ရွှေဘောလုံး အားပြိုင်မှုနဲ့ ပတ်သက်ပြီး မဟုတ်မမှန်ပြောခဲ့တဲ့ အယ်ဒီတာချုပ် ကို ရိုနယ်ဒို ဒေါသတကြီး ဝေဖန်ပြောဆို

မန်ချက်စတာ ယူနိုက်တက် နဲ့ ပေါ်တူဂီ အသင်းတို့ရဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို က သူ ဟာ ရွှေဘောလုံးဆု မှာ ပြိုင်ဘက် လီယွန်နယ် မက်ဆီ ထက် ပိုပြီး အသာ ရရှိကာ အနားယူလိုတဲ့ ဆန္ဒ ရှိတယ် လို့ ထုတ်ဖော် ပြောဆို ခဲ့တဲ့ အယ်ဒီတာချုပ် ရဲ့ စကားကို ငြင်းပယ် သွားခဲ့ပြီး ဒေါသတကြီး တုန့်ပြန် သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ မနေ့ညက ပြင်သစ် နိုင်ငံ ပဲရစ်မြို့မှာ ပြုလုပ် ခဲ့တဲ့ ၂၀၂၁ ခုနှစ် ရဲ့ ရွှေဘောလုံး ဆုပေးပွဲ အခမ်း အနားကိုလည်း တက်ရောက်ခြင်း မရှိခဲ့ ပါဘူး ။

ပြီးခဲ့တဲ့ ပိတ်ရက် တုန်းက ရွှေဘောလုံး ဆု ကို ကမကထ ပြုလုပ်တဲ့ L’Equipe Magazine ရဲ့ အယ်ဒီတာချုပ် တဦး ဖြစ်သူ ပါစကယ် ဖာရီ ဟာ ရိုနယ်ဒို မှာ ရည်မှန်းချက် တခုသာ ရှိကြောင်း အဲ့ဒါဟာ မက်ဆီ ထက် ရွှေဘောလုံးဆု ပိုများများ နဲ့ အနားယူလိုတာ ဖြစ်ကြောင်း ၊ ဒီ ရည်မှန်းချက် ကို သူ့ကို ပြောပြ ထားလို့ သူ သိနေရတာ ဖြစ်ကြောင်းကို ပြောဆို ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ယမန်နေ့ ညပိုင်းမှာတော့ ရိုနယ်ဒို ဟာ ပါစကယ် ဖာရီ ရဲ့ ပြောဆိုမှု ကို ငြင်းဆို သွားခဲ့သလို အယ်ဒီတာချုပ် ဖာရီ ဟာ သူ့ရဲ့ အမည် ကို အသုံးချပြီး လူသိများလာအောင် လုပ်ဆောင် ခဲ့တာလို့ ဝေဖန် ခဲ့ ပါတယ် ။

ဒါ့အပြင် သူ့ရဲ့ အကြီးမားဆုံးသော ရည်မှန်းချက် က ဘာဖြစ်တယ် ဆိုတာကိုလည်း ရိုနယ်ဒို က ဆိုရှယ် မီဒီယာ က တဆင့် ထုတ်ဖော် ရေးသား သွားခဲ့ ပါတယ် ။

“ဒီနေ့ ပြောချင်တာ ကတော့ ပြီးခဲ့တဲ့ အပတ်က ပါစကယ် ဖာရီ ပြောသွားတဲ့ ကျွန်တော် က မက်ဆီ ထက် ရွှေဘောလုံးဆု အသာ ရပြီး အဆုံးသတ်ချင်တယ် ဆိုတဲ့ နှုတ်ထွက် စကား အကြောင်းပါပဲ ။

ပါစကယ် ဖာရီ လိမ် ခဲ့ တာပါ ၊ ကျွန်တော့ နာမည်ကို သုံးပြီး သူ့ကိုယ်သူ ၊ သူ့ရဲ့ အလုပ် နဲ့ ရာထူးတွေ ကို မားကတ်တင်း ဆင်းခဲ့တာ ပါပဲ ။

ဒီလို ဂုဏ် သိက္ခာကြီးမားတဲ့ ဆုတခုကို ကမကထ ပြုလုပ်တဲ့ နေရာက တာဝန်ရှိသူ တယောက်ဆီက အခုလို အလိမ်အညာ စကားတွေ ထွက်လာတာ လက်ခံလို့ မရတဲ့ အရာပါပဲ ။

အထူးသဖြင့် ရွှေဘောလုံး နဲ့ France Football ( L’Equipe Magazine ) တို့ အပေါ် လေးစားမှု ရှိတဲ့ သူ တယောက် အပေါ်ကိုပေါ့”

“ပြီးတော့ ဒီဆုပေးပွဲ ကို ကျွန်တော် မလာတာနဲ့ ပတ်သက်ပြီးလည်း မဟုတ်မမှန် သတင်းတွေ ထပ်လွှင့် ပြန်ပါတယ် ။

ဒီဆု ကို ဘယ်သူပဲ ရရ ကျွန်တော် က အမြဲ ဂုဏ်ပြု ပေးခဲ့ ပါတယ် ။ ဘာလို့လည်း ဆိုတော့ ဘယ်သူ့ အပေါ်မှာ မနာလိုတာမျိုး မရှိခဲ့လို့ ပါပဲ ။

ကျွန်တော် က ကျွန်တော် ကိုယ်တိုင် နဲ့ ကျွန်တော် ကိုယ်စားပြုတဲ့ ကလပ် အသင်း အတွက် အကောင်းဆုံး ဖြစ်အောင် အမြဲ ကြိုးစားပြီး အောင်ပွဲတွေ ရအောင်ပဲ အဓိက အာရုံစိုက်ပါတယ် ။ ဘယ်သူ့ အပေါ်ကိုမှ မနာလို တာမျိုး မရှိခဲ့ ပါဘူး”

“ကျွန်တော့ ဘ၀ ရဲ့ အကြီးမားဆုံးသော ရည်မှန်းချက် က ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၊ ကျွန်တော် ကစားနေတဲ့ ကလပ် အသင်းတွေ အတွက် ဆုဖလားတွေ ရယူပေးချင်တာ ပါပဲ ။

နောက်ထပ် ရည်မှန်းချက် တခု ကတော့ ဘောလုံး အားကစား ၊ ဘောလုံးသမား ဖြစ်ချင်တဲ့ သူတွေ အတွက် စံပြု ထိုက်လောက်တဲ့ သူတယောက် ဖြစ်ချင်တာပါ ။

ဘောလုံး အားကစားရဲ့ သမိုင်းမှာ ကျွန်တော့ နာမည်ကို ရွှေစာလုံးတွေနဲ့ ရေးထိုး မှတ်တမ်းတင် ခံရချင်တာပါ ၊ ဒါတွေက ကျွန်တော့ ရဲ့ ရည်မှန်းချက်ကြီးတွေ ပါပဲ”

“အခု ကျွန်တော် မန်ချက်စတာ ယူနိုက်တက် ရဲ့ လာမယ့် ပွဲတွေ အတွက်ပဲ အဓိက အာရုံစိုက်ထားတယ်လို့ ပြောရင်းနဲ့ပဲ နိဂုန်းချုပ်ချင် ပါတယ် ။

ဒီရာသီ ကို အသင်းဖော်တွေ ၊ ပရိသတ်တွေ အားလုံးနဲ့ အတူ လှလှပပ ပိတ်သိမ်း နိုင်ဖို့ အခွင့်အရေး ရှိနေတုန်း ပါပဲ ။

ကျန်တာ ကတော့ နောက်ပိုင်းမှပေါ . . .” လို့ ရိုနယ်ဒို က သူ့ရဲ့ ဆိုရှယ်မီဒီယာ မှာ ရေးသား ခဲ့တာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR