လာလီဂါ စတား တဦးကို ခေါ်ယူဖို့ ချဲလ်ဆီး အသင်းထံ တိုက်တွန်းလိုက်တဲ့ ဂက်စ်ပိုယက်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း အဓိက ကစားသမားသစ် ခေါ်ယူမှုတွေ အဖြစ် ၊ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကို အင်တာမီလန် အသင်းကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ပေးချေပြီး ခေါ်ယူခဲ့တာနဲ့ ၊ အက်သလက်တီကို အသင်းမှ စပိန် ကွင်းလယ်လူ ဆာအူးလ်ကို တနှစ် အငှားနဲ့ ခေါ်ယူခဲ့တာသာ ရှိခဲ့ပါတယ် ။

ကစားသမား အထွက် အယောက် ၅၀ အထိ ရှိခဲ့ပေမယ့် ၊ ချဲလ်ဆီး အသင်း ဟာ ကစားသမား အင်အား အရ ဆက်လက် တောင့်တင်းနေဆဲ ဖြစ်ပါတယ် ။ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ ချဲလ်ဆီးတို့ ကစားသမားသစ် ခေါ်ယူဖို့ထက် ၊ စီနီယာ အသင်းသား အချို့ရဲ့ စာချုပ်သစ် ကိစ္စ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့သာ အာရုံစိုက်ဖို့ များနေပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီမှာ ချဲလ်ဆီးတို့ အသည်းအသန် အလိုရှိခဲ့တဲ့ ကြယ်ပွင့် ကစားသမား တဦး ရှိခဲ့ပြီး ၊ သူကတော့ ဆီဗီးလား အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ဂျူးလ်စ် ကွန်းဒေးပဲ ဖြစ်ပါတယ် ။ ၎င်းနဲ့ ချဲလ်ဆီး အကြား က အပြောင်းအရွှေ့ ဆွေးနွေးမှု အခြေအနေ ဟာ အဆင်ပြေလုနီးပါး ဖြစ်ခဲ့ပေမယ့် ၊ ဈေးကွက် ပိတ်သိမ်းခါနီးမှာ ပျက်ပြယ်ခဲ့ရပါတယ် ။

ဒါဟာ ဆီဗီးလား ကလပ် ဘုတ်အဖွဲ့နဲ့ ဥက္ကဋ္ဌဖက်မှ ကတိမတည်မှု သက်သက်ကြောင့်သာ ဖြစ်ခဲ့ပြီး ၊ ကာယကံရှင် ကစားသမား ကိုယ်တိုင် ကတော့ ထို အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့မှု အပေါ် အတော်လေး ဝမ်းနည်းခဲ့ပုံ ပေါ်ပါတယ် ။ ကွန်းဒေး မရောက်လာတဲ့ အတွက် ချဲလ်ဆီး အသင်း ဟာ အကယ်ဒမီထွက် အင်္ဂလန် လူငယ် ခံစစ်မှူး ထရက်ဗာ ချာလိုဘာ ကို နေရာ ပိုပေးလာနိုင်ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် ချာလိုဘာ ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပွဲတွေကို ဒေါင်ဒေါင်မြည် ကစားပေးလာနိုင်ပြီ ဖြစ်လို့ ၊ စီနီယာ နောက်ခံလူတွေ ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါ ၊ သီယာဂို ဆေးလ်ဗား ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ ဆီဆာ အက်ဇ်ပီလီကွီတာတို့ အနက် တဦးဦးကို စာချုပ်သစ် မချုပ်နိုင်မှသာ ကွန်းဒေး ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ချဲလ်ဆီးရဲ့ ပစ်မှတ် အဖြစ် ဆက်လက် ကျန်ရစ်မှာ ဖြစ်ပါတယ် ။

ကွန်းဒေး ကို ဘော်ဒိုး အသင်းမှာ ကိုင်တွယ်ခဲ့ဖူးတဲ့ ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂတ်စ်ပိုယက် ကတော့ ကွန်းဒေးလို အရည်အသွေးမြင့် ထူးရှယ် ခံစစ်မှူး တဦးကို ၎င်းရဲ့ အသင်းဟောင်း အနေနဲ့ ခေါ်ယူသင့်ကြောင်းကို Genting Casino နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

ပိုယက် က ” ဂျူးလ်စ် ကွန်းဒေး ကျွန်တော့ လက်အောက်မှာ ကစားခဲ့တုန်းက ၊ သူဟာ ပွဲတိုင်း မိနစ် ၉၀ အပြည့် ကစားခွင့် ရခဲ့ပါတယ် ။ သူဟာ အသက် ၁၉နှစ် အရွယ်မှာကတည်းက အရမ်း တော်တဲ့ ပရော်ဖက်ရှင်နယ် နောက်ခံလူ တဦး ဖြစ်နေပါပြီ ။ သူဟာ ခံစစ်မှူးကောင်း တဦးမှာ ရှိသင့်တဲ့ တာဝန်ယူမှု မှန်သမျှ ပေးစွမ်းနိုင်ပါတယ် ။ ”

” ခံစစ်မှူး တယောက်ရဲ့ ဘောလုံး ခြေထဲမှာ ရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ လုပ်ရမယ့် တာဝန်ကို ပွဲအစ ပွဲအဆုံး သူ နားလည်ပါတယ် ။ ဒီတော့ ကျွန်တော့ အတွက် သူဟာ အရမ်း အရမ်း အရေးကြီးတဲ့ ကစားသမား တယောက် ဖြစ်ခဲ့ပါတယ် ။ ဆီဗီးလား ကို သူ ပေါင် ၂၅သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာ က ကျွန်တော့ကို မအံ့သြစေခဲ့ပါဘူး ။ ”

” သူ့စိတ်ထဲမှာ ပိုပြီး ကြီးကျယ်တဲ့ ကလပ် တသင်းသင်းဆီကို ပြောင်းရွှေ့ချင်နေတယ် ဆိုတာ ကျွန်တော် သိခဲ့ပါတယ် ။ အခုဆို သူဟာ ဆီဗီးလားနဲ့ ယူရိုပါလိဂ် ဖလားကို ဆွတ်ခူးထားပြီးပါပြီ ။ အင်္ဂလန် က ထိပ်တန်း ကလပ် တသင်းသင်းဆီကို ပြောင်းကစားလို့ ရမယ့် အရည်အသွေးမျိုးလည်း သူ ပိုင်ဆိုင်ထားပါတယ် ။ ဒီအတွက် ကျွန်တော် လုံးဝ ယုံမှား သံသယ မဖြစ်မိပါဘူး ။ ”

” သူ ပြောင်းမယ့် အသင်း က ချဲလ်ဆီး ဆိုရင် ပိုတောင်မှ ကောင်းပါသေးတယ် ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် အဲဒီမှာ သူ ကစားတာ မြင်ချင်လို့ပါ ။ သူဟာ အချိန်တိုင်း ကိုယ့်ကိုယ်ကို တိုးတက်မှု ရှိအောင် ကြိုးစားတတ်ပြီး ၊ နည်းပြ စကားလည်း နားထောင်သလို ၊ ကစားအား ကောင်းတဲ့ စပါယ်ရှယ် ချာတိတ် တဦး ဖြစ်ပါတယ် ။ ဒီတော့ နောက်နှစ်မှာ သူ အင်္ဂလန်ကို ပြောင်းရွှေ့လာမယ် ဆိုရင် ကျွန်တော့ အတွက် အံ့အားသင့်စရာ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR