ရိုနယ်ဒို ကို ချီးကျူးလိုက်ပြီး သူ့အသင်းသားတွေအတွက် ဂုဏ်ယူကြောင်း ပြောသွားတဲ့ အတ္တလန်တာ နည်းပြကြီး ဂက်စပါရီနီ

 

အတ္တလန်တာ အသင်းရဲ့ နည်းပြကြီး ဂီယန် ပီယာရို ဂက်စပါရီနီ က သူ့ အနေနဲ့ ယမန်နေ့ ညက မန်ချက်စတာ ယူနိုက်တက် နဲ့ပွဲက အတ္တလန်တာ အသင်းသားတွေ ရဲ့ ကစားပုံ အပေါ် ဂုဏ်ယူ မိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

အတ္တလန်တာ ဟာ မန်ချက်စတာ ယူနိုက်တက် ကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ပြီး ၂ ဂိုးစီ သရေ ကျခဲ့ ပါတယ် ။

အတ္တလန်တာ ဟာ ယူနိုက်တက် ကို ၂ ကြိမ်တိုင် ဦးဆောင် နိုင်ခဲ့ပြီး ပွဲကိုလည်း ကောင်းစွာ ထိန်းချုပ် ကစားနိုင်ခဲ့ ပါတယ် ။

အထူးသဖြင့် ဒုတိယပိုင်းမှာ အတ္တလန်တာ ကစားသမားတွေဟာ ယူနိုက်တက် ရဲ့ ဘောလုံး လမ်းကြောင်းတွေကို အကြိမ်ကြိမ် ပိတ်ဆို့ တားဆီး နိုင်ခဲ့ပြီး ယူနိုက်တက် နောက်တန်းက ဘောလုံးတွေ ဟာ ရှေ့ ကို မရောက်ဘဲ ဖြစ်ခဲ့ရ ပါတယ် ။

ဒါပေမယ့် ခရစ္စတီယာနို ရိုနယ်ဒို လို ပွဲအဖြေကို ပြောင်းလဲ နိုင်တဲ့ ကစားသမားမျိုး ပါဝင် လာတာဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ကံကောင်း စေခဲ့ပြီး အတ္တလန်တာ အတွက်တော့ ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ရလဒ်ကို မရရှိစေဘဲ ဖြစ်ခဲ့ရ ပါတယ် ။

ပထမ အကျော့ အိုးထရက်ဖိုဒ့် မှာ ကစားခဲ့စဉ်တုန်းကလည်း ၂-၀ နဲ့ အနိုင် ရနေတဲ့ အတ္တလန်တာ ကို ၃-၂ နဲ့ ရှုံးနိမ့် စေခဲ့ရာမှာ ယူနိုက်တက် ရဲ့ တတိယ ဂိုးကို သွင်းယူပေးခဲ့တဲ့ ရိုနယ်ဒို ဟာ မနေ့ညက ပွဲမှာလည်း ယူနိုက်တက် ရဲ့ သူရဲကောင်း ဖြစ်ခဲ့ပြန် ပါတယ် ။

ရိုနယ်ဒို ဟာ အီလီချစ် နဲ့ ဇာပါတာ တို့ရဲ့ ဦးဆောင်ဂိုး တွေကို ၂ ကြိမ်တိုင် ပြန်လည် ချေပ ပေးခဲ့ပြီး ယူနိုက်တက် ကို အဖိုးတန် ၁ မှတ် ယူဆောင်ပေးခဲ့ ပါတယ် ။

ပွဲ ၁ မှတ်ကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ အမှတ်ပေး ဇယား ထိပ်မှာ ဆက်လက် ရပ်တည် နိုင်ခဲ့သလို အတ္တလန်တာ အပေါ်လည်း ထိပ်တိုက် တွေ့ဆုံမှု အသာစီး ရရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။

“ရိုနယ်ဒို ရဲ့ မှော်ဆန်တဲ့ အခိုက်အတန့်သာ မရှိခဲ့ဘူး ဆိုရင် ကျွန်တော်တို့ အတွက် တကယ်ကို ကျေနပ် ပျော်ရွှင် စရာကောင်းတဲ့ ညနေခင်းလေး ဖြစ်လာမှာပါ ။

ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကွင်း ကိုယ့် ပရိသတ်တွေရှေ့မှာ ဥရောပ ရဲ့ အင်အားကြီး အသင်းတသင်း ကို ဧည့်ခံပြီး အကောင်းဆုံး ကစားပြ နိုင်ခဲ့ ပါတယ် ။ ဒီအတွက်ကြောင့်ပဲ ပွဲအပြီးမှာ အောင်ပွဲခံ ခဲ့ကြတာပါ ။

အနိုင် ရလဒ်က တကယ့်ကို ပြီးပြည့်စုံ စေမှာပါ ။ နီးလည်း နီးစပ် ခဲ့ ပါတယ် ။ ၈၀ ရာခိုင်နှုန်း ပျော်ခဲ့ရပြီး နောင်တ ၂၀ ရာခိုင်နှုန်းလောက် တော့ ပြန်ရခဲ့တယ်လို့ ဆိုရမှာပါ” လို့ အတ္တလန်တာ နည်းပြကြီး ဂက်စပါရီနီ က ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ ဂိုးပို ရနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် အခုက မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီးမျိုးနဲ့ ရင်ဆိုင် ကစားခဲ့ရတာပါ ။ ဒီလိုပွဲမျိုးတွေ က ၉၅ မိနစ်လုံး အပြည့်အ၀ အားထုတ် ကစားရမယ့် ပွဲတွေ ပါပဲ ။

ဘာလို့လည်း ဆိုတော့ တဘက်အသင်းမှာ ထိပ်တန်း ကစားသမားတွေ အများကြီး ပါနေလို့ပါ ။ အထူးသဖြင့် ရိုနယ်ဒို လို ကစားသမားမျိုးဟာ ဘယ်လို အချိန်မှာပဲ ဖြစ်ဖြစ် ခြားနားမှုတွေကို ဖြစ်စေတတ် လို့ပါပဲ”

“အခု ဗီလာရီးရဲ နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ဘယ်လို ရလဒ် ထွက်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့် ရပါတော့မယ် ။ ဒါပေမယ့် ကျွန်တော်တို့ ဘက်ကလည်း ကိုယ်လုပ်စရာ ရှိတာကို လုပ်သွားရမှာပါ ။ နောက်တဆင့် တက်ဖို့က အခုထိ ကျွန်တော်တို့ လက်ထဲမှာ ရှိနေတုန်းပါပဲ” လို့ ဂတ်စပါရီနီ က ဆက်လက် ပြောဆို သွားခဲ့ ပါတယ် ။

အတ္တလန်တာ ဟာ အုပ်စု ပွဲစဉ် ၅ မှာ ယန်းဘွိုင်းစ် အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး နောက်ဆုံးပိတ် ပွဲစဉ် မှာတော့ ဗီလာရီးရဲ အသင်းနဲ့ ရင်ဆိုင် ကစား သွားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR