လန်ဒန်မှာ စမ်းသပ်ခံရမယ့် ယူနိုက်တက် ၊ ပြန်လည်နိုးထမယ့် အာဆင်နယ် တို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အတွက် ခန့်မှန်းချက်များ

ပရီးမီးယားလိဂ် ဘောလုံးရာသီ ကတော့ ၃ ပုံ ၁ ပုံ အရောက်မှာပဲ ချန်ပီယံဆု ကို ချဲလ်ဆီး ၊ မန်စီးတီး နဲ့ လီဗာပူး ၃ သင်းထဲကပဲ ဆွတ်ခူး နိုင်မယ်ဆိုတာ ထင်ထင် ရှားရှား ပေါ်ထွက် နေခဲ့ ပါပြီ ။

ဒီတပတ် မှာတော့ အိုလေ ဂန်နာ ဆိုးရှား မပါတော့တဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ လန်ဒန် ကို သွားပြီး ချဲလ်ဆီး ရဲ့ စတမ်းဖိုဒ့် ဘရစ် ဓါတ်ခွဲခန်းထဲမှာ စမ်းသပ်ခံ ရတော့မှာပါ ။

ပြီးခဲ့တဲ့ အပတ်က လီဗာပူး ကို ဂိုးပြတ်ရှုံးထားတဲ့ အာဆင်နယ် ကတော့ ပြန်လည် နိုးထဖို့ လိုအပ် နေတာကြောင့် အက်ဒီဟိုဝီ ရဲ့ ပထမဆုံး နယူးကာဆယ်ပွဲ ( ကြီးကြပ်တဲ့ပွဲ ) ကို မျက်နှာပန်း လှခွင့် ပေးမှာ မဟုတ်ပါဘူး ။

 

ဒါကြောင့် ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာ ဘယ်လိုတွေ ဖြစ်လာနိုင်တယ် ဆိုတာကို Sky Sports က လူးဝစ် ဂျုံးစ် ရဲ့ ခန့်မှန်းချက်တွေ ကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

 

၁ ။ အာဆင်နယ် – နယူးကာဆယ်

 

လီဗာပူး နဲ့ပွဲမှာ မေးခွန်းတခု အဖြစ်ထွက်သွားခဲ့ ပါတယ် ။ အာဆင်နယ် ဟာ ထိပ်ဆုံးက ၃ သင်း နဲ့ ပုခုံးချင်း ယှဉ်ဖို့ လိုအပ်နေ သေးတယ် ဆိုတာပါပဲ ။

အခု နောက်ထပ် မေးခွန်း တခုကို သူတို့ ထပ်ဖြေရပါမယ် ။ ထိပ်ဆုံး ၃ သင်းပြီးရင် အကောင်းဆုံး အသင်း ဖြစ်လာနိုင်မလား ဆိုတဲ့ မေးခွန်းပါ ။

 

လီဗာပူးကို ဂိုးပြတ် ရှုံးပေမယ့် ရှေ့ပွဲတွေမှာ အာဆင်နယ် တို့ တောက်လျောက် ပုံစံကောင်းတွေ ပြလာခဲ့တာပါ ။

ဗီလာ ၊ လက်စတာ တို့ကို နိုင်တဲ့ ပွဲတွေမှာ ဆိုရင် သူတို့ဟာ ပြိုင်ဘက်ထက် သာလွန်နေတယ် ဆိုတာကို ထင်ထင်ရှားရှား ပြသနိုင်ခဲ့ ပါတယ် ။

အခုလည်း လီဗာပူး ပေးတဲ့ ဒဏ်ရာတွေကို နယူးကာဆယ် နဲ့ ပွဲမှာ အကောင်းဆုံး ပြန်ကုစား နိုင်မှာပါ ။

အက်ဒီဟိုဝီ က နည်းစနစ် ကောင်းပေမယ့် အသင်းက သူ့စိတ်ကြိုက် လူ ၊ စိတ်ကြိုက် ပုံစံ မဟုတ်သေးပါဘူး ။

ဒါကြောင့် အာဆင်နယ် ပဲ နိုင်သွားမှာပါ ။

ခန့်မှန်းချက် – အာဆင်နယ် ၂ – ၁ နယူးကာဆယ်

၂ ။ လီဗာပူး – ဆောက်သမ်တန်

 

ဘယ်လိုပဲ စဉ်းစားကြည့် စဉ်းစားကြည့် ဒီပွဲဟာ လီဗာပူး နိုင်မယ့် ပွဲပဲ ဖြစ်နေမှာပါ ။

ဟတ်ဆန်ဟော့ ဟာ ဆောက်သမ်တန် ကို သူလိုချင်တဲ့ ပုံစံ အတိုင်း ပုံသွင်းထားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒါက ဇယား ထိပ်ဆုံး က အသင်းတွေကို အံတုဖို့ အတွက်တော့ မစွမ်းနိုင်သေး ပါဘူး ။

တကယ်လို့ ( ယူနိုက်တက် သာ ချဲလ်ဆီး ကို ခုခံ အမှတ်လုနိုင်ခဲ့မယ် ဆိုရင် ) ဆိုတဲ့ ဖြစ်နိုင်ချေက ဒီတပတ် ပွဲမှာ လီဗာပူး ကို ၃ မှတ် အပြည့်ရအောင် တွန်းအားပေး နေမှာပါ ။

ဝက်စ်ဟမ်း နဲ့ ပွဲတုန်းကလို ခြေချော်တာမျိုး လီဗာပူးတို့ ထပ်လုပ်မှာ မဟုတ်တော့ ပါဘူး ။

ခန့်မှန်းချက် – လီဗာပူး ၃ – ၀ ဆောက်သမ်တန်

၃ ။ ဘန်လေ – တော့တင်ဟမ် ဟော့စပါး

 

ဘန်လေ ဘက်မှာ အားထားရတဲ့ ခံစစ်မှူး တာကော့စကီး ပွဲပယ် ခံထားရ ပါတယ် ။ ဒါက ဘန်လေ ကို အိမ်ကွင်းမှာ စိတ်တိုင်းကျ ဗျူဟာ ခင်းကျင်းဖို့ အခက်တွေ့စေမှာပါ ။

ဒါကြောင့် သူတို့ စပါးကို ထိုးနှက်ဖို့ထက် ဂိုးမပေးရဖို့ ကို အရင် ဦးစားပေးသွားဖို့ ရှိပါတယ် ။

စပါး ကတော့ ယူရိုပါ ကွန်းဖရန့်လိဂ် က ရှုံးနိမ့်မှု ကို ကုစားဖို့ ကြိုးစားမှာပါ ။

ဒါပေမယ့် တပ်ဖ်မော် ( ဘန်လေကွင်း ) မှာတော့ မလွယ်ကူပါဘူး ။ စပါးတို့ နောက်ထပ် အမှတ်လျော့ခဲ့ရင်လည်း အံ့အားသင့်စရာ ဖြစ်နေမှာ မဟုတ်တာ အမှန်ပါပဲ ။

ခန့်မှန်းချက် – ဘန်လေ ၁ – ၀ စပါး

၄ ။ မန်ချက်စတာ စီးတီး – ဝက်စ်ဟမ်း ယူနိုက်တက်

 

ကာရာဘောင် ဖလားက ရှုံးကြွေး ကို စီးတီး တို့ ဒီပွဲမှာ ပြန်ဆပ် ပါတော့မယ် ။

ဝက်စ်ဟမ်း အတွက်တော့ ပြီးခဲ့တဲ့ အပတ်တုန်းက ဝုဗ် ကို ရှုံးလိုက်တာဟာ လီဗာပူးကို နိုင်လို့ ရထားတဲ့ အဖိုးတန် ၃ မှတ်ကို လွင့်ပစ်လိုက်သလို ပါပဲ ။

အခု သူတို့ နောက်ထပ် ၃ မှတ်ကို လက်လွှတ် ရဦးမှာပါ ။ ဒီပွဲက ကာရာဘောင် ပွဲကလို ဖြစ်မှာ မဟုတ်တာ အသေအချာပါပဲ ။

မေးစရာရှိတာက ၂ ပွဲဆက် ရှုံးပြီးသွားရင် ဝက်စ်ဟမ်း တို့ ဘာဆက်ဖြစ်မလဲဆိုတာပါ . . . သူတို့ ပြန်နိုးထ နိုင်မလား ၊ ဒါမှမဟုတ် စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ပြီး လမ်းကြောင်းသွေဖယ်သွား မလား . . . စောင့်ကြည့်ရမှာပါပဲ ။

ခန့်မှန်းချက် – မန်စီးတီး ၂ – ၁ ဝက်စ်ဟမ်း

၅ ။ ချဲလ်ဆီး – မန်ချက်စတာ ယူနိုက်တက်

 

ကြားရက် ချန်ပီယံလိဂ် ပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အပေါင်းလက္ခဏာများစွာ ဆောင်ခဲ့ ပါတယ် ။

ဗီလာရီးရဲ ကို ဗျူဟာကျကျ အနိုင် ကစားခဲ့သလို Cleansheet ကိုလည်း ဒီရာသီမှာ ရှားရှားပါးပါး မြင်တွေ့ ခဲ့ရ ပါတယ် ။ အုပ်စုအဆင့် ကနေ လွန်မြောက်သွားနိုင်ခဲ့တာ ကတော့ အကြီးမားဆုံး ပျော်ရွှင်မှုပဲ ဖြစ်မှာပါ ။

ဒါပေမယ့် ဒီအပျော်တွေ ဟာ ချဲလ်ဆီး ကို အနိုင်ယူဖို့ မလုံလောက်ပါဘူး ။

 

ချဲလ်ဆီး ဟာ အနိုင်ယူဖို့ မဆိုထားနဲ့ ဂိုးသွင်းဖို့ တောင်မှ ခက်ခဲနေတဲ့ အသင်း ဖြစ်နေပါပြီ ။ သူတို့ နောက်ဆုံး ၁၀ ပွဲမှာ ၃ ဂိုးတည်းပေးထားပါတယ် ။ ၉ ပွဲအထိ နိုင်ပြီး ၁ ပွဲသာ သရေကျထားခဲ့တာပါ ။

ဒီလို တောင့်တင်းလွန်းတဲ့ ခံစစ်ကြောင်းကို ယူနိုက်တက်တို့ ဘယ်လို ထိုးဖောက်မှာလဲ ။

 

ဒီရာသီ ချဲလ်ဆီးရဲ့ အားသာချက်က လူစုံ ဂိုးသွင်းနိုင်တာပါ ၊ ဒါကြောင့် ရှေ့တန်း တိုက်စစ်သမားတွေကို ပစ်မှတ်ထား ထိန်းချုပ်ရုံနဲ့ မလုံလောက်ပါဘူး ။ အခုပွဲ မှာလည်း ရှေ့တန်း မဟုတ်တဲ့ ကစားသမားတွေ ဆီက သွင်းဂိုးတွေ ကို မြင်ရဦးမှာ ပါပဲ ။

တယောက်ချင်းရော အသင်းလိုက် ကစားပုံမှာပါ ချဲလ်ဆီး က ယူနိုက်တက် ထက် သာလွန်နေပါတယ် ။

အိမ်ရှင် နိုင်ဖို့ကလွဲပြီး အခြား အကြောင်းအရာ မမြင်မိ ပါဘူး ။

ခန့်မှန်းချက် – ချဲလ်ဆီး ၂ – ၁ မန်ယူနိုက်တက်

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

၆ ။ ခရစ္စတယ်ပဲလေ့စ် ၂ – ၀ အက်စတွန် ဗီလာ

 

၇ ။ နောဝှစ်ချ် စီးတီး ၀ – ၁ ဝုဗ်

 

၈ ။ ဘရိုက်တန် ၂ – ၀ လိဒ်ယူနိုက်တက်

 

၉ ။ ဘရန့်ဖိုဒ့် ၂ – ၀ အဲဗာတန်

 

၁၀ ။ လက်စတာ စီးတီး ၁ – ၁ ဝက်ဖိုဒ့်

 

SPORTS MYANMAR