လီဗာပူးကို ပြောင်းရွေ့ချင်တယ်လို့ ၀န်ခံလိုက်တဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှုး

ဘရန့်ဖို့ဒ် တိုက်စစ်မှုး ဖြစ်သူ အိုင်ဗန်တိုနီက သူ့အနေနဲ့ လီဗာပူးကို squad player တစ်ဦး အနေနဲ့ ဆိုရင်တောင် ပြောင်းရွေ့ချင်တယ်လို့ ၀န်ခံလိုက်ပြီး အဲဒီနောက် ယာဂန်ကလော့ရဲ့ လက်အောက် အန်ဖီးမှာ အဓိက ကစားသမား ဖြစ်အောင် လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

လီဗာပူး ပရိတ်သတ် တစ်ဦး ဖြစ်တယ်လို့ ၀န်ခံထားခဲ့တဲ့ တိုနီက အခြား ပရီးမီးယားလိဂ် ကလပ် တစ်ခုကို အဓိက ကစားသမား တစ်ဦး အဖြစ် ပြောင်းရွေ့တာထက် စာရင် လီဗာပူးကိုသာ အရန် ကစားသမား တစ်ဦး အဖြစ် ပိုမို ပြောင်းရွေ့ဖို့ ဆန္ဒ ရှိတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုနီက သူဟာ လီဗာပူးမှာ ပွဲထွက် ကစားသမား နေရာကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။

လီဗာပူးကို အရန် ကစားသမား တစ်ဦး အဖြစ် ပြောင်းရွေ့ချင်သလား ဒါမှမဟုတ် လိဒ်ယူနိုက်တက်ကို အဓိက ကစားသမား အဖြစ် ပြောင်းချင်သလား ဆိုတဲ့ မေးခွန်းကို တိုနီက “ကျွန်တော် လီဗာပူး ကိုပဲ သွားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ကျွန်တော် အဲဒီမှာ အဓိက ကစားသမား ဖြစ်လာအောင် လုပ်ဆောင်သွားပါမယ်။ ကျွန်တော်ဟာ လီဗာပူးကို အားပေးတဲ့ ပရိတ်သတ် ဖြစ်ပါတယ်။ အကယ်၍ သူတို့သာ ကျွန်တော့်ကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ် ဆိုရင် ဘယ်သူ သိနိုင်မှာလဲ? ဘယ်သူ သိနိုင်မှာလဲ။” လို့ ဖြေကြား လိုက်ပါတယ်။

တိုနီဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တာထွက် ကောင်းနေခဲ့ပြီး တွဲဖက် တိုက်စစ်မှုး ဗွေမိုနဲ့ အတွဲညီညီ ခြေစွမ်းပြလျက် ရှိနေကာ လိဂ်ပြိုင်ပွဲမှာ ၂ ဂိုး ကာရာဘောင်ဖလားမှာ ၁ ဂိုး သွင်းထားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ဟာ နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲ ကြုံခဲ့ရပေမယ့်လည်း တိုနီဟာ လီဗာပူးနဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဗန်ဒိုက် မာတစ် တို့ ဦးဆောင်တဲ့ ခံစစ်ကို ပြသနာတွေ များစွာ ပေးစွမ်းနိုင်ခဲ့ပါတယ်။

တိုနီဟာ အဆိုပါ ပွဲစဉ်မှာ သွင်းဂိုး ရယူနိုင်ရန် အတော်လေး နီးစပ်ခဲ့ပေမယ့် အလီဆွန်ကို ကျော်ဖြတ်ကာ သွင်းယူခဲ့တဲ့ ၎င်းရဲ့ အဆုံးသတ်ဟာ လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။ အဆိုပါ ပွဲစဉ် အပြီးမှာ ကလော့က တိုနီဟာ ဘရန့်ဖို့ဒ်တို့ နောက်ထပ် မွေးထုတ်လိုက်တဲ့ အရည်အသွေးမြင့် ကစားသမား တစ်ဦး ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။

ကလော့က “အိုလီ၀က်ကင်း ပြီးနောက် သူတို့ဟာ မနှစ်က နောက်ထပ် ထိပ်တန်း တိုက်စစ်မှုး တစ်ဦးကို ရှာတွေ့ခဲ့ပါတယ်။ အိုင်ဗန်တိုနီ လို့ ခေါ်တဲ့ နောက်ထပ် တစ်ယောက်ပေါ့။ သူသာ စျေးကွက်ထဲမှာ ရှိနေခဲ့မယ် ဆိုရင် ပရီးမီးယားလိဂ် ကလပ် ဘယ်လောက်များများ သူ့ကို လိုက်ကြမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဘရန့်ဖို့ဒ်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။

SM