လီဗာပူးကို ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာစေခဲ့တဲ့ မှားယွင်းတဲ့ ကစားသမား ခေါ်ယူမှု ၃ ခုကို ပြောပြလိုက်တဲ့ ကာရေဂါ

လီဗာပူး နောက်ခံလူဟောင်း ဂျေမီကာရေဂါက လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ် နွေရာသီက လီဗာပူးသာ မှားယွင်းတဲ့ အပြောင်းအရွေ့ ၃ ခုကို မပြုလုပ်ခဲ့ဘူးဆိုရင် သူ့အနေနဲ့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး နိုင်လောက်တယ်လို့ ယုံကြည်နေပါတယ်။ ကစားသမား ဘ၀ တစ်လျှောက်လုံး လီဗာပူးမှာ ကစားခဲ့ကာ ၂၀၁၃ ခုနှစ်က ကစားသမား ဘ၀ကနေ အနားယူခဲ့တဲ့ ကာရေဂါဟာ လီဗာပူးမှာ ပရီးမီးယားလိဂ်ဖလားက လွဲပြီး ကျန်တဲ့ ဆုဖလားတွေ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ကာရေဂါ ကစားနေစဉ် လီဗာပူးဟာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ရန် အကြိမ်ကြိမ် နီးစပ် ခဲ့ပေမယ့်လည်း အမြင့်ဆုံး ဒုတိယနေရာနဲ့သာ ကျေနပ် ခဲ့ရပါတယ်။ ကာရေဂါက ပိုမို ကောင်းမွန်တဲ့ ကစားသမား အင်အား ဖြည့်တင်းမှုတွေ လုပ်နိုင်ခဲ့မယ် ဆိုရင် သူတို့ဟာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်လောက်တယ်လို့ ၀န်ခံသွား ပါတယ်။

ကာရေဂါက “ကျွန်တော် လီဗာပူး အသင်းမှာ ကစားခဲ့စဉ် ပရီးမီးယားလိဂ် ဖလားကို မဆွတ်ခူးနိုင်ခဲ့တာက ကြီးမားတဲ့ ပြောစရာ တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကစားခဲ့စဉ်က မန်နေဂျာတွေရဲ့ ကစားသမား ခေါ်ယူမှုတွေဟာ လီဗာပူးကို နောက်ဆုံး line ကို ကျော်ဖြတ်နိုင်အောင် အလုပ် မဖြစ်စေခဲ့ဘူးလို့ ထင်ပါတယ်။

ဂျာရတ်ဟူလီယေး နဲ့ ရာဖေးဘင်နီတက်ဇ် တို့ရဲ့ လက်အောက်မှာ ကျွန်တော်တို့ဟာ အမှတ်ပေးဖလား နဲ့ တအားကို နီးစပ် ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် မှန်ကန်တဲ့ ကစားသမား အားဖြည့်မှု ၁ ခု ၂ ခုပဲ လိုအပ်တော့တာပါ။ ဒါပေမယ့် သူတို့ရဲ့ ကစားသမား ခေါ်ယူမှုတွေဟာ လုံး၀ကို အလုပ် မဖြစ်ခဲ့ပါဘူး။

လီဗာပူးမှာ ဗာဂျယ်ဗန်ဒိုက် အလီဆွန် ဒါမှမဟုတ် ဆာလား တို့ရဲ့ သက်ရောက်မှုကို ကျွန်တော် အမြဲ တွေးဖြစ်ခဲ့ပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ ဆုဖလားတွေနဲ့ အရမ်း နီးစပ်ခဲ့ပါတယ်။ သူတို့ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့တဲ့ အပြင် ပရီးမီးယားလိဂ် title race မှာ မန်စီးတီးနဲ့ နောက်ဆုံးပွဲစဉ်ထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးစည်းကို ကျော်ဖြတ်နိုင်ဖို့ အတွက် သူဟာ ဒီလို ကစားသမား ခေါ်ယူမှုတွေ လိုအပ်ခဲ့ပါတယ်။ သူတို့ဟာ အသင်း အတွက် အရမ်း အလုပ် ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ၂၀၀၁-၀၂ ဘောလုံးရာသီက ဒုတိယနေရာ ရခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး နွေရာသီမှာ ကျွန်တော်တို့ဟာ ကစားသမား ၃ ဦး ၀ယ်ယူခဲ့ပါတယ်။ အယ်ဟာဂျီဒီအော့ဖ် ၊ ဆာလစ်ဒိုင်အို နဲ့ ဘရူနိုချေရူး တို့ ဖြစ်ကြပါတယ်။ အကုန်လုံးဟာ မှားယွင်းတဲ့ ခေါ်ယူမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီအသင်းဟာ အလုပ် မဖြစ်ခဲ့ဘဲ နောက်ကို ပြန်ဆွဲ သွားခဲ့ပါတယ်။

ရောက်လာခဲ့တဲ့ ကစားသမားတွေကို လက်ညှိးထိုး အပြစ်တင်တာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အသင်းမှာ ရှိနေပြီးသား ကစားသမားတွေ ကလည်း ကောင်းကောင်း လုပ်ပြဖို့ လိုအပ်ခဲ့လို့ပါ။ ဒါပေမယ့် ကျွန်တော့် အတွေးကတော့ ‘အကယ်၍ ဒီကစားသမား ခေါ်ယူမှုတွေသာ အလုပ် ဖြစ်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ ခြားနားချက် ဖြစ်သွားနိုင်သလား?’ လို့ပါ။ ကျွန်တော် ကတော့ မှားယွင်းတဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ခဲ့လို့ ကျွန်တော်တို့ ကျရှုံးခဲ့တယ်လို့ ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ကာရေဂါဟာ လီဗာပူး အတွ့် ၇၃၇ ပွဲ ကစားပေးခဲ့သူ ဖြစ်ပြီး အက်ဖ်အေဖလား ချန်ပီယံလိဂ်ဖလား လိဂ်ဖလား ယူအီးအက်ဖ်အေစူပါဖလား ယူအီးအက်ဖ်အေဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ဒုတိယနေရာတွေပဲ ရခဲ့ပါတယ်။ ဒါပေမယ့် ယာဂန်ကလော့ရဲ့ အသင်းဟာ ကာရေဂါ အနားယူပြီး ၇ နှစ် အကြာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

SM