‘ လိုချင်တဲ့ လစာ ပမာဏကိုသာ ပေးလိုက်ပါ ‘ – စတား တဦးကို မဖြစ်မနေ စာချုပ်ချုပ်ဖို့ ချဲလ်ဆီးထံ တိုက်တွန်းရင်း ၊ ၄င်းကို အာဆင်နယ် ဂန္တဝင် တဦးနဲ့ ခိုင်းနှိုင်းလိုက်တဲ့ ပီတစ်

ချဲလ်ဆီး အသင်း ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်ကပဲ အကယ်ဒမီထွက် လူငယ် ခံစစ်မှူး ထရက်ဗာ ချာလိုဘာ ကို ၄နှစ်ခွဲ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီးတဲ့နောက် ၊ အခြား စီနီယာ နောက်ခံလူတွေကို ဆက်တိုက် သက်တမ်း ထပ်တိုးနိုင်ဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေပါတယ် ။

အန်တိုနီယို ရူဒီဂါ ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ သီယာဂို ဆေးလ်ဗား ၊ ဆီဆာ အက်ဇ်ပီလီကွီတာ တို့ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ အသင်းနဲ့ စာချုပ် သက်တမ်း ပြည့်မြောက်တော့မှာ ဖြစ်လို့ ၊ ကလပ်ဖက်က ၄င်းတို့ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ် ။

အသက် ၂၈နှစ် အရွယ် ၊ ဂျာမန် လက်ရွေးစင် ခံစစ်မှူး ရူဒီဂါ ဆိုရင် ထိုနောက်ခံလူတွေ အနက် အသင်းနဲ့ စာချုပ်သစ် အစောဆုံး ဆွေးနွေးနေသူ ဖြစ်ပေမယ့် ၊ အခုအချိန် အထိ ၄င်းကို သက်တမ်းတိုးနိုင်ဖို့ သဘောတူညီမှု မရသေးပါဘူး ။

သို့ပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ စာချုပ်သစ် ကိစ္စ အတွက် စိတ်မပူဖို့ကို ပရိသတ်တွေထံ မက်ဆေ့ခ်ျ ပေးထားပါတယ် ။ တဖက်မှာ ၄င်းဟာ ဘိုင်ယန်မြူးနစ် ၊ ပီအက်စ်ဂျီ ၊ ရီးရဲလ်မက်ဒရစ် အစရှိတဲ့ ဥရောပ အင်အားကြီး အသင်းတွေရဲ့ အာရုံစိုက်မှုကို ရနေတာကြောင့် ၊ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ကို အချိန်ဆွဲနေတဲ့ပုံလည်း ပေါ်ပါတယ် ။

လောလောဆယ်မှာ ရူဒီဂါ ဟာ တပတ်လုပ်ခ ပေါင် ၁သိန်း ရရှိနေပေမယ့် ၊ စာချုပ်သစ် အတွက် လစာ ၂ဆ အထိ တိုးတောင်းထားတယ်လို့လည်း သိထားရပါတယ် ။ အာဆင်နယ် ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ် ကတော့ ရူဒီဂါကို ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် စာချုပ် ရအောင် ချုပ်ဖို့ ချဲလ်ဆီး အသင်းထံ အခုလိုပဲ တိုက်တွန်းခဲ့ပါတယ် ။

Bookmakers ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ ပီတစ် က ” ရူဒီဂါသာ ဒီရာသီ အကုန် အလွတ်နဲ့ ထွက်ခွာခဲ့မယ်ဆိုရင် ၊ ချဲလ်ဆီး အတွက် တကယ့် နစ်နာစရာ ဖြစ်လာမှာပါ ။ ကျွန်တော် မှတ်မိတာသာ မှန်မယ်ဆိုရင် ၊ သူဟာ သောမတ်စ် တူချယ် မရောက်လာခင် က ဘာ ကစားခွင့်မှ မရပဲ ၊ အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ရတာပါ ။ ”

” အခုတော့ သူဟာ ကမ္ဘာ့ အကောင်းဆုံး နောက်ခံလူ တဦး အသွင်ကို ရောက်နေပါပြီ ။ သူသာ အလွတ်နဲ့ ထွက်ခွာခဲ့ရင် ၊ ချဲလ်ဆီး ဟာ သူ့လို အရည်အသွေး အဆင့်အတန်းမျိုးနဲ့ နောက်ခံလူသစ် တဦးကို ထပ်ခေါ်ဖို့ အနည်းဆုံး ပေါင်သန်း ၃၀လောက် ထပ်သုံးရနိုင်ပါတယ် ။ ဒီတော့ သူက ၂နှစ် သက်တမ်းတိုးဖို့ ပြောရင် ၊ သူ့ကို လိုအပ်တဲ့ လစာ ပမာဏသာ ပေးလိုက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ခံစစ်မှာ ကစားသမားကောင်း အများအပြား ရှိနေပေမယ့် ၊ ရူဒီဂါလို မာမာထန်ထန် ၊ အားမာန် အပြည့်နဲ့ ကစားနိုင်တဲ့ ခံစစ်မှူးမျိုး ရှိမနေပါဘူး ။ ပီတစ် ကတော့ ၄င်းဟာ အာဆင်နယ် ဂန္တဝင် နောက်ခံလူဟောင်း မာတင် ကီအွန်ကို အမှတ်ရစေတဲ့ အကြောင်း အခုလိုပဲ ထပ်မံ ဖွင့်ဟခဲ့ပြန်ပါတယ် ။

ပီတစ် က ” ရူဒီဂါ ဟာ ဘယ်လို အခက်အခဲမျိုးနဲ့ပဲ ရင်ဆိုင်ရပါစေ ၊ ရုန်းထွက် ကျော်ဖြတ်နိုင်သူပါ ။ တူချယ် ရောက်လာပြီးတဲ့နောက် ၊ သူဟာ ကမ္ဘာ့ ထိပ်တန်း ခံစစ်မှူး တဦး အဖြစ် ရပ်တည်နေပါတယ် ။ သူဟာ ကျွန်တော်တို့ ခေတ်က ရူးလောက်စရာကောင်းတဲ့ နောက်ခံလူတွေကို ပြန်ပြီး အမှတ်ရစေပါတယ် ။ ဥပမာ – မာတင် ကီအွန်ပေါ့ ။ ”

” ဒီလို နောက်ခံလူတွေဟာ ပြိုင်ဖက် ကစားသမားတွေကို ဘယ်တော့မှ လွယ်လွယ်နဲ့ ကျော်ဖြတ်ခွင့် မပေးတတ်ပါဘူး ။ သူတို့နဲ့ ရင်ဆိုင်ရတဲ့အခါ ခင်ဗျားဟာ စိတ်ရောကိုယ်ပါ တိုက်ပွဲဝင်ရပါတယ် ။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ခင်ဗျားရဲ့ စိတ်ခံစားချက်ကို တိုက်ခိုက်နိုင်လို့ပါ ။ ”

” ရူဒီဂါဟာလည်း ဒီအတိုင်းပါပဲ ။ သူနဲ့ အတူ တပွဲတည်း အတူတူ ကစားရတာ တခြား ကစားသမားတွေ အတွက်လည်း ခက်ခဲစေမှာပါ ။ ဘာလို့လဲ ဆိုတော့ ခင်ဗျားဟာ သူ့ရဲ့ လောင်းရိပ်အောက်ကို ရောက်သွားနိုင်လို့ပါ ။ သူဟာ အမြဲတမ်း ဘောလုံး ကစားရုံမက ၊ ပြိုင်ဖက်တွေရဲ့ စိတ်ကိုလည်း လှည့်စားနိုင်ပါတယ် ။ ဒါက ကြောက်လန့်စရာကောင်းပါတယ် ။ ”
” တခါတလေမှာ သူဟာ ပြိုင်ဖက် တိုက်စစ်မှူးတွေကို ဖျက်ဆီးပစ်ဖို့ ကြိုးစားပါတယ် ။ ဒီ ရှုထောင့်အရတော့ ကျွန်တော် သူ့ကို မကြိုက်ပါဘူး ။ ဒါပေမယ့် နောက်ခံလူ တယောက်ရဲ့ ပထမ ဦးစားပေး အလုပ် က ပြိုင်ဖက် တိုက်စစ်မှူးတွေကို ကြောက်အောင် ခြောက်လှန့်နိုင်ဖို့ ဖြစ်ပါတယ် ။ ”

” လူတွေကတော့ ဒါကို နားလည်ချင်မှ နားလည်မှာ ဖြစ်ပေမယ့် ၊ ဒါက အမှန်တရားပါပဲ ။ ခင်ဗျား ဟာ ပြိုင်ဖက် ကစားသမားတွေ ဂိုးမသွင်းနိုင်အောင် ၊ မဖန်တီးနိုင်အောင် ခြောက်လှန့်နိုင်ဖို့ ကြိုးစားရမှာပါ ။ ကျွန်တော့ အတွက်တော့ ရူဒီဂါ ဟာ လက်ရှိ ကမ္ဘာ့ အခက်ခဲဆုံး နောက်ခံလူ တဦး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR