လာမယ့် ဇန်နဝါရီမှာ ချဲလ်ဆီး လူငယ် ကြယ်ပွင့် တဦးကို လိဒ်စ်ယူနိုက်တက်သို့ ပြောင်းရွှေ့ဖို့ အကြုံပြုလိုက်တဲ့ ကီဗင်ဖီးလစ်

ချဲလ်ဆီး အသင်း ဟာ ယခုနှစ် ရာသီမှာလည်း အကယ်ဒမီထွက် လူငယ် ကြယ်ပွင့် တချို့တဝက် ကို အငှား စီမံကိန်းထဲ ဆက်လက် ထည့်သွင်းထားရာ ၊ ထိုအထဲမှာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၂ခုဆက် စီနီယာ အသင်း ကစားသမား စာရင်းမှာ ပါဝင်ခဲ့တဲ့ စကော့တလန် လူငယ် ကွင်းလယ်လူ ဘီလီ ဂီလ်မာလည်း ပါဝင်နေပါတယ် ။

အသက် ၂၀နှစ် အရွယ်သာ ရှိသေးတဲ့ ဂီလ်မာ ဟာ ယခင် နည်းပြဟောင်း ဖရန့် လမ်းပတ် စင်တင်ပေးခဲ့တဲ့ အကယ်ဒမီထွက် ကြယ်ပွင့် တဦးလည်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီမှာတော့ ၄င်းဟာ ပွဲကစားခွင့် သိသိသာသာ နည်းပါးစွာ ရခဲ့တာကြောင့် ဒီနှစ်ရာသီမှာ ပွဲကစားခွင့် အလို့ငှာ အငှားထွက်နေရခြင်း ဖြစ်ပါတယ် ။

တန်းတက် ကလပ် နောဝှစ်ခ်ျ အသင်းဟာ ၄င်းကို လိုလိုလားလားနဲ့ တရာသီ အငှားနဲ့ ခေါ်ယူခဲ့ပေမယ့် ၊ ရာသီ အစပိုင်းလောက်မှာ ယင်း စကော့တလန်သားကို သေသေချာချာ သုံးခဲ့တာက လွဲပြီး ၊ နောက်ပိုင်း ပွဲတွေမှာ အရန်ခုံ ဆက်တိုက် ပို့ထားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ။

ဒါ့အပြင် အမှတ်ပေး ဇယား အောက်ဆုံး မှာ ဖြစ်နေတဲ့ အချက်ကလည်း ဂီလ်မာ အတွက် ပွဲကစားခွင့် အပြင် ၊ မိခင် ကလပ် ချဲလ်ဆီးဖက်မှ မျှော်မှန်းထားတဲ့ အတွေ့အကြုံနဲ့ ကိုက်ညီမှု မရှိတော့တာကို ပရိသတ် အများစု က သတိထားမိလာကြပါတယ် ။ မကြာသေးခင်ကမှ ၄င်းတို့ဟာ နည်းပြဟောင်း ဒန်နီယယ် ဖာကီကို ရာထူးမှ ထုတ်ပယ်ထားခဲ့ပြီး ဖြစ်ပါတယ် ။

ဖာကီရဲ့ နေရာမှာတော့ နောဝှစ်ခ်ျ အသင်း ဟာ အက်စတွန် ဗီလာကနေ အထုတ်ခံခဲ့ရတာ ရက်ပိုင်းသာသာပဲ ရှိသေးတဲ့ ဒင်းစမစ် ကို နည်းပြသစ် အဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့ပါတယ် ။ ၄င်းရဲ့ လက်ထက်မှာတော့ ဂီလ်မာ တယောက် နေရာ ရလာပါ့မလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

ဒင်းစမစ် ရောက်လာသည့်တိုင် ၊ ဂီလ်မာရဲ့ အငှား ကစားသမား ဘဝ ဟာ မိခင် ကလပ် ချဲလ်ဆီးရဲ့ ဆုံးဖြတ်ချက် အပေါ်မှာလည်း မူတည်နေပြီး ၊ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်မှာ ၄င်းကို အသင်းပြောင်းပြီး ၊ အငှားထပ်ချမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

ဆန်းဒါးလန်း တိုက်စစ်မှူးဟောင်း ကီဗင် ဖီးလစ် ကတော့ ဂီလ်မာ အနေနဲ့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက် မှာ အငှား ကလပ် ထပ်ရွေးချင်တယ် ဆိုရင် ၊ မာဆယ်လို ဘီယယ်ဆာ ကိုင်တွယ်နေတဲ့ လိဒ်စ်ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့သင့်ကြောင်း အခုလိုပဲ အကြံပြု တိုက်တွန်းခဲ့ပါတယ် ။

Football Insider နဲ့ တွေ့ဆုံခဲ့ရာမှာ ကီဗင် ဖီးလစ် က ” ဂီလ်မာ ဟာ ဒန်နီ ဖာကီ လက်အောက်မှာ လုံလောက်တဲ့ ပွဲကစားခွင့်တွေ မရခဲ့ပါဘူး ။ ဒီလောက် ဆိုးရွားတဲ့ အခြေအနေမှာ နောဝှစ်ခ်ျ ဟာ ဘာလို့ သူ့ကို ဒီလို ဆက်ဆံတာလဲ ဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး ။ ”

” ချဲလ်ဆီးကို ပြန်သွားတာ က သူ့အတွက် ဘာမှအကျိုးမထူးပါဘူး ။ ဘာလို့လဲ ဆိုတော့ အဲဒီမှာ သူ ကစားခွင့် ရခဲလို့ပါ ။ သူ့အနေနဲ့ လိဒ်စ်လို ကလပ်မျိုးဆီကို အငှား ထပ်ပြောင်းသင့်ပါတယ် ။ ဘီယယ်ဆာ ဟာ ကစားကွက် အခင်းအကျင်း ကောင်းကောင်းမွန်မွန် သုံးတတ်သလို ၊ သူတို့ အသင်း ဟာ ဇယား အောက်ဆုံးမှာ မဟုတ်လို့ပါ ။ ”

” နောက်ပြီး လိဒ်စ် ဟာ ဂီလ်မာ ကစားတတ်တဲ့ စတိုင်လ်နဲ့ ကိုက်ညီတဲ့ ကစားဟန်ကို အသုံးပြုနေတဲ့ အသင်းလည်း ဖြစ်ပါတယ် ။ ဒါကြောင့် အဲဒီကို ပြောင်းရင် သူ့အတွက် အကျိုးရှိပါလိမ့်မယ် ။ လူငယ် ကြယ်ပွင့်တွေဆီကနေ ဘီယယ်ဆာ အကောင်းဆုံး အရည်အသွေးတွေ ထုတ်ယူပြနိုင်တာကို အရင်တုန်းကလည်း ကျွန်တော်တို့ မြင်တွေ့ဖူးပါတယ် ။ ”

” ဒီတော့ ဘီလီ ဂီလ်မာနဲ့မှ သူ့အနေနဲ့ မလုပ်ပြနိုင်စရာ အကြောင်း မရှိပါဘူး ။ ဘာပဲဖြစ်ဖြစ် ဂီလ်မာသာ နောက်ထပ် အငှား ထွက်ဖို့ အသင်းပြောင်းမယ် ဆိုရင် ပွဲကစားခွင့် ပိုရမယ့် အသင်းပဲ ဖြစ်ပါလိမ့်မယ် ။ ဘာလို့လဲ ဆိုတော့ သူ့လို အရည်အသွေးနဲ့ အလားအလာ ကောင်းတဲ့ လူငယ် ကြယ်ပွင့် တဦး မှေးမှိန်သွားမှာကို ကျွန်တော်တို့ မမြင်လိုလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR