လန်ဒန်ကို ပြန်ရောက်လာတဲ့ ကွန်တီ ၊ ချန်ပီယံလိဂ် လွဲမယ့် ယူနိုက်တက် ခံစစ်မှူး ၊ စိတ်မကောင်းစရာ အဂွေရို တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

 

နည်းပြ နူနို ဆန်းတိုစ့် ကို ယမန်နေ့ က ထုတ်ပယ်ကြောင်း ကြေညာ အပြီးမှာတော့ တော့တင်ဟမ် ဟော့စပါး အသင်းဟာ အင်တာ နဲ့ ချဲလ်ဆီး နည်းပြဟောင်း အန်တိုနီယို ကွန်တီ ကို ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ကွန်တီ ဟာ စပါး နဲ့ ၂၀၂၃ အထိ ရှိနေမယ့် စာချုပ်ကို ဒီကနေ့မှာ လက်မှတ်ထိုး သွားဖို့ ရှိနေတယ်လို့ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က ဖော်ပြ သွားခဲ့ ပါတယ် ။

နည်းပြ စတိဘရုစ် ကို ထုတ်ပယ် ထားတဲ့ နယူးကာဆယ် ဟာလည်း ဗီလာရီးရဲ ကို ကိုင်တွယ် နေတဲ့ အာဆင်နယ် နည်းပြဟောင်း အူနိုင်း အမ်မရီ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အမ်မရီ ကတော့ ဒီအကြောင်းတွေကို သူလုံး၀ မသိရပါဘူးလို့ ချန်ပီယံလိဂ် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။

ကာတာ ကလပ် အယ်လ်ဆတ် အသင်းဟာ ဘာစီလိုနာ အသင်းဘက်က သူတို့ရဲ့ နည်းပြ ဇာဗီ နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ် နေစေမှု အပေါ် စိတ်ဆိုး ဒေါသထွက် နေပြီး လေးစားမှု မရှိတဲ့ လုပ်ရပ်လို့ ခေါင်းစဉ်တပ် ဝေဖန် ခဲ့ပါတယ် ။

ဘာစီလိုနာ ဟာ မန်ချက်စတာ ယူနိုက်တက် မှာ နေရာ မရ ဖြစ်နေတဲ့ နယ်သာလန် ကွင်းလယ် ကစားသမားလေး ဒွန်နီ ဗန်ဒီဘိ ကို လာမယ့် ဇန်နဝါရီ မှာ အငှား နဲ့ ခေါ်ယူဖို့ စဉ်းစား နေတယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးလ် ကတော့ ဂျေဒန် ဆန်ချို ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ဗန်ဒီဘိ လက်သစ် ( အရန်ခုံ ထိုင်ရသူ ) ဖြစ်လာပြီး ထိပ်တန်း ခြေစွမ်းတွေ ပျောက်ဆုံး သွားမှာကို စိုးရိမ်မိကြောင်း ဖွင့်ဟ ပြောဆို လာခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ယခုအပတ်မှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် အတွက် လူစာရင်းကို ထုတ်ပြန် ခဲ့ပြီး အန်ဆု ဖာတီ ပြန်လည် ပါဝင် လာခဲ့ကာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ နှလုံးခုန် မတည်ငြိမ်တဲ့ လက္ခဏာပြ ခဲ့တဲ့ တိုက်စစ်မှူးကြီး အဂွေရို ကတော့ ပါဝင် မလာခဲ့ ပါဘူး ။

PSG အသင်းကတော့ အခုထက်ထိ အသင်းနဲ့ မကစားရသေးတဲ့ ဝါရင့် ခံစစ်မှူးကြီး ဆာဂျီယို ရာမိုစ့် ရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ စဉ်းစား နေပြီ ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ် မရှိကြောင်း ငြင်းဆို သွားခဲ့ ပါတယ် ။

PSG နည်းပြ ပိုချက်တီနို ကတော့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ရဲ့ ကြံ့ခိုင်မှု အပေါ် ပြန်လည် သုံးသပ် နေပြီး ယခု ကြားရက်မှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ အနားပေး ခံရဖွယ် ရှိတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဗစ်တာ လင်ဒီလော့ဖ် ဟာ လေ့ကျင့်ရေး ကွင်းမှာ ဒဏ်ရာ အနည်းငယ် ရရှိ သွားခဲ့တာကြောင့် အတ္တလန်တာ နဲ့ ယှဉ်ပြိုင် ကစားဖို့ အီတလီ ကို ထွက်ခွာ သွားတဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်းမှာ ပါဝင် မလာဘဲ ကျန်ရစ် ခဲ့ရ ပါတယ် ။

ရိုးမား အသင်းရဲ့ အသင်းခေါင်းဆောင် ပယ်လီဂရီနီ ဟာ ကြံ့ခိုင်မှု အပြည့် မရှိဘဲ အေစီမီလန် နဲ့ ပွဲကို ပါဝင် ကစား ထားခဲ့တာကြောင့် ဘိုဒို ဂလင့် နဲ့ ကစားမယ့် ယူရိုပါ ကွန်းဖရန့်လိဂ် ပွဲစဉ် ကို ပါဝင်နိုင်ဖို့ မရှိတော့ဘူး လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ယူဗင်တပ် နည်းပြဟောင်း ဖေဘီယို ကာပယ်လို က သူဟာ အယ်လီဂရီ ကို ယူဗင်တပ် နည်းပြ ရာထူးကို လက်မခံ ဖို့ အကြံပေးခဲ့တယ်လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။ ယူဗင်တပ် ဟာ ဒီရာသီမှာ အခြေအနေ ဆိုးနေပြီး အဆင့် ၉ နေရာကို ရောက်ရှိ နေခဲ့ ပါတယ် ။

ယူဗင်တပ် အသင်းအတွင်းမှာလည်း နည်းပြ အယ်လီဂရီ အပေါ် မလိုလားသူ အနည်းဆုံး ၆ ဦး အထိ ရှိနေတယ်လို့ သတင်းထွက်ပေါ် နေပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူ ခရစ်ရှန် ပူလီဆစ် ကတော့ ဒဏ်ရာ ကနေ သက်သာလာပြီ ဖြစ်ကာ ယခုအပတ် ကစားမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲ အတွက် လူစာရင်းမှာ ပါဝင်လာခဲ့တယ်လို့ သိရှိရ ပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှူးကြီး ဆာဂျီယို အဂွေရို ဟာ နှလုံးခုန် မူမမှန်တဲ့ လက္ခဏာကြောင့် ကုသမှု ခံယူ ရတော့မှာ ဖြစ်ပြီး အနည်းဆုံး ၃ လခန့် ဘောလုံး ကစားလို့ ရဦးမှာ မဟုတ်ကြောင်း ကလပ် အသင်းဘက်က ထုတ်ပြန် အသိပေး သွားခဲ့ ပါတယ် ။

ဒေါ့မွန် စီနီယာ အသင်းရဲ့ အကြီးအကဲ တဦး ဖြစ်သူ ဆီဘတ်စတီယန် ခဲလ် ကတော့ တိုက်စစ်မှူးလေး အာလင်း ဟာလန်း ဟာ ဒီရာသီမကုန်ခင် မှာ အသင်းပြောင်းဖွယ် မရှိကြောင်း ယူရို ၁၀၀ ကြေး လောင်းကြေး ထပ်လိုက်ချင် ပါတယ်လို့ ဖွင့်ဟပြောဆို သွားခဲ့ ပါတယ် ။

တောင်းဆိုမှုတွေ အကြိမ်ကြိမ် ရရှိ အပြီး မှာတော့ နိုင်ငံတကာ လက်ကိုင်ဘော ( Handball ) အဖွဲ့ချုပ် ဟာ အမျိုးသမီး အသင်းတွေကို ယခင် ဝတ်ဆင်ကစားနေတဲ့ ဘီကနီဘောင်းဘီ ၊ ဘော်လီ အကျီ အစား စွပ်ကျယ် နဲ့ ဘောင်းဘီတို တွေကို ပြောင်းလဲ ဝတ်ဆင်ဖို့ ခွင့်ပြု လိုက်ပြီလို့ သိရှိရ ပါတယ် ။

SPORTS MYANMAR