လာမည့်အပြောင်းအရွေ့ကာလတွေမှာ ကလော့ ဘာလုပ်သွားဖို့ လိုအပ်သလဲဆိုတာ ထောက်ပြလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက လီဗာပူး အသင်း အနေနဲ့ အနာဂတ် အတွက် ၃ ဦးတွဲ တိုက်စစ်အတွဲသစ်ကို တည်ဆောက်သွားဖို့ အချိန် နီးကပ်လာနေပြီလို့ ယုံကြည်နေပါတယ်။ လီဗာပူးရဲ့ ၃ ဦးတွဲ တိုက်စစ်ဖြစ်တဲ့ မိုဟာမက်ဆာလား ဆာဒီယိုမာနေး နဲ့ ရော်ဘတ်တိုဖာမီနို တို့ဟာ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်အတွဲတွေထဲက တစ်ခု အဖြစ် ရပ်တည်ခဲ့ပါတယ်။

ဒီကစားသမား ၃ ဦးရဲ့ စုစုပေါင်း သွင်းဂိုးဟာ ၃၃၈ ဂိုးထိ ရှိနေပြီး ဆာလားဟာ ဒီထဲက သွင်းဂိုး ၁၄၀ ကို သွင်းယူထားခဲ့သူ ဖြစ်ပါတယ်။ ကာရေဂါက ဆာလား (၂၉) မာနေး (၂၉) နဲ့ ဖာမီနို (၃၀) တို့ဟာ မကြာခင်မှာ အကောင်းဆုံး အချိန်တွေ ကျော်သွားတော့မှာ ဖြစ်တာကြောင့် လီဗာပူး အနေနဲ့ ပိုမို ငယ်ရွယ်တဲ့ ကစားသမား အစားထိုးမှုတွေ လုပ်သွားရန် စတင်စဉ်းစား သွားရတော့ အချိန် ရောက်လာပြီလို့ ဆိုသွားပါတယ်။

လီဗာပူး နောက်ခံလူဟောင်းက နွေရာသီ အပြောင်းအရွေ့ တစ်ခုတည်းမှာတင် ဒီကစားသမား ၃ ဦး နေရာကို အစားထိုးပစ်တာကို အလိုမရှိပေမယ့် ရာသီကုန်ချိန်မှာ ကစားသမားသစ် တစ်ချို့ အသင်းကို ရောက်လာတာကို မြင်ချင်တယ်လို့ ပြောလိုက်ပါတယ်။

ကာရေဂါက “နည်းပြ ယာဂန်ကလော့ အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ၊ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် သွားရမယ့် အချိန် ရောက်လာတော့မှာပါ။ မာနေး ဆာလား ဖာမီနို တို့ဟာ အသက် ၃၀ ၀န်းကျင်ကို ရောက်ရှိလာခဲ့ပြီး တစ်သင်းလုံး တစ်ပြိုင်နက်တည်း အသက်အရွယ် ကြီးမြင့်လာတာကို ကျွန်တော်တို့ အလို မရှိပါဘူး။ လီဗာပူးဟာ front three နဲ့ အသင်းရဲ့ တစ်ချို့ နေရာတွေကို အစားထိုးမှုတွေ လုပ်သွားဖို့ လိုအပ်ပါတယ်။

 

ပြီးခဲ့တဲ့ နွေရာသီက အေဗရာဟီမာကိုနာတေး အသင်းကို ရောက်လာတာကို ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ဒီယေဂိုဂျိုတာ ကလည်း ပြီးခဲ့တဲ့ ရာသီက လီဗာပူးကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် လာမည့် နွေရာသီမှာ လီဗာပူးတို့ ကွင်းလယ် ကစားသမား ၁ ဦး အားဖြည့်သွားဖို့ အတွက် ကျွန်တော်တို့ မျှော်လင့် နေပါတယ်။

ပြီးတော့ front three ကို တစ်ပြိုင်နက်တည်း အသက်အရွယ် ကြီးရင့်လာတာကို ခွင့်ပြုလို့ မရပါဘူး။ လာမည့် နွေရာသီမှာ ဒီနေရာကို အနာဂတ် အတွက် ရည်မှန်းကာ လီဗာပူးတို့ အားဖြည့်မှုတွေ လုပ်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

front three ကို အလုံးစုံ ပြုပြင် ပြောင်းလဲသွားစရာတော့ မလိုအပ်သေးပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ ၃ ဦးဟာ ဒီရာသီမှာ အကောင်းဆုံး စတင်ထားနိုင်ခဲ့လို့ပါ။ ပြီးတော့ ဂျိုတာ ကလည်း ကြီးမားတဲ့ သက်ရောက်မှုကို ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော် ကတော့ နောက်ထပ် တိုက်စစ် ကစားသမား ၁ ဦးလောက် ရောက်လာတာကို မြင်ချင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM