ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွေ့ရန် မန်ချက်စတာယူနိုက်တက် စတားကို တိုက်တွန်းလိုက်တဲ့ လီဗာပူးဟီးရိုး မက်မာနာမန်

စတီဗီမက်မာနာမန်က မန်ချက်စတာယူနိုက်တက် စတား ပေါလ်ပေါ့ဘာကို အိုးထရပ်ဖို့ဒ် ကနေ ထွက်ခွာကာ စပိန် အင်အားကြီး ကလပ် ရီးရဲယ်မက်ဒရစ် အသင်းထံ ပြောင်းရွေ့ရန် တိုက်တွန်း သွားခဲ့ပါတယ်။ ပေါ့ဘာရဲ့ လက်ရှိ စာချုပ်ဟာ လာမည့် နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး လာမည့် ဇန်နဝါရီ ၁ ရက်နေ့က စတင်ကာ နိုင်ငံခြား ကလပ်တစ်ခုခုနဲ့ အကြို သဘောတူစာချုပ် ချုပ်ဆိုခွင့် ရှိနေပါတယ်။

မန်ယူနိုက်တက်နဲ့ စာချုပ် သက်တမ်းတိုးသွားဖို့ အခြေအနေ သိပ်မရှိတဲ့ ပေါ့ဘာကို ရီးရဲယ်မက်ဒရစ်နဲ့ ပဲရစ်စိန့်ဂျာမန်း အသင်းတို့က ခေါ်ယူရန် စိတ်၀င်စားလျက် ရှိနေကြပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ယူနိုက်တက် အတွက် ကောင်းစွာ ကစားပေးနိုင်ခြင်း မရှိခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး နောက်ပိုင်း ပွဲစဉ်တွေမှာ နည်းပြ ဆိုးရှားရဲ့ ဦးစားပေးမှုကို မခံရဘဲ ဖြစ်ပါတယ်။

လီဗာပူး ကွင်းလယ်လူဟောင်း မက်မာနာမန်က ပေါ့ဘာ အနေနဲ့ သူ့ကစားသမား ဘ၀ ကောင်းကျိုး အတွက် ယူနိုက်တက် ကနေ ထွက်ခွာကာ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွေ့သင့်တယ်လို့ အကြံပေး သွားခဲ့ပါတယ်။

မက်မာနာမန်က “ရီးရဲယ်မက်ဒရစ် အတွက် ပေါ့ဘာကို ခေါ်ယူဖို့ ကိစ္စဟာ လွယ်ကူမှု ရှိတဲ့ အရာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ပေါ့ဘာကို အလွတ် ပြောင်းရွေ့ကြေးနဲ့ ရမှာ ဖြစ်တာကြောင့် ဒီအပြောင်းအရွေ့ အတွက် သိပ်ပြီး စွန့်စား သွားစရာ မရှိလို့ပါ။ ရီးရဲယ် အနေနဲ့ သူတို့အသင်းရဲ့ ကွင်းလယ် အခြေအနေကိုလည်း ထည့်တွက် ရမှာ ဖြစ်ပါတယ်။ သူတို့ ကွင်းလယ်မှာ အသက် ၃၆ နှစ် ရှိနေပြီ ဖြစ်တဲ့ လူကာမိုဒရစ် ၊ ၃၀ ထဲကို ၀င်လာခဲ့ပြီ ဖြစ်တဲ့ တိုနီခရူး နဲ့ ဖေဖော်ဝါရီမှာ အသက် ၃၀ ပြည့်တော့မယ့် ကတ်စမီရို တို့ ရှိနေပါတယ်။

ဒါ့ကြောင့် သူတို့ဟာ ကွင်းလယ်လူ တစ်ဦး ရှာဖွေနေတာပါ။ သူတို့ရဲ့ အရန် လူစာရင်းမှာ လူငယ် ကစားသမားတွေတော့ ရှိနေတာ မှန်ပါတယ်။ ပေါ့ဘာကို ခေါ်ယူဖို့ဟာ သူတို့အတွက် ကြီးမားတဲ့ ပြသနာ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ဒီအချိန်မှာ ရီးရဲယ်နဲ့ ထိုက်တန်လောက်အောင် အကောင်းဆုံး ကစားပြနေသလား? ဒီလို မဟုတ်ဘူး ဆိုတာတော့ လွယ်လွယ်ကူကူ ပြောလို့ ရပါတယ်။

သူဟာ လီဗာပူးနဲ့ ပွဲမှာ လူစား၀င်လာပြီးနောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် မပြနိုင်ခဲ့ပါဘူး။ အတ္တလန်တာနဲ့ ပွဲမှာလည်း သူဟာ တကယ့်ကို လေးလံနေပြီး ဘောလုံး အပျက်တွေလည်း များပြားခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ form ဟာ ရီးရဲယ်မက်ဒရစ်မှာ နေရာရလောက်အောင် လုံလောက်တဲ့ ကောင်းမွန်မှု မရှိပါဘူး။ ဒါပေမယ့်လည်း သူဟာ ဂျူဗင်တပ် နဲ့ ပြင်သစ် တို့မှာ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပါတယ်။ အပြောင်းအလဲ လုပ်တာ သူ့အတွက် ကောင်းလိမ့်မယ်လို့ သူ့ဘက်က ခံစားမိနေနိုင်ပါတယ်။ သူ့ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အချက်ကြောင့် အသင်းများစွာက သူ့ကို အလို ရှိနေမှာပါ။ ဒီအပိုင်းမှာ ပြသနာ မရှိပါဘူး။

လက်ရှိ ယူနိုက်တက်အသင်းဟာ သူ့ရဲ့ အရည်အသွေးကို ကောင်းစွာ အသုံးမချနိုင်တာလား ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွေ့ခဲ့မယ် ဆိုရင်တော့ သူတို့ဘက်က ထုတ်ယူနိုင်လောက်ပါတယ်။ အမ်ဘက်ပေ ဒါမှမဟုတ် ဟာလန်း တစ်ဦးဦးသာ သူ့ရှေ့မှာ ရှိနေခဲ့မယ် ဆိုရင် သူဟာ မက်ဒရစ်မှာ တကယ့် စူပါစတား ဖြစ်နိုင်ဆဲ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM