် ကွင်းကြီးထဲမှာ စုစုပေါင်း ပရီးမီးယားလိဂ် ပွဲ 54 ပွဲ အထိ ကစားပေးခဲ့ပြီး ၊ အဲဒီ ထဲမှာ 46 ပွဲ အနိုင်ရရှိအောင် ကူညီ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

သူပါ ဝင်ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်တွေ ကို ကြည့်လိုက်မယ် ဆိုရင် အာဆင်နယ် နဲ့ 4 ပွဲ ၊ မန်စီးတီး ချဲဆီး စပါး အသင်းတွေ နဲ့ 3 ပွဲ ဖြစ်ပြီး ၊ ယူနိုက်တက် နဲ့ 2 ပွဲ အထိ ပါဝင်ထားပါတယ်။ အဲဒီလို အသင်းကြီးတွေ နဲ့ ကစားတဲ့ ပွဲမျိုးတွေမှာတောင် ရလာဒ်ကောင်းတွေ ရအောင် စွမ်းဆောင်ပေးထားနိုင်တာတော့ ပရီးမီးယားလိဂ် ကစားသမားတွေထဲက ထူးခြားတဲ့ စွမ်းဆောင်ရည်မျိုးလို့ မှတ်ချက်ပေးရမှာပါ။

အဆိုပါ 54 ပွဲမှာ လီဗာပူး နောက်တန်း က ပြန်ပေး လိုက်ရတဲ့ စုစုပေါင်း ပေးဂိုး ပမာဏ က 38 ဂိုးပဲ ရှိပါတယ်။ အချိုးကျ တွက်ကြည့်လိုက်မယ် ဆိုရင် တစ်ပွဲ ပျမ်းမျှ ပြန်ပေးရတဲ့ ဂိုးနှုန်းက 0.7 သာ ရှိပြီး ၊ Clean Sheet ရယူနိုင်ခဲ့တဲ့ ပွဲပေါင်း 26 ပွဲ အထိ ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ က ဆိုရင် အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ် ရဲ့ အဝင်ကြမ်းမှုကြောင့် ဗန်ဒိုက် ဟာ ကာလရှည် အနားယူခဲ့ရပြီး လီဗာပူး ရဲ့ အိမ်ကွင်း ပွဲစဉ်ပေါင်း 17 ပွဲ အထိ လွဲချော်ခဲ့ရပါတယ်။ သူပါဝင် ကစားပေးနိုင်ခြင်း မရှိခဲ့တဲ့ 17 ပွဲမှာ ရှုံးပွဲပေါင်း 6 ပွဲ အထိ ကြုံခဲ့ရတာမို့ ၊ သူ့ရဲ့ အရေးပါမှုတွေ က သိသာ ထင်ရှားလွန်းနေပါတယ်။

ရက်အားဖြင့် တွက်ကြည့်လိုက်မယ် ဆိုရင် ဗန်ဒိုက် ဟာ အိမ်ကွင်းမှာ ရှုံးပွဲ မရှိတာ 1392 ရက် အထိ ရှိလာခဲ့ပြပါပြီ။

ဒီရာသီ အစောပိုင်း ပွဲစဉ်တွေ မှာ တုန်းကတော့ သူ့ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ပရိသတ် တချို့က သံသယ ရှိခဲ့ပေမယ့် ၊ လက်ရှိမှာတော့ အရင်လို ပုံစံကောင်းတွေ ပြန်လည် ရရှိနေပြီ ဖြစ်တဲ့ အပြင် နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း 3 ပွဲ ဆက်တိုက် ပေးဂိုး လုံး၀ မရှိအောင် ကစားပြထားပါတယ်။

လီဗာပူး ဟာ နိုင်ငံတကာ ပွဲစဉ် ကာလအပြီး ကစားခဲ့တဲ့ 3 ပွဲမှာ စုစုပေါင်း 10 ဂိုး အထိ သွင်းယူကာ ပေးဂိုး က လုံး၀ ကို မရှိတာပါ။

ဗန်ဒိုက် ကတော့ Clean Sheet ပွဲစဉ်တွေ ဆက်တိုက် ရယူနိုင်အောင် ကူညီပေးနေတဲ့ အပြင် ၊ မနေ့ညက ပွဲမှာ သူ့ရဲ့ ဒီရာသီ ပထမဆုံး သွင်းဂိုးကိုပါ ရယူပြသွားခဲ့ ပါတယ်။

ချန်ပီယံ ဆု တိုက်ပွဲ လမ်းကြောင်းပေါ် ဆက်လက် ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့ လီဗာပူး အတွက်တော့ ပုံစံကောင်းတွေ ပြန်လည် ရရှိနေတဲ့ ဗန်ဒိုက် ရဲ့ ခြေစွမ်းတွေက အားကိုးချင်စရာ ကောင်းလွန်းလှပါတယ်။

SPORTS MYANMAR