ရိုနယ်ဒို နဲ့ လီဝန်ဒေါ့စကီး တို့ ထိပ်တိုက်တွေ့ကြတဲ့ ချန်ပီယံလိဂ် တပတ်တာ အကောင်းဆုံး ဆု ၂ ခု

ချန်ပီယံလိဂ် ပွဲစဉ် ၄ ကတော့ ပြီးဆုံး သွားခဲ့ ပါပြီ ။ ဘိုင်ယန်မြုးနစ် ၊ အိုင်ယက်စ် ၊ လီဗာပူး နဲ့ ယူဗင်တပ် တို့ကတော့ ၄ ပွဲ ကစား အပြီးမှာပဲ နောက်တဆင့် ကို တက်ရောက်ဖို့ သေချာ သွားခဲ့ ပါပြီ ။ လက်ကျန် ပွဲတွေမှာ သူတို့ အတွက် အုပ်စု ပထမ နေရာ ရရှိရေး ကိုသာ အာရုံစိုက် ရတော့မှာပါ ။ ကျန်တဲ့ အသင်းတွေ ကတော့ နောက်လာမယ့် ပွဲစဉ်တွေမှာ ဆက်ပြီး ကြိုးစား ရဦးမှာ ဖြစ်ပါတယ် ။

ပွဲစဉ် တခုပြီးသွားတိုင်း မှာ ဒီတပတ် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား နဲ့ အကောင်းဆုံး သွင်းဂိုး ဆုတွေကို ရွေးချယ် ပေးအပ်လေ့ ရှိပါတယ် ။ ဒီတပတ် မှာတော့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ဘိုင်ယန်မြုးနစ် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး တို့ဟာ ၂ ဆုလုံး အတွက် စကာတင် စာရင်းမှာ ပါဝင် လာခဲ့ကြပြီး အဓိက အားပြိုင် ကြရဖို့ ရှိနေပါတယ် ။

ချန်ပီယံလိဂ် ပွဲစဉ် ၄ ရဲ့ တပတ်တာ အကောင်းဆုံး ကစားသမားဆု အတွက် စကာတင် စာရင်းကို ရိုနယ်ဒို ၊ လီဝန်ဒေါ့စကီး တို့ အပြင် ဒိုင်ဘားလား နဲ့ ပက်ဒရို ဂွန်ကားဗက် တို့ ပါဝင် လာခဲ့ကြပါတယ် ။ ၄ ယောက်စလုံး ဟာ သူတို့ အသင်းတွေ အတွက် သွင်းဂိုးတွေ နဲ့ ကူညီပေးခဲ့ကြပြီး အဖိုးတန် ရမှတ်တွေကို ယူဆောင်ပေးခဲ့ ကြပါတယ် ။

လီဝန်ဒေါ့စကီး ကတော့ စကာတင်တွေ ထဲမှာ ဂိုးအများဆုံး ရယူနိုင်ခဲ့သူ ဖြစ်ပြီး ဘင်ဖီကာ အသင်းကို ၅-၂ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ ဘိုင်ယန် အတွက် ဟက်ထရစ် သွင်းယူပေးခဲ့သူ ဖြစ်ပါတယ် ။ ပေါ်လို ဒိုင်ဘားလား ကလည်း ဇင်းနစ် ကို ၄-၂ နဲ့ နိုင်တဲ့ ပွဲမှာ ယူဗင်တပ် အတွက် ၂ ဂိုး သွင်းယူပေးခဲ့တာပါ ။ ဒီဂိုးတွေဟာ သူတို့ အသင်းတွေ ကို အနိုင် ရစေရုံသာမက အုပ်စု အဆင့်ကနေလည်း နောက်တဆင့်ကို တက်ရောက်စေနိုင်ခဲ့ ပါတယ် ။

စပို့တင်း လစ္စဘွန်း ကစားသမား ပက်ဒရို ဂွန်ကားလ်ဗက်စ် ကတော့ ဘက်ဆစ်တပ် အသင်းကို ၄-၀ နဲ့ အနိုင် ရခဲ့တဲ့ မနေ့ညက ပွဲမှာ ၂ ဂိုး သွင်းယူပေးခဲ့ ပါတယ် ။ ဒီနိုင်ပွဲကြောင့် စပို့တင်း တို့ ရမှတ် ၆ မှတ် နဲ့ အုပ်စု နောက်တဆင့် တက်နိုင်ဖို့ အခွင့်အရေး ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။

ရိုနယ်ဒို ကတော့ အတ္တလန်တာ နဲ့ ၂ ဂိုးစီ သရေကျတဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ချေပဂိုး ၂ ဂိုး စလုံးကို သွင်းပေးခဲ့ ပါတယ် ။ ဒီဂိုးတွေကြောင့် ယူနိုက်တက် ဟာ အမှတ်ပေး ဇယား ကို ဆက်လက် ဦးဆောင် နိုင်မယ့် အဖိုးတန် ၁ မှတ်ကို ရရှိခဲ့ပြီး နောက်တဆင့် တက်ရောက်နိုင်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင် သွားစေခဲ့ ပါတယ် ။

တပတ်တာ အကောင်းဆုံး သွင်းဂိုးဆု အတွက် စကာတင် စာရင်းမှာတော့ ရိုနယ်ဒို ၊ လီဝန်ဒေါ့စကီး ၊ အန်မီချာ နဲ့ ဘန်ဇီးမား တို့ ပါဝင်ခဲ့ကြပါတယ် ။ ဝုဖ်ဘတ် တိုက်စစ်မှူးလေး အန်မီချာ ကတော့ ဆဲဘတ် ကို ၂-၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ ကွင်းလယ် ကနေ ကန်တင် ပေးလိုက်တဲ့ ဘောလုံးကို ရင်ဘတ် ၊ ခြေထောက် တို့နဲ့ တချက်စီ ထိန်းကာ မြေမကျ ကန်သွင်းခဲ့တာ ဖြစ်ပြီး ဘောလုံးဟာ ဂိုးသမားရဲ့ ဘယ်ဘက် အပေါ်ထောင့်ထဲ ကနေ ဂိုးဝင် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

လီဝန်ဒေါ့စကီး ရဲ့ သွင်းဂိုး မှာတော့ အဆင့်မြင့် တန်ပြန် တိုက်စစ် နဲ့ တိုက်စစ်မှူးကောင်း တယောက်ရဲ့ သွေးအေးတဲ့ အဆုံးသတ် စွမ်းရည်ကို မြင်တွေ့ ခဲ့ရ ပါတယ် ။ ဘင်ဖီကာ နဲ့ ပွဲမှာ ဘိုင်ယန်ဟာ တန်ပြန် တိုက်စစ် ကနေ တွဲလုံးနဲ့ ဆာနေး ဆီကို ဘောလုံး အရောက်ပို့ပေး ခဲ့ပြီး ဆာနေး ဟာ သူ့ကို ဝန်းရံ ထားတဲ့ ကစားသမား ၃ ယောက် ကြားကနေ လီဝန်ဒေါ့စကီး ရဲ့ ပြေးလမ်းကြောင်းထဲကို ဘောလုံး ခင်းပေးခဲ့ ပါတယ် ။ ပိုလန်သားကြီး ဟာ ရှေ့တက်လာတဲ့ ဂိုးသမား ကို အသာအယာ ကျော်ထည့်ပြီး ဂိုးသွင်းယူ သွားခဲ့တာပါ ။

ရိုနယ်ဒို ကတော့ အတ္တလန်တာ ရဲ့ ဦးဆောင်မှုကို ပထမ အကြိမ် ချေပ ခဲ့တဲ့ ဂိုးနဲ့ ဒီစာရင်းထဲ ကို ပါဝင်လာခဲ့ ပါတယ် ။ ပထမပိုင်းပြီးဆုံး ခါနီးမှာ ယူနိုက်တက် တို့ တိုက်စစ်ဆင်ရင်း ဂိုး ဧရိယာ ထဲမှာ ဘရူနို ဖာနန်ဒက်စ် နောက်ပေါက် နဲ့ ပြန်ချ ပေးတဲ့ ဘောလုံးကို ရိုနယ်ဒို က အပိုင် အဆုံးသတ် ကန်သွင်းယူခဲ့တာပါ ။ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ ဒီလို ဂိုးမျိုးက မြင်ရခဲ့တဲ့ ဂိုး ဖြစ်နေခဲ့မှာပါ ။

ဘန်ဇီးမား ရဲ့ သွင်းဂိုး ကတော့ စကာတင် ဂိုးတွေထဲမှာ တွဲလုံး အလှဆုံးလို့ ပြောလို့ရ ပါတယ် ။ ဘရာဇီးသား ၂ ယောက် ဖြစ်တဲ့ ဗီနီဆီယပ် နဲ့ ကက်စမဲရိုး တို့ရဲ့ ပေါင်းစပ်မှု ကနေ ရရှိ လာတဲ့ ဖန်တီးမှု ကို ပြင်သစ်သားကြီးက အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာပါ ။ ဒီဂိုး ကို ဖြစ်ပေါ်စေတဲ့ ဗီနီဆီယပ် နဲ့ ကက်စမဲရိုး တို့ရဲ့ ၁-၂ ရိုက်မှု ဟာ စကာတင် မှာ ပါဝင်ဖို့ ထိုက်တန်စေခဲ့ ပါတယ် ။

ဘယ်သူက တပတ်တာ အကောင်းဆုံး ကစားသမား ဆု နဲ့ သွင်းဂိုး ဆုတွေကို ရရှိ သွားမယ် ထင်သလဲဗျာ . . .

 

SPORTS MYANMAR