လီဗာပူးကနေ ဆာလား ထွက်ခွာခဲ့ပါက ဘယ်ကလပ်ကို ပြောင်းစေချင်သလဲဆိုတာ ပြောပြလိုက်တဲ့ ဒရော့ဘာ


ဒီဒီယာဒရော့ဘာက မိုဟာမက်ဆာလား အနေနဲ့ လီဗာပူး နဲ့ စာချုပ်သစ် မချုပ်ဆို ဖြစ်ပါက အသင်းဟောင်း ချဲလ်ဆီးကို ပြန်လည် ပြောင်းရွေ့သင့်တယ်လို့ ဆိုလိုက်ပါတယ်။ ဆာလားဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ၂ နှစ်လောက်သာ ကျန်တော့ပြီး လက်ရှိ အချိန်ထိ ကလပ်နဲ့ ကစားသမားကြား စာချုပ်သစ် အတွက် သဘောတူညီမှု မရသေးပါဘူး။

လီဗာပူး အနေနဲ့ ဆာလားကို စာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှု မရခဲ့ပါက အီဂျစ်စတားကို နွေရာသီမှာ ရောင်းချသွားမလား ဒါမှမဟုတ် စာချုပ်ကုန်ဆုံးတဲ့ အချိန်ထိ အသင်းမှာ ကစားစေပြီး free လက်လွှတ်သွားမလား ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ မကြာသေးမီက ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် ကလော့ရဲ့ အမွမ်းတင်ခြင်းကို ခံထားရတဲ့ ဆာလားကို အသင်းက ဆက်ထိန်းထားလို နေပေမယ့် ကစားသမားဘက်က တောင်းဆိုထားမှုကို ကလပ်ဘက်က မလိုက်လျောနိုင်တာကြောင့် လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်ပါတယ်။

ချဲလ်ဆီး ဂန္တဝင် ဒရော့ဘာကို ဆာလားရဲ့ အပြောင်းအရွေ့ ပုံပြင်နဲ့ ပက်သက်ပြီး မေးမြန်းခဲ့ရာမှာ ၎င်းက သူ့အနေနဲ့ အီဂျစ်စတားကို အသင်းဟောင်း ချဲလ်ဆီးထံ ပြန်လည် ပြောင်းရွေ့စေချင်တယ်လို့ ပြောလိုက်ပါတယ်။

ဒရော့ဘာက “အကယ်၍ ကျွန်တော် တစ်ကိုယ်ကောင်းဆန်ဆန် ပြောသွားရမယ် ဆိုရင် ဆာလားကို လီဗာပူး ကနေ ထွက်ခွာပြီး ချဲလ်ဆီးကို ပြန်ဖို့ ပြောသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်အရ ကတော့ ဆာလားဟာ လီဗာပူးမှာ ဆက်ကစားသည်ပဲ ဖြစ်စေ ဒါမှမဟုတ် အသင်းတစ်ခုခုကို ပြောင်းရွေ့ခဲ့သည် ဖြစ်စေ သူဟာ အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် ရှိနေအုံးမှာပါ။

အသင်းတစ်သင်းကို သူ ပြောင်းရွေ့ခဲ့မယ်ဆိုရင် အဲဒီအသင်းရဲ့ စွမ်းဆောင်ရည်ဟာ ပိုပြီး ကောင်းလာမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ကိုယ်ဘာလုပ်နေသလဲ ဆိုတာ ကောင်းကောင်း နားလည်သူ ဖြစ်ပြီး ဆာလားဟာ ဂိုးသွင်းကောင်းသလို ဂိုးဖန်တီးမှုတွေလည်း လုပ်ပေးနိုင်ပြီး သူ့ကို ယုံကြည်မှု ပေးနိုင်တဲ့ နည်းပြပဲ လိုအပ်ပါတယ်။

လက်ရှိမှာ လီဗာပူး နဲ့ သူ့ရဲ့ စာချုပ်သစ် အခြေအနေကို ကျွန်တော် စောင့်ကြည့် နေပါတယ်။ အနာဂတ်နဲ့ ပက်သက်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက် ဘယ်လို ဖြစ်လာမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါဟာ သူ့ရဲ့ ဆုံးဖြတ်ချက် သက်သက်ပါ။ သူ့ရဲ့ အနာဂတ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ လီဗာပူးမှာ ဆက်နေသည် ဖြစ်စေ တစ်သင်းသင်းကို သွားသည် ဖြစ်စေ ကျွန်တော်ဟာ သူ့ရဲ့ ပရိတ်သတ်တွေထဲက တစ်ဦး အဖြစ် ဆက်ရှိနေမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဆာလားဟာ ပြီးခဲ့တဲ့ ကြားရက်က ပေါ်တိုကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဂိုးအပါအဝင် ဒီရာသီမှာ လီဗာပူး အတွက် ၁၇ ပွဲကစား ၁၇ ဂိုး သွင်းယူထားခဲ့ပြီး ဖြစ်ကာ အကောင်းဆုံး ပုံစံ ရရှိနေပါတယ်။ မကြာသေးမီက ဆာလားရဲ့ စာချုပ်သစ် ကိစ္စ နှောင့်နှေးနေမှုနဲ့ ပက်သက်ပြီး မေးမြန်းရာမှာ ကလော့က သူဟာ ဒီကိစ္စမှာ ပါဝင်ပက်သက်ခြင်း မရှိဘူးလို့ ရှင်းပြခဲ့ပါတယ်။

ကလော့က “ကျွန်တော် ကစားသမားတွေနဲ့ အမြဲ စကားပြောဖြစ်ပါတယ်။ ဒါပေမယ့် စာချုပ်ကိစ္စနဲ့ ပက်သက်ပြီး ကစားသမားနဲ့ စကားပြောရတာ မန်နေဂျာ အတွက် သိပ်ပြီး အဆင်မပြေပါဘူး။ ကြားခံလူ လိုအပ်ပါတယ်။ ကစားသမား အတွက် ဒါဟာ အေးဂျင့် ဖြစ်ပြီး ကလပ် အတွက်ကတော့ အားကစား ဒါရိုက်တာ ဖြစ်ပါတယ်။

ကစားသမား တစ်ဦးဟာ အသင်း အတွက် အရမ်းကို အရေးပါတယ်ပဲ ထားပါတော့။ ကိုယ်က ‘မင်းကို ဒီလို ဒီလို ကမ်းလှမ်းတယ်ကွာ’ ဆိုပြီး ပြောတဲ့အခါမှာ သူ့ဘက်က ဒီကမ်းလှမ်းမှုကို မနှစ်သက်ဘဲ ‘ကျွန်တော် ဒီထက် ပိုပြီး ထိုက်တန်တယ်လို့ ထင်တယ်’ လို့ ပြောတယ် ဆိုပါဆို့။ ဒီလိုမျိုး ပြောဆို ဆွေးနွေးတာတွေဟာ ဘောလုံးနဲ့ ပက်သက်ပြီး တာဝန်ရှိတဲ့ မန်နေဂျာ အတွက် မဖြစ်သင့်ပါဘူး။” လို့ ဆိုသွားပါတယ်။

SM