ရမ်စ်ဒဲလ် ဟာ မာတီနက်ဇ်၊ပစ်ဖိုဒ့် တို့ထက် ပိုကောင်းပြီး အက်ဒါဆန် လောက် ကောင်းတဲ့သူ ဖြစ်ကြောင်း ချီးကျူးလိုက်တဲ့ ဆိုင်မွန်ဂျော်ဒန်

 

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရှက်ဖီးယူနိုက်တက် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ရောက်ရှိလာတဲ့ အာရွန် ရမ်စ်ဒဲလ် ဟာ ရောက်ခါစမှာ သူ ဖမ်းခဲ့တဲ့ အသင်းတိုင်း တန်းဆင်းရတယ် ဆိုပြီး ဝေဖန် လှောင်ပြောင်မှုတွေ နဲ့ ရင်ဆိုင် ခဲ့ရသူပါ ။

ဒါပေမယ့်လည်း ရမ်စ်ဒဲလ် ဟာ အာဆင်နယ် အတွက် စတင် ပွဲထွက်ခွင့် ရတဲ့ အချိန်ကတည်းက လက်စွမ်းကောင်းတွေ ပြသပြီး သူ့အပေါ် ဝေဖန်သံတွေ တိတ်ဆိတ်အောင် လုပ်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် အရင်က ပွဲထွက် ဂိုးသမား လီနို တစ်ယောက် အရန်ခုံရောက်သွားရတဲ့ အထိပါပဲ ။

ရမ်စ်ဒဲလ် ဟာ အာဆင်နယ် အတွက် ၈ ပွဲ ပွဲထွက် ကစားရာမှာ clean-sheet ၅ ပွဲ အထိ ရယူထားနိုင်တာလည်း ဖြစ်ပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ လက်စတာ နဲ့ ပွဲမှာလည်း ရမ်စ်ဒဲလ် ဟာ ဂိုးပေါက် ကာကွယ်မှု ၈ ကြိမ် အထိ ပြုလုပ်ပြီး Man of the match ဆုကို ထိုက်ထိုက်တန်တန် ရသွားခဲ့ပါတယ် ။

လက်စတာ နဲ့ ပွဲက မက်ဒီဆင် ရဲ့ ဖရီးကစ်ကို ရမ်စ်ဒဲလ် ရဲ့ ကာကွယ်ပုံဟာ ပရိသတ်တွေကြား အတော်လေး အပြောများခဲ့ပြီး ဂန္တဝင် ဂိုးသမားကြီးတွေ ဖြစ်ကြတဲ့ ပီတာ ရှမိုက်ကယ် နဲ့ ဒေးဗစ်ဆီးမန်း တို့ကလည်း တွစ်တာကနေ ချီးကျူး စကားဆိုခဲ့ကြပါတယ် ။

ခရစ္စတယ်ပဲလေစ့် ဥက္ကဌဟောင်း ဆိုင်မွန်ဂျော်ဒန် ကလည်း ရမ်စ်ဒဲလ် ဟာ ဂိုးပေါက် ကာကွယ်မှု ကောင်းကောင်း လုပ်နိုင်ရုံ သာမက ဘောလုံး ဖြန့်ဝေမှုလည်း အထူး ကောင်းမွန်ကြောင်း talkSPORT နဲ့ အင်တာဗျူးမှာ ချီးကျူး လိုက်ပါတယ် ။

” သူ(ရမ်စ်ဒဲလ်) က စနေနေ့ ကစားခဲ့တဲ့ ပွဲမှာ အံ့ဖွယ် လက်စွမ်း ပြခဲ့ပါတယ် ၊ ဖရီးကစ်ကို အံ့ဖွယ် ကာကွယ်ပြနိုင် ခဲ့ရုံတင် မကပါဘူး ၊ တခြားသော ကန်သွင်းချက် များစွာကိုလည်း လက်စွမ်းပြ ကာကွယ် ခဲ့ပါတယ် ။ ”

” သူ့ရဲ့ ဘောလုံး ဖြန့်ဝေမှုက ဂျော်ဒန် ပစ်ဖိုဒ့် ထက် ပိုသာလွန် ကောင်းမွန်ပါတယ် ၊ ပစ်ဖိုဒ့် နဲ့ မတူတဲ့ အဆင့် တစ်ခုမှာ ရှိနေတယ်လို့ မြင်ပါတယ် ။ သူက အက်ဒါဆန် တို့နဲ့ အဆင့်အတန်းတူ အနေအထားမှာ ရှိနေပါတယ် ။ ”

” သူ လက်နဲ့ ပစ်ပေးလိုက်တဲ့ ဘောလုံးတွေ ၊ ခြေထောက်နဲ့ ကန်တင် ပေးလိုက်တဲ့ ဘောလုံးတွေက အားပါပြီး မယုံနိုင်လောက်အောင် တိကျမှု ရှိတာတွေ့ရပါတယ် ။ သူ့ရဲ့ အသင်းဖော်တွေအပေါ် ညွှန်ကြားမှုတွေ တောင်းဆိုမှုတွေက သိပ်ကောင်းတဲ့အပြင် သူ့ကို အာရုံများအောင် လုပ်နေတဲ့ ပရိသတ်တွေကိုတောင် အေးဆေး တုန့်ပြန်နိုင်စွမ်း ရှိပါတယ် ။ ”

” ဘက်ပေါင်းစုံက ကြည့်မယ်ဆိုရင်လည်း သူက ကောင်းမွန်တဲ့ဂိုးသမား တစ်ဦး ဆိုတာ သိသာပါတယ် ၊ လူတွေက ဂိုးသမားတွေ အပေါ် နားလည်မှု လွဲနေကြပါတယ် ၊ ဂိုးသမားကောင်း တစ်ဦးက အသင်းကို နိုင်ပွဲ ရှာဖွေပေးနိုင်ပါတယ် ၊ ဒါကြောင့်လည်း ဂိုးသမားတွေရဲ့တန်ကြေးက ပေါင် သန်း ၇၀ လောက်အထိ ရှိနေတာပါ ။ ”

” ရမ်စ်ဒဲလ် က မာတီနက်ဇ် လောက် ကောင်းသလား ? ကျွန်တော်ကတော့ မာတီနက်ဇ် ထက်ကို ပိုကောင်းတယ်လို့ မြင်ပါတယ် ။ မာတင်ကီယွန် က မာတီနက်ဇ် ကို ရောင်းပြီး ရမ်စ်ဒဲလ် ကို ဝယ်တာ ရယ်စရာ သိပ်ကောင်းတဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုလို့ ဝေဖန်ဖူးပါတယ် ။ ”

” အခုကော ရယ်စရာကောင်းသေးလား လို့ မေးချင်ပါတယ် ၊ အာဆင်နယ် က ရမ်စ်ဒဲလ် ကို ပေါင် ၂၅ သန်း နဲ့ ဝယ်လိုက်တာပါ add-on ငါးသန်းတော့ ပါတာပေါ့ဗျာ ၊ အာဆင်နယ် ကလည်း မာတီနက်ဇ် ကို အဲ့ပမာဏလောက်နဲ့ပဲ ရောင်းလိုက်တာပါ ၊ ဒါကြောင့် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခုလို့ ပြောနိုင်ပါတယ် ။ ”

” အသက် ၂၃ နှစ် အရွယ် ဂိုးသမားလေး က အခု အချိန်မှာ သူ့ရဲ့လက်ရှိ ပုံစံကောင်းတွေကြောင့် ဒီနိုင်ငံ ရဲ့ နံပါတ်တစ် ဂိုးသမား နေရာအတွက် ထင်ကြေးပေးခံနေရပြီလေ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

SM