ရိစ်ဂျိမ်းစ်နဲ့ အာနိုးမှာ ဘယ်သူက အင်္ဂလန် ဦးစားပေး ညာနောက်ခံလူ ဖြစ်သင့်လဲ ဆိုတာ ငြင်းခုံခဲ့ကြတဲ့ ရီယို ဖာဒီနန်နဲ့ မိုက်ကယ် အိုဝင်

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲကောင်း တပွဲ ဖြစ်တဲ့ အမ်းဖီးလ် က လီဗာပူး – အက်သလက်တီကို ထိပ်တိုက် တွေ့ဆုံမှုမှာ အိမ်ရှင် လီဗာပူး အသင်း က ပထမပိုင်း အတွင်း ရခဲ့တဲ့ ဒီယိုဂို ဂျိုတာ ၊ ဆာဒီယို မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ် ။

ဒီရလဒ်ကြောင့် အများက ခေါ်ဝေါ် သမုတ်ကြတဲ့ မရဏ အုပ်စုမှာ ဗိုလ်အဖြစ်နဲ့ လီဗာပူးတို့ ၁၆ သင်း အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ထို အနိုင်ဂိုး ၂ဂိုးလုံးကို အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုးကပဲ ဖန်တီးပေးသွားခဲ့ပါတယ် ။

အင်္ဂလန် လက်ရွေးစင် အဆင့်မှာ talent အများဆုံး ရှိတဲ့ နေရာဟာလည်း ညာနောက်ခံလူ နေရာ ဖြစ်တာကြောင့် ၊ မနေ့က ပွဲအပြီးမှာ ထိုနေရာ အတွက် ဘယ်သူက အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပထမ ဦးစားပေး နောက်ခံလူ ဖြစ်သင့်သလဲ ဆိုတဲ့ ငြင်းခုံမှုတွေလည်း တဖန် ပြန်လည် စတင်လာပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ဟာလည်း နောက်ဆုံး ပါဝင် ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ volley ကန်ချက်နဲ့ ၂ဂိုး သွင်းယူနိုင်ခဲ့ပြီး ၊ အဖိုးတန် ၃မှတ် ရအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ၊ လူအများရဲ့ ချီးကျူးမှုကို ခံထားရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူး ရီယို ဖာဒီနန် ကတော့ သူ့အမြင်မှာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ရိစ်ဂျိမ်းစ် က အာနိုးကို ကျော်ဖြတ်ပြီး နေရာ ရသင့်တဲ့ အကြောင်းနဲ့ ပတ်သက်ကာ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ချပြခဲ့ပါတယ် ။

BT Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဖာဒီနန် က ” ကျွန်တော်တို့ဟာ ထရန့်ဆီကနေ တခါတလေ သူ့ရဲ့ အရည်အသွေးကို အပြည့်အဝ အသုံးမချနိုင်တာကို မြင်တွေ့ထားပြီး ဖြစ်တာကြောင့် ၊ လတ်တလော စွမ်းဆောင်ရည် အရ ရိစ် ဟာ အင်္ဂလန်မှာ ပွဲထွက်ခွင့် ပိုရဖို့ ရေပန်းစားနေတဲ့ပုံ ပေါ်နေပါတယ် ။ ”

” သူဟာ အံ့သြဖွယ် ကစားသမား ဖြစ်ပြီး ၊ စတီဗင် ဂျရတ်လို အဝေးကန်ချက်ကောင်းသူ ဖြစ်ပါတယ် ။ ဒါပေမယ့် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ညာနောက်ခံလူ နေရာ အတွက် ပွဲထွက်ခွင့် ဘယ်သူ ရသင့်လဲ ဆိုပြီး ဆွေးနွေးတဲ့ နေရာမှာ ရိစ် က လက်ရှိ ခြေစွမ်း အရ နေရာရဖို့ စစ်မှန်တဲ့ ထိုက်တန်မှု ရှိပါတယ် ။ ”

” လက်ရှိ ကစားပုံ အရဆိုရင် ရိစ် ဟာ ထရန့်ကို ကျော်ပြီး အင်္ဂလန်မှာ နေရာ အပေးခံရဖို့ ဆိုတာ လုံးဝ မဖြစ်မနေ စဉ်းစားရမယ့် အရာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ လီဗာပူး တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် ကတော့ ဖာဒီနန်ရဲ့ အမြင်ကို သဘောမတူပဲ ၊ ရိစ်ဂျိမ်းစ် ဟာ အာနိုး အဆင့်ကို မရောက်သေးကြောင်း ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့ပါတယ် ။

အိုဝင် က ” ကျွန်တော် ကတော့ ကီရန် ထရစ်ပီယာနဲ့ ရိစ်ဂျိမ်းစ် တို့ဟာ ထရန့်ရဲ့ အဆင့်မှာ ရှိနေတယ်လို့ မထင်ပါဘူး ။ တချို့သော အခြေအနေတွေမှာ ဂါရတ် ဆောက်ဂိတ် ဟာ ရိစ်ဂျိမ်းစ်ကို ကိုင်လ်ဝေါ်လ်ကာရဲ့ အရန် အနေနဲ့ ထရန့်ကို ကျော်ပြီး ဘာကြောင့် ရွေးချယ်ရသလဲ ဆိုတာ ကျွန်တော် နားလည်ပါတယ် ။ ”

” ကျွန်တော်တို့ဟာ ညာနောက်ခံ နေရာ အတွက် အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီး ပိုင်ဆိုင်ထားပါတယ် ။ ထရန့် ကတော့ သူကစားတဲ့ အသင်းကနေ အကျိုးများစွာ ရခဲ့သူပါ ။ သူ တိုက်စစ်ကို တက်ကစားတဲ့အခါ ၊ ဟန်ဒါဆင် က သူ့နေရာ အတွက် ဝင်ဖြည့်ပေးရပါတယ် ။

” အစွန် နောက်ခံလူတွေ ဆိုတာ တိုက်စစ်ကို လိုက်ပါခွင့် ရှိပါတယ် ။ သူတို့ ၂ယောက်လုံး ခံစစ်မှာလည်း တော်ကြပါတယ် ။ ဂျိမ်းစ် ဟာ တိုက်စစ် တက်ကစားတဲ့အခါ အထောင် တိုက်စစ်မှူးလို အဆုံးသတ်မျိုး ပိုင်ဆိုင်ထားပါတယ် ။ ထရန့် ကတော့ ဂိုးဖန်တီးမှု ပိုအားကောင်းတာပေါ့ ။ ”

” ပြီးခဲ့တဲ့ ယူရိုဖိုင်နယ်မှာ အင်္ဂလန်ရဲ့ ခြေစွမ်းကို ကြည့်ပြီး ကျွန်တော် စိတ်ပျက်ခဲ့မိပါတယ် ။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ အရည်အသွေးမြင့် တိုက်စစ် ကစားသမားကောင်း များစွာ ပါဝင်တဲ့ အသင်းကောင်း တသင်း ဖြစ်တယ်လို့ ကျွန်တော် ထင်ခဲ့မိလို့ပါ ။ ဂါရတ် ဆောက်ဂိတ် ဟာ ကျွန်တော်တို့ အသင်း အပေါ် ယုံကြည်မှု အပြည့် မရှိခဲ့ဘူးလို့ ထင်ပါတယ် ။ ”

” တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ကျွန်တော်တို့ တက်ရမယ့် နောက်ထပ် အဆင့် က ခြေစွမ်းအသာနဲ့ ပွဲကို ထိန်းချုပ်ဖို့ ဖြစ်ပါတယ် ။ အင်္ဂလန် ဟာ အခုအချိန် အထိ ခံစစ် အသားပေး ကစားနေတုန်းလို့ ကျွန်တော် ထင်ပါတယ် ။ နောက်ထပ် ဆင့်ကဲ တိုးတက်လာဖို့က ထရန့်လို တိုက်စစ် အားသန်တဲ့ အစွန် နောက်ခံလူတွေ အသုံးပြုဖို့ ဖြစ်ပါတယ် ။ ”

” ကျွန်တော်ဟာလည်း ရိစ်ဂျိမ်းစ်ရဲ့ ပရိသတ် တယောက်ပါပဲ ။ သူက ခံစစ် စွမ်းဆောင်ရည်မှာ ထရန့်ထက် ပိုသာပါတယ် ။ ဒါပေမယ့် ထရန့်ကို အင်္ဂလန် ညာနောက်ခံ နေရာမှာ အသုံးပြုလိုက်မယ် ဆိုရင် သူ့ဆီကနေ ရိစ်ဂျိမ်းထက် ပိုများတဲ့ ဂိုးဖန်တီးမှုတွေ ရလာမယ် ဆိုတာ လီဗာပူး က အချက်အလက်တွေကို ကြည့်ရင် သိနိုင်ပါလိမ့်မယ် ။ ”

” ဒါဟာ နောက်နှစ်အနည်းငယ် အထိ ငြင်းခုံရမယ့် အကြောင်းအရာ တရပ် အဖြစ် ဆက်ရှိနေဦးမှာပါ ။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရင် ဒါဟာ အပေါင်း လက္ခဏာ ဆောင်တဲ့ အနေအထား ဖြစ်ပြီး ၊ အင်္ဂလန် ပရိသတ်တွေ အနေနဲ့ ကမ္ဘာ့ အဆင့် အရည်အသွေးရှိတဲ့ ညာနောက်ခံလူ ၂ယောက်ကို ပိုင်ဆိုင်ထားခြင်း အတွက် သေချာပေါက် ဂုဏ်ယူသင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR