လီဗာပူးရဲ့ မာကျောကျစ်လစ်မှုကို ပျောက်ဆုံးစေခဲ့တဲ့ weak link ကစားသမား ၂ ဦးကို ပြောပြလိုက်တဲ့ ကတ်ကာရီနို

လီဗာပူးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လန်ဒန်စတေဒီယမ်မှာ ပုံစံကောင်း ရနေတဲ့ ၀က်ဟမ်းကို ၃-၂ နဲ့ ရှုံးကာ ဒီရာသီရဲ့ ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ၀က်ဟမ်းဟာ လီဗာပူးရဲ့ ခံစစ် ကစားပုံ အားနည်းမှုကို အခွင့်ကောင်း ရယူကာ အလီဆွန် (og) ၊ ပါဘလိုဖော်နယ် ၊ ကတ်ဇူးမား တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ယူခဲ့ပြီး လီဗာပူးကို အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို လျှောကျစေခဲ့ပါတယ်။

ဒါဟာ ဒီရာသီမှာ လီဗာပူး အသင်းရဲ့ ပထမဦးဆုံး ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ဖြစ်နေပေမယ့်လည်း ကလော့ရဲ့ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ နိုင်ပွဲ ၆ ပွဲသာ ရခဲ့ပြီး ခံစစ်ပိုင်းက ပေးဂိုးတွေ များနေတာကလည်း စိုးရိမ်စရာ ဖြစ်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့နှစ်တွေကနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် မာကျောမှု လျော့ကျသွားခဲ့တာကို မြင်တွေ့ရမှာ ဖြစ်ပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ ၂ ဂိုး or ၂ ဂိုး အထက် ပေးခဲ့ရတဲ့ ပွဲစဉ် ၆ ပွဲထိ ရှိနေခဲ့ပါတယ်။

တိုနီကတ်ကာရီနို ကတော့ ယာဂန်ကလော့ရဲ့ အသင်းမှာ တီယာဂိုအယ်ကန်တာရာ နဲ့ အဲလက်အောက်စလိတ်ချိန်ဘာလိန် တို့လို weak link တွေ ရှိနေတာကြောင့် လီဗာပူးဟာ အရင်ကလောက် မာကျောကျစ်လစ်မှု မရှိတော့တာ ဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

ကတ်ကာရီနိုက “လီဗာပူးတို့ အရင်တုန်းကလောက် မာကျော ကျစ်လစ်မှု မရှိတော့တဲ့ အဓိက အကြောင်းရင်း ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိမှာ သူတို့ရဲ့ ကွင်းလယ်ပိုင်းဟာ မာကျောမှု မရှိဘဲ ပျော့ပြောင်းနေလို့ ဖြစ်ပါတယ်။ လီဗာပူးရဲ့ ကွင်းလယ် ကစားသမား ၃ ဦးဟာ အရင်တုန်းက ပြင်းထန်တဲ့ လုပ်အားတွေနဲ့ အတူ နေရာလွတ်တွေ အားလုံးကို လိုက်လံ ပိတ်ဆို့ကာ ပြိုင်ဘက် ကစားသမားတွေ ဘောလုံးကို တည်ကစားခွင့် မရအောင် press လုပ်ပြီး နောက်တန်းဆီကို ဘောလုံး ရောက်မလာအောင် လုပ်ခဲ့ပါတယ်။

အခုဆိုရင် လီဗာပူးရဲ့ ကွင်းလယ်ဟာ ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှုတွေ ခံစစ်ကို ရောက်မလာအောင် ထိန်းချုပ်နိုင်စွမ်း မရှိ ဖြစ်နေပြီး ဗဟို ခံစစ်မှုးတွေဟာ expose ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ လီဗာပူးတို့ အကြီးအကြယ် လွမ်းနေရတဲ့ ကစားသမား ကတော့ ဂျီနီဝုိင်နယ်ဒန်ပဲ ဖြစ်ပါတယ်။ သူ ပီအက်ဂျီကို ထွက်ခွာ သွားခဲ့တဲ့ အချိန်မှာ လီဗာပူး ကွင်းလယ်မှာ ကြီးမားတဲ့ ဟာကွက် ကျန်နေခဲ့ပါတယ်။

အောက်စလိတ်ချိန်ဘာလိန် နဲ့ တီယာဂို တို့ဟာ ဝုိင်နယ်ဒန် လိုမျိုး ကစားပေးနိုင်စွမ်း မရှိကြပါဘူး။ အထူးသဖြင့် ၀က်ဟမ်းရဲ့ ကွင်းလယ်က ဒန်ကလန်ရိုက်စ် နဲ့ သောမတ်ဆုချက် တို့လို ကြံ့ခိုင်မှု အားကောင်းလှတဲ့ ကွင်းလယ်လူတွေနဲ့ ယှဉ်ကစားရတဲ့ အချိန်မှာပါ။ ဖာဘင်ညိုဟာ ကွင်းလယ်ခံစစ် ကနေ ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံး တားဆီးနိုင်သူ ဖြစ်ပေမယ့်လည်း သူဟာ လက်ရှိမှာ ၁၀၀% fit ဖြစ်နေပုံ မရပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ကလော့ဟာ ဟာဗေးအယ်လီယော့လို လူငယ်ကြယ်ပွင့်ကို ပိုင်ဆိုင်ထားခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေရာသီက ဝုိင်နယ်ဒန်ရဲ့ နေရာကို ပြန်လည် အစားထိုးသွားရန် ဆန္ဒ မရှိခဲ့တာ ဖြစ်ပါတယ်။ အယ်လီယော့ဟာ ဒီရာသီ အစမှာ ကောင်းကောင်း ကစားပြခဲ့ပေမယ့်လည်း လိဒ်နဲ့ ပွဲစဉ်မှာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့ပြီး ကာလရှည် အနားယူခဲ့ရသလို တီယာဂို ဖာဘင်ညို ကီတာ မီနာ ဂျုံး တို့ကလည်း ဒဏ်ရာပြသနာတွေ ရရှိခဲ့တာကြောင့် လီဗာပူးရဲ့ ကွင်းလယ်ဟာ light ဖြစ်နေခဲ့ပါတယ်။

လီဗာပူးဟာ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာတော့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အာဆင်နယ်ကို အန်ဖီးမှာ လက်ခံ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

SM