လီဗာပူးတို့ ဟာလန်းကို ခေါ်ယူနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကို ပြောပြလိုက်တဲ့ ရီဆား

ဂျွန်အာနီရီဆားက လီဗာပူး အသင်း အနေနဲ့ ဘိုရပ်ရှားဒေ့ါမွန် စတား အာလင်ဟာလန်းကို ခေါ်ယူနိုင်ဖို့ အတွက် ရုန်းကန် ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဟာလန်းဟာ လွန်ခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီက ဒေ့ါမွန်ကို ရောက်ရှိလာခဲ့ပြီး နောက်ပိုင်း ဘွန်ဒက်လီဂါမှာ ဂိုးတွေ များစွာ သွင်းယူကာ ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်ပါတယ်။

ဒ့ါကြောင့်လည်း လာမည့် နွေရာသီမှာ စာချုပ် ဖျက်သိမ်းကြေး ယူရို ၇၅ သန်းနဲ့ ခေါ်ယူလို့ ရနိုင်မယ့် ဟာလန်းကို ဥရောပ ထိပ်တန်း အသင်းကြီးတွေက ချိတ်ဆက်လျက် ရှိနေကြပါတယ်။ ဒီအသင်းတွေ ထဲမှာ လီဗာပူး ကလည်း အပါအ၀င် ဖြစ်နေပေမယ့် the Reds ဘယ်နောက်ခံလူဟောင်းက ပရီးမီးယားလိဂ်မှာ နော်ဝေး တိုက်စစ်မှုးကို မန်စီးတီး နဲ့ ချဲလ်ဆီး တို့သာ ခေါ်ယူဖို့ တက်နိုင်တယ်လို့ ယုံကြည် နေပါတယ်။

ရီဆားက “ပရီးမီးယားလိဂ်မှာ ဟာလန်းကို ခေါ်ယူဖို့ တက်နိုင်တဲ့ အသင်း ဆိုလို့ မန်ချက်စတာစီးတီး နဲ့ ချဲလ်ဆီး တို့ပဲ ရှိနေတယ်လို့ ကျွန်တော် မြင်မိပါတယ်။ ဒါပေမယ့် မေးခွန်းထုတ်စရာ ရှိတာကတော့ လစာကောင်းကောင်း ရဖို့ဟာ ဟာလန်း အတွက် အရေးပါလား? သူဟာ ဘယ်လိုပဲ ဖြစ်ဖြစ် လစာ အမြောက်အမြား ရရှိမယ့် သူပါ။

လီဗာပူးကို သူ ရောက်လာနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေး ကတော့ သူ့ဘက်က လစာ လျှော့ချပေးဖို့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အေးဂျင့်ကို ပေးချေရမယ့် ငွေကြေး ၊ လုပ်ခလစာ နဲ့ အခြား ကိန်းဂဏန်းတွေ အရ ပရီးမီးယားလိဂ်မှာ ဟာလန်းကို ခေါ်ယူဖို့ တက်နိုင်တဲ့ အသင်းဟာ စီးတီး နဲ့ ချဲလ်ဆီးပဲ ရှိနေပါတယ်။” လို့ ဆိုသွားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ လီဗာပူးဟာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစား သွားဖွယ် ရှိနေတယ်လို့ သိရပေမယ့် အန်ဖီးကလပ် အနေနဲ့ နော်ဝေးစတား ခေါ်ယူနိုင်ဖို့ အတွက် ဘာစီလိုနာ ပီအက်ဂျီ ရီးရဲယ်မက်ဒရစ် မန်စီးတီး ချဲလ်ဆီး ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေနဲ့ အပြိုင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒေါ့မွန် အသင်းဘက်ကတော့ သူတို့ အနေနဲ့ ဟာလန်းကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ရုန်းကန် ရလိမ့်မယ်လို့ သဘောပေါက်ထားပါတယ်။

လီဗာပူး ကွင်းလယ်လူဟောင်း ဖြစ်သူ စတီဗီမက်မာနာမန် ကတော့ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ဟာလန်းကို ခေါ်ယူဖို့ အတွက် လုံလောက်တဲ့ ငွေကြေး ရှိနေမယ် ဆိုရင် သက်သေ မပြရသေးတဲ့ လူငယ် ကစားသမားကို ခေါ်ယူတာထက် နော်ဝေးစတားကို ခေါ်ယူသင့်တယ်လို့ ဆိုလိုက်ပါတယ်။

မက်မာနာမန်က “အကယ်၍ လီဗာပူး အနေနဲ့ လုံလောက်တဲ့ ငွေကြေး ရှိနေမယ် ဆိုရင် ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားတာ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ထိပ်တန်း အဆင့်မှာ သက်သေပြထားပြီး ဖြစ်တဲ့ အပြင် လာမည့်နှစ်ပေါင်းများစွာ အသုံးပြု နိုင်မယ့် သူပါ။ တစ်ချို့ လူငယ် ကစားသမားတွေဟာ ကာလတိုလောက် ကောင်းကောင်း ကစားနိုင်ခဲ့ပြီးနောက် ရုတ်တရက် ဆိုသလို ပေါင်သန်း ၅၀ လောက် တန်ကြေး ဖြစ်သွားခဲ့ပါတယ်။ ရောင်းချမယ့် ကလပ်ဟာ သူတို့ ကစားသမား အတွက် တက်နိုင်သမျှ ငွေကြေး အများဆုံး ရဖို့ ကြိုးစား သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM