လတ်တလော ပုံစံကောင်း ရနေတဲ့ ချဲလ်ဆီး ကြယ်ပွင့် တဦးကို စိန်ခေါ်မှု တခု လုပ်လိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း နည်းပြ သောမတ်စ် တူချယ် ဟာ ယခု တကြိမ် international break မတိုင်ခင်မှာ အသင်း အတွင်း တိုက်စစ်နဲ့ ကွင်းလယ်မှာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာ အများအပြား ရှိခဲ့လို့ ၊ ပွဲထွက် အခင်းအကျင်း ကို မကြာခဏ အပြောင်းအလဲ လုပ်ခဲ့သလို ၊ ပွဲကစားခွင့် သိပ်မရထားတဲ့ ကြယ်ပွင့် အချို့ကိုလည်း နေရာ ပြန်ပေးခဲ့ပါတယ် ။

ထိုအထဲမှာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ဖူလ်ဟမ် အသင်းသို့ အငှားထွက်ခဲ့တဲ့ အင်္ဂလန် ကြယ်ပွင့် ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ၄င်းဟာ ချဲလ်ဆီး အသင်းရဲ့ နောက်ဆုံး ၇ပွဲမှာ ၆ပွဲ အထိ ကစားခွင့် ရခဲ့ကာ ၊ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ် ။

အရင်လို ကွင်းလယ် တိုက်စစ် ၊ အထောင် တိုက်စစ်မှူးရဲ့ အနောက်က ပံ့ပိုးသူ အဖြစ်နဲ့တော့ မကစားရတော့ပေမယ့် ၊ လော့ဖ်တပ်စ်ချိခ် ဟာ Box-to-Box ကွင်းလယ်လူ တဦး ၊ deep-lying ကွင်းလယ်ခံစစ် ကစားသမား တဦး အနေနဲ့ ကစားခွင့်တွေ ပြန်ရနေတာ ဖြစ်ပါတယ် ။

ဂျော်ဂျင်ဟို ကြံ့ခိုင်မှု မပြည့်တဲ့ အချိန်မှာ ၄င်းဟာ တူချယ် အတွက် အသင့်သုံးလို့ ရတဲ့ ကွင်းလယ်လူ တဦး အနေနဲ့ အသင့် ရှိနေကာ ၊ ယခု တကြိမ် international break အပြီး ပွဲတွေ ဆက်တိုက် ကစားရတော့မှာ ဖြစ်လို့ ၊ လော့ဖ်တပ်စ်ချိခ် ဟာ အားထားရတဲ့ ကွင်းလယ်လူ တဦး အနေနဲ့ ဆက်လက် ရပ်တည်ပြနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

ဒီရာသီ ဂိုးဖန်တီးမှု အချို့ ပြုလုပ်ထားပေမယ့် ၊ ဂိုးမရသေးတဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ် ကို နည်းပြ ဖြစ်သူ တူချယ် က ယခုထက် ပိုမို တောက်ပတဲ့ စွမ်းဆောင်ရည်မျိုး ပြသဖို့ စိန်ခေါ် စကား ဆိုခဲ့သလို ၊ ၄င်း အနေနဲ့ နောက်ထပ် ကန့်သတ်ချက် အသစ် ၊ ရည်မှန်းချက် အသစ် တရပ် ထားရှိဖို့ လိုအပ်နေပြီလို့လည်း တောင်းဆိုခဲ့ပါတယ် ။

တူချယ် က ” ဒါကြောင့်မို့ ရူဘင် ဟာ ကွင်းလယ်မှာ တခြား အသင်းသားတွေ ကစားပေးဖို့ အဆင်သင့် မဖြစ်သေးတဲ့ အချိန် ၊ ဝင်ကစားပေးဖို့ အသင့်ရှိနေတာပါ ။ အကယ်၍ ခင်ဗျား ဟာ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာတွေမှာ အဆင်သင့် မဖြစ်သေးဘူးဆိုရင် အခုလို ကစားခွင့်တွေ ပြန်ရဦးမှာ မဟုတ်ပါဘူး ။ ”

” ကျွန်တော်တို့ အသင်းမှာ သူ့အနေနဲ့ ကစားခွင့် အတွက် ပြိုင်ဆိုင်ရမယ့် အရည်အသွေးမြင့် ကစားသမား အများအပြား ရှိနေသလို ၊ ချဲလ်ဆီး အသင်း ပြိုင်ဆိုင်ရတဲ့ ပြိုင်ပွဲတွေကလည်း အဆင့်အတန်း မြင့်မားပါတယ် ။ ရူဘင် ဟာ ကျွန်တော်နဲ့ အလုပ်စလုပ်တဲ့ ပထမဆုံး နေ့ကတည်းက စိတ်ရောကိုယ်ပါ အရမ်း အားကောင်းတဲ့ ကစားသမား တယောက်ပါ ။ ”

” သူ့ကိုယ်သူ အလားအလာ ဘယ်လောက်ထိ ရှိတယ် ဆိုတာကိုလည်း ကောင်းကောင်း သတိထားမိပြီးသားပါ ။ ဒါဟာ အလားအလာ အကြောင်းချည်းသက်သက် မဟုတ်ပါဘူး ။ ပွဲတိုင်းမှာ အဆင်သင့် ဖြစ်နေဖို့ ၊ ကိုယ့်ရဲ့ ကန့်သတ်ချက် တခုချင်းစီ အဆင့်အထိ ရောက်ရှိဖို့နဲ့လည်း သက်ဆိုင်ပါတယ် ။ ”

” သူ့အတွက် သိပ်ပြီး မလိုအပ်သေးဘူးဆိုပေမယ့် ၊ ဒီလို ကန့်သတ်ချက် အဆင့်တွေ အထိ ရောက်ဖို့ အနည်းငယ် လိုသေးတယ် ဆိုတာကို သူ လက်ခံထားပါတယ် ။ ကျွန်တော်တို့ကတော့ သူ့ကို လိုချင်တဲ့ အဆင့်အတန်း တရပ်ဆီ ရောက်ရှိအောင် ဆက်လက် တွန်းပို့နေဦးမှာပါ ။ ”

” လောလောဆယ် သူ ဒီမှာ ကစားရတာ ပျော်ရွှင်နေသလို ၊ ကျွန်တော်တို့ကလည်း သူ့ရဲ့ လတ်တလော စွမ်းဆောင်ရည် အပေါ် အားရကျေနပ်မှု ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR