လက်ရှိ အာဆင်နယ် အသင်းကို ဟူလီယာ လက်ထက် လီဗာပူး အသင်းနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးလိုက်တဲ့ ကာရေဂါ

ဂျင်မီ ကာရေဂါ ဟာ လက်ရှိ နည်းပြ အာတီတာ ရဲ့ အာဆင်နယ် အသင်းကို သူ ကစားခဲ့ဖူးတဲ့ နည်းပြ ဟူလီယာ လက်အောက် လီဗာပူး အသင်း နဲ့ နှိုင်းယှဉ် ချီးကျူး လိုက်ပါတယ် ။

လီဗာပူး အသင်း နဲ့ အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာ ထိပ်တိုက် တွေ့ဆုံ နေကြပြီး အီယန်ရိုက် နဲ့ ​ကာရေဂါ တို့ဟာ Wrighty’s House မှာ အသင်းဟောင်းတွေ အကြောင်းကို ဆွေးနွေး ပြောဆို သွားခဲ့ကြပါတယ် ။

လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ကာရေဂါ က လူငယ်တွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားတဲ့ အာဆင်နယ် အသင်းကို ကြည့်ရတာဟာ ဟူလီယာ ရဲ့ လီဗာပူး အသင်း ကို ပြန်ပြီး အမှတ်ရ မိစေတယ်လို့ ပြော​ကြား သွားခဲ့ပါတယ် ။

” လက်ရှိ အာဆင်နယ် အသင်းကို ကြည့်ရတာ ဟူလီယာ လက်ထက် လီဗာပူး အသင်းကို ပြန်ပြီး အမှတ်ရ စေပါတယ် ။ ဟူလီယာ က လီဗာပူး မှာ ပေါလ်အင့်စ် ၊ ဖီးလ်ဘတ် ၊ မက်အတီးယား ၊ ရော်ဘီဖောင်လာ တို့ အားလုံးကို ရှင်းထုတ် ခဲ့တာပါ ၊ ရွိုင်းအီဗန် လက်ထက် က ကစားသမားတွေပေါ့ဗျာ ။ ”

” နောက်တော့ ဟူလီယာ ကျနော် အပါအဝင် ဒန်နီမာဖီ ၊ ဂျာရတ် ၊ မိုက်ကယ်အိုဝင် ၊ ရစ်ဆေး နဲ့ တခြား နိုင်ငံခြားသား ကစားသမားတွေနဲ့ အသင်းကို တည်ဆောက် ခဲ့ပါတယ် ။ လူငယ် အစုအဖွဲ့တွေနဲ့ သွားခဲ့တာပေါ့ဗျာ ။ ”

” ကျွန်တော်တို့ အမှတ်ပေး ဖလား နဲ့ ချန်ပီယံလိဂ်ဖလား တော့ မရခဲ့ပေမယ့် ဖလားတစ်ချို့တော့ ရခဲ့ပါတယ် ။ ကျွန်တော့် ကစားသမားဘဝ ကို ပြန်ကြည့်ကြည့်ရင် အဲ့ဒီ အသင်းမှာ ကစားခဲ့ရတာကို အနှစ်သက်ဆုံးပါပဲ ၊ ကိုယ်နဲ့ အတူ ကြီးပြင်းလာတဲ့ ဘော်ဒါတွေနဲ့ ကစားရတာလောက် ကောင်းတာ မရှိသေးပါဘူး ။ ”

” လက်ရှိ အာဆင်နယ် အသင်းက အမှတ်ပေးဖလား နဲ့ ချန်ပီယံလိဂ် ရဖို့ အချိန်အများကြီး ယူရဦးမှာ ဖြစ်ပေမယ့် အက်ဖ်အေ ဖလား နဲ့ ခါရာဘောင်း ဖလားတွေတော့ ရနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဂျာရတ် ၊ ကာရေဂါ နဲ့ အိုဝင် တို့ဟာ နည်းပြ ဟူလီယာ လက်ထက် လီဗာပူး အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ပြီး ၂၀၀၀-၀၁ ခုနှစ်မှာ တစ်ရာသီတည်း ယူအီးအက်ဖ်အေ ဖလား ၊ အက်ဖ်အေဖလား ၊ ခါရာဘောင်း ဖလားသုံးလုံးကို ရယူ နိုင်ခဲ့ပါတယ် ။

SM