လက်ရှိ ချဲလ်ဆီး အသင်းမှ အတူ တွဲကစားချင်တဲ့ ကြယ်ပွင့် တဦးရဲ့ အမည်ကို ထုတ်ဖော်ရင်း ၊ အကယ်ဒမီထွက် ကြယ်ပွင့် ၂ဦးရဲ့ အလားအလာကို ဟောကိန်းထုတ်လိုက်တဲ့ တယ်ရီ

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ကလပ် သမိုင်း တလျှောက် ဒုတိယ အကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးခဲ့ပြီးနောက် ၊ ဒီနှစ် ဘောလုံးရာသီမှာ ၄နှစ်တာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် ဖလားကို တကျော့ပြန် စိန်ခေါ်နိုင်ဖို့ ကြိုးစားလျက် ရှိပါတယ် ။

ယင်း ၄နှစ်တာ ကာလ အတွင်း ပရီးမီးယားလိဂ် ကို လွှမ်းမိုးထားခဲ့တဲ့ မန်စီးတီးနဲ့ လီဗာပူး အသင်းတွေကို ချဲလ်ဆီးတို့ ဒီနှစ်မှာ အနီးကပ် ပြန်ပြီး ဖိအားပေးထားနိုင်တာကို တွေ့ရပါတယ် ။ ယင်း လန်ဒန် အခြေစိုက် ကလပ်ရဲ့ လက်ရှိ ကစားသမား အင်အား ဟာလည်း ချန်ပီယံလောင်း အဆင့် ရှိတယ် ဆိုတာကို ဘယ်သူမှ ငြင်းမရနိုင်ပါဘူး ။

ဒါ့အပြင် ယခင် နည်းပြဟောင်း ဖရန့် လမ်းပတ် စင်တင်ပေးခဲ့တဲ့ အကယ်ဒမီထွက် ကြယ်ပွင့် တချို့ဟာလည်း ပွဲထွက်စာရင်းကနေ ပယ်ဖျက်လို့ မရတဲ့ အဓိက ကစားသမားတွေ အဖြစ် ရပ်တည်လာကြပြီ ဖြစ်ပါတယ် ။ ထိုအထဲမှာ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် က ထိပ်ဆုံးကနေ ပါဝင်နေပါတယ် ။

ဒီရာသီမှာ ရိစ်ဂျိမ်းစ် ဟာ ချဲလ်ဆီး အသင်းရဲ့ သွင်းဂိုး ပါဝင် ပတ်သက်မှု အများဆုံး ကစားသမား ဖြစ်ပြီး ၊ နောက်ခံလူ တဦး အနေနဲ့ ပရီးမီးယားလိဂ် ၄ဂိုး အထိ သွင်းယူထားကာ ၊ ဒီရာသီ ချဲလ်ဆီးရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နေပါတယ် ။

လက်ရှိမှာ ရိစ်ဂျိမ်းစ်ကို လီဗာပူး ညာနောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုးနဲ့ ခိုင်းနှိုင်းမှုတွေ လုပ်နေကြပြီး ၊ ဘယ်သူက ပိုကောင်းတဲ့ ကစားသမား ဖြစ်တယ် ဆိုတာကလည်း ငြင်းခုံစရာ ခေါင်းစဉ် တခု အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရိစ်ဂျိမ်းစ် ဟာ အထွတ်အထိပ် ခြေစွမ်း အဆင့် တရပ်ဆီ ရောက်ရှိနေတာကို လက်ခံရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး ဂန္တဝင် ခံစစ်မှူးဟောင်း ဂျွန်တယ်ရီ ကတော့ ရိစ်ဂျိမ်းစ် ဟာ သမိုင်း တလျှောက် အကောင်းဆုံး ညာနောက်ခံလူတောင် ဖြစ်လာနိုင်တယ်လို့ မကြာသေးခင်ကမှ စတင်ခဲ့တဲ့ ၄င်းရဲ့ ကိုယ်ပိုင် တွစ်တာ အကောင့်မှ အခုလိုပဲ ဟောကိန်း ထုတ်သွားခဲ့ပါတယ် ။

တယ်ရီ က ” ( သမိုင်းတလျှောက် အကောင်းဆုံး ညာနောက်ခံလူ ) အလားအလာ အရ ဖြစ်နိုင်ခြေ ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ ရေရှည် စွမ်းဆောင်ပြနိုင်ဖို့ က ဒီ မေးခွန်း အတွက် အဖြေ ဖြစ်နိုင်ပါတယ် ။ တနှစ်ပြီး တနှစ် စွမ်းဆောင်ပြခြင်းက ခင်ဗျားကို အကောင်းဆုံး ကစားသမား ဖြစ်စေပါတယ် ။ ”

” ရိစ် ကို ကျွန်တော် လုံးဝ သဘောကျသလို ၊ သူ့မှာ အကောင်းဆုံး ညာနောက်ခံလူ ဖြစ်လာဖို့ လိုအပ်တဲ့ အရည်အသွေး အားလုံး ရှိနေတယ်လို့လည်း ခံစားရပါတယ် ။ ” လို့ ဖြေကြားခဲ့ပါတယ် ။ ရိစ်ဂျိမ်းစ်နဲ့ အလားတူ ချဲလ်ဆီး အကယ်ဒမီထွက် တဦး ဖြစ်တဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ဟာလည်း ဒီရာသီ စွမ်းဆောင်ရည် အမြင့်မားဆုံး ကစားသမားတွေထဲ ပါဝင်လို့ နေပါတယ် ။

ရိုက်စ်နဲ့ ပတ်သက်ပြီးလည်း တယ်ရီ က ” ဒီကလန် ဟာ သူ ကစားတဲ့ နေရာမှာ ကမ္ဘာ့ အကောင်းဆုံး ဖြစ်လာနိုင်ပါတယ် ။ ” လို့ ဟောကိန်း ထုတ်ခဲ့ပြန်ပါတယ် ။ ရိုက်စ် ဟာ ဒီရာသီမှာ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် အဖြစ် အပြည့်အဝ ကစားပေးနေသလို ၊ လက်ရှိ အဆင့် ၃ နေရာမှာ ဝက်စ်ဟမ်း အသင်း ရပ်တည်နိုင်ဖို့ကိုလည်း ကြီးမားတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် စွမ်းဆောင်ပေးထားပါတယ် ။

ဒါ့အပြင် လက်ရှိ ချဲလ်ဆီး အသင်းမှ အတူ တွဲကစားချင်တဲ့ ကစားသမား တယောက် က ဘယ်သူလဲ ဆိုတဲ့ အမေးမှာလည်း ၊ တယ်ရီ က ” သီယာဂို ဆေးလ်ဗား ။ ကျွန်တော် သူ့ကို လုံးဝ သဘောကျပါတယ် ။ သူနဲ့ အတူလည်း တူကစားချင်ခဲ့မိပါတယ် ။ သူဟာ အရာရာကို ရိုးရိုးရှင်းရှင်းပဲ ကိုင်တွယ် ဖြေရှင်းတတ်ပါတယ် ။ လုံးဝ တော်တဲ့ နောက်ခံလူ တယောက်ပါ ။ ” လို့ ဖြေကြားခဲ့ပါတယ် ။

SPORTS MYANMAR