လန်ဒန်စတေဒီယမ်မှာ ကာလရှည် ရှုံးပွဲမရှိ မှတ်တမ်း ကျိုးပျက်ခဲ့တဲ့ ၀က်ဟမ်း ၃-၂ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ မနေ့ညက လန်ဒန်စတေဒီယမ်မှာ ၀က်ဟမ်းကို ရှုံးကာ ဒီရာသီရဲ့ ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဟမ်းမားတို့ဟာ ပွဲချိန် ၄ မိနစ်မှာပဲ အလီဆွန်ရဲ့ own goal နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ ပထမပိုင်း မပြီးခင် အလက်ဇန်းဒါးအာနိုးရဲ့ ဖရီးကစ်နဲ့ ပြန်လည် ချေပနိုင်ခဲ့ပါတယ်။ အဲဒီနောက် ရိုက်စ်ရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့သလို မာနေး ဆာလား တို့ကလည်း အခွင့်အရေးကောင်းတွေကို လွဲချော်ခဲ့တာကြောင့် ဦးဆောင်ဂိုး မရခဲ့ပါဘူး။

အဲဒီနောက် ဘို၀င်ရဲ့ ဖန်တီးမှုကနေ တဆင့် ဖော်နယ်က ဦးဆောင်ဂိုး သွင်းယူခဲ့သလို ထောင့်ကန်ဘောကနေပဲ ဇူးမားက ၃-၁ ဖြစ်စေမယ့် ဂိုးကို သွင်းယူခဲ့ပါတယ်။ လူစား၀င် ကစားသမား အိုရီဂီဟာ လီဗာပူး အတွက် ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့တာကြောင့် ပွဲဟာ ပြန်လည် အသက်၀င်သွားခဲ့ပြီး ပွဲပြီးခါနီးမှာ အလက်ဇန်းဒါးအာနိုးရဲ့ set-pieces ကနေ ဖန်တီးပေးမှုကို မာနေး အံ့အားသင့်ဖွယ် လွဲချော်ခဲ့တာကြောင့် လီဗာပူးဟာ ၂၅ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ကျိုးပျက်ခဲ့ရပါတယ်။

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေ ကတော့

၁~ထိုက်တန်တဲ့နိုင်ပွဲရခဲ့တဲ့ ၀က်ဟမ်း
၀က်ဟမ်းဟာ အကောင်းဆုံး ကစားခဲ့ပြီး လီဗာပူးလို အသင်းကို ဘယ်လို ရင်ဆိုင်ရသလဲဆိုတာ ပြသသွားခဲ့ပါတယ်။ ၀က်ဟမ်းရဲ့ ဦးဆောင်ဂိုးကတော့ ကံကောင်းမှု အနည်းငယ် ရခဲ့ပေမယ့်လည်း အဲဒီနောက်ပိုင်းမှာ ၀က်ဟမ်းဟာ ခံစစ်ကို ကျစ်လစ်စွာ ကစားခဲ့ပြီး လီဗာပူးကို ကောင်းစွာ press လုပ်နိုင်ခဲ့ပါတယ်။ လီဗာပူး တိုက်စစ် ကစားသမားတွေဟာ ပြိုင်ဘက်ခံစစ်ကြောင်းကို ထိုးဖောက်နိုင်ရန် ရုန်းကန်ခဲ့ရပြီး ဒီရာသီ အကောင်းဆုံး ပုံစံ ရနေတဲ့ ဆာလားတောင် ဂိုးရှေ့မှာ သက်ရောက်မှု သိပ်မရှိခဲ့ပါဘူး။

လီဗာပူးရဲ့ ကွင်းလယ်ပိုင်း ရုန်းကန် နေခဲ့ရမှုကလည်း ၀က်ဟမ်း အတွက် အကူအညီ ဖြစ်စေခဲ့ပြီး နောက်ပိုင်း ပွဲစဉ်တွေမှာ ကွင်းလယ်ပိုင်းရဲ့ တိုက်စစ်နဲ့ ခံစစ်မှာ ကူညီပေးနိုင်မှု အားနည်းနေတာတွေဟာ ယာဂန်ကလော့ အတွက် ကတော့ စိတ်ပူစရာပဲ ဖြစ်ပါတယ်။

၂~၀က်ဟမ်းရဲ့ ထောင့်ကန်ဘောတွေမှာ ရုန်းကန်ခဲ့ရတဲ့ အလီဆွန်
၀က်ဟမ်းရဲ့ အဖွင့်ဂိုးကို ပေးခဲ့ရတဲ့ အတွက် အလီဆွန်ဟာ အတော် အံ့အားသင့်ခဲ့သလို ပါပဲ။ မော်ဒန်ခေတ် ဂိုးသမားတွေဟာ တအားကို သန်မာမှု ရှိကြပါတယ်။ ဒါပေမယ့်လည်း အလီဆွန်ဟာ ၀က်ဟမ်းရဲ့ ထောင့်ကန်ဘောတွေမှာ ဖိအားတွေ များခဲ့ပြီး ၀က်ဟမ်းရဲ့ သွင်းဂိုး ၂ ဂိုးကလည်း ဒီကနေပဲ ရခဲ့တာပါ။ ဒီပွဲစဉ်မှာ ၀က်ဟမ်းဟာ သူတို့ရဲ့ အားကောင်းမောင်းသန် ကစားသမားတွေကို အသုံးချကာ အလီဆွန်ကို ထွက်ပုတ်မရအောင် လမ်းကြောင်းပိတ်ဆို့ပြီး ထောင့်ကန်ဘောကန်သူက ခြောက်ကိုက်စည်းထဲကို ဘောလုံး အရောက်ပို့ကာ အခွင့်အရေး ရယူသွားဖို့ ဗျူဟာ ချခဲ့ပါတယ်။

အဖွင့်ဂိုးကတော့ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး အော့ဘွန်နာဟာ အလီဆွန်ကို ဟန်ချက်ပျက်အောင် လုပ်ဆောင်ခဲ့သလို အန်တိုနီယိုကလည်း ဖိအားတွေ ပေးခဲ့ပါတယ်။ များသောအားဖြင့် ဒါဟာ ပြစ်ဒဏ်ဘော ဖြစ်လေ့ ရှိကာ ဒိုင်လူကြီး အတွက်ကတော့ 50-50 ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်း ပရိတ်သတ်ရဲ့ အားဟာ ဒီဆုံးဖြတ်ချက်ကို ၀က်ဟမ်းဘက်ကို ယိမ်းယိုင်စေခဲ့ဟန် ရှိပါတယ်။

၃~ပြိုင်ဘက်တွေ အတွက် အန္တရာယ်များလှတဲ့ အန်တိုနီယို
အန်တိုနီယိုဟာ သူ့ရဲ့ ကစားသမားတွေ ဘ၀မှာ နေရာ တော်တော်များများ ပြောင်းကစားခဲ့ရပါတယ်။ ဒါပေမယ့် အန်တိုနီယို အထောင်တိုက်စစ်မှာ ကစားခြင်းဟာ ကစားသမား ၂ ဦးနဲ့ ကစားနေသလို ပါပဲ။ ၎င်းရဲ့ hold up play နဲ့ ခံစစ်ကြောင်းကို လျှင်မြန်စွာ ကျော်ပြေးမှုတွေဟာ လီဗာပူး ဗဟိုခံစစ်မှုး ၂ ဦး အပါအ၀င် ပြိုင်ဘက်ခံစစ်တွေ အတွက် အိမ်မက်ဆိုးပါပဲ။

အန်တိုနီယိုဟာ အထောင်တိုက်စစ်မှာ တစ်ဦးတည်း ကစားခဲ့ရပေမယ့် ၎င်းရဲ့ သန်မာတဲ့ အင်အား နဲ့ ကောင်းစွာ အသုံးချကာ အသင်းဖော်တွေကို ကစားကွက်ထဲ ၀င်လာအောင် ဆွဲပေးနိုင်သလို ပြိုင်ဘက် နောက်ခံလူတွေကိုလည်း out of position ဖြစ်စေပါတယ်။ မိုရက်အတွက် တစ်ခုတည်းသော ပြသနာကတော့ အန်တိုနီယို ရဲ့ အရန် မရှိတာပဲ ဖြစ်ပြီး ၀က်ဟမ်းရဲ့ ဒီရာသီ ရည်မှန်းချက်အတွက် ၎င်းကြံံ့ခိုင်မှု ပြည့်ဝနေဖို့တော့ လိုအပ်ပါတယ်။

၄~ကာလရှည် ရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့တဲ့ လီဗာပူး
လီဗာပူးရဲ့ ပြိုင်ပွဲစုံ ၂၅ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကတော့ ကျိုးပျက်ခဲ့ပါပြီ။ ဒါပေမယ့် ဒီရှုံးပွဲဟာ title race မှာ ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ? လီဗာပူးဟာ စနေနေ့က ဘန်လေနဲ့ ပွဲမှာ ချဲလ်ဆီးတို့ အမှတ်လျော့ခဲ့မှုကို ကောင်းစွာ အသုံးမချနိုင်ခဲ့ဘဲ ဒီရှုံးပွဲကြောင့် အဆင့် ၄ နေရာထိ လျှောဆင်းသွားခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့တစ်ပတ်က ဘရိုက်တန်ကို ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ သရေကျခဲ့သလို ဘရန့်ဖို့ဒ်နဲ့ ပွဲမှာလည်း အကြိမ်ကြိမ် ဦးဆောင်နိုင်ခဲ့ပေမယ့် ခံစစ်အားနည်းမှုနဲ့ အတူ ၂ မှတ်လျော့ခဲ့ပါတယ်။

အထူးသဖြင့် လီဗာပူး ကွင်းလယ်ပိုင်းဟာ အားနည်းလျက် ရှိနေပြီး ဒဏ်ရာပြသနာတွေလည်း တောက်လျှောက် ရှိနေခဲ့သလို ခံစစ်ကို ကောင်းစွာ ကာကွယ်မပေးနိုင်တာ ကလည်း ခံစစ်ပိုင်းကို ဖိအားများစေပါတယ်။ ကလော့ အနေနဲ့ ပရီးမီးယားလိဂ် ဖလား ရခဲ့တဲ့ ရာသီတုန်းကလို မာကျောခြင်း မရှိဖြစ်နေတဲ့ သူ့အသင်းရဲ့ ခံစစ်ကစားပုံ အတွက် စိုးရိမ်နေမှာပါ။

၅~ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ပွဲကို အလှည့်အပြောင်း လုပ်ပေးနိုင်တဲ့ ထရန့်
အလက်ဇန်းဒါးအာနိုးဟာ ဒီရာသီ လီဗာပူး အသင်းဖော်တွေ အတွက် ဂိုးဖန်တီးမှုတွေ လုပ်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ ၀က်ဟမ်းတို့ အဖွင့်ဂိုးကို စောစောစီးစီး ရရှိခဲ့ပြီးနောက် ထရန့်ဟာ ညာနောက်ခံလူ နေရာကနေ အတွင်းကို ၀င်ကာ ဂိုးဖန်တီးမှုတွေ လုပ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းရဲ့ ဘောလုံးပေးပို့မှုတွေဟာ အလွဲလွဲ အချော်ချော်တွေ ဖြစ်နေတာကြောင့် လီဗာပူးရဲ့ တိုက်စစ်ဟာ အလုပ်မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့်လည်း ဒီလို အသင်းတစ်သင်းမှာ ဒီလို ကစားသမားမျိုးကို ပိုင်ဆိုင်ထားခြင်းဟာ ပွဲကို အလှည့်အပြောင်း ဖြစ်စေနိုင်တယ် ဆိုတာကို ထရန့်က ပြသခဲ့ပါတယ်။ ပထမပိုင်း မပြီးခင်မှာ လီဗာပူးတို့ ရရှိခဲ့တဲ့ ဖရီးကစ်ကို ဂိုးသမား ဘာမှ မတက်နိုင်အောင် လှလှပပ ကန်သွင်းယူခဲ့ပြီး ပွဲကို အလှည့်အပြောင်း ပြန်ဖြစ်စေခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ လီဗာပူး ကွင်းလယ်ပိုင်း အားနည်းမှု နဲ့ တိုက်စစ်ကစားသမားတွေ အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့် ၀က်ဟမ်းကသာ ဦးဆောင်ဂိုးတွေ ရသွားခဲ့ပြီး ထရန့်ရဲ့ စွမ်းဆောင်မှုဟာ သတင်းခေါင်းကြီး မဖြစ်တော့ပါဘူး။

SM