ရန်းဂနစ် လက်အောက်မှာ ဘယ်သူတွေ ပွဲထွက် ကစားသမား XI ဦး စာရင်းထဲ ပါဝင်နိုင်မလဲ…

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့က ညနေကပဲ နည်းပြ ဆိုးလ်ရှားရဲ့ နေရာကို အစားထိုးဖို့ အတွက် ယာယီ နည်းပြ အဖြစ် RB လက်ပ်ဇစ် အသင်းရဲ့ နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ်ကို ရာသီကုန်အထိ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အတည်ပြု ကြေငြာခဲ့ပါသေးတယ် ။

ရန်းဂနစ်ဟာ အခုအချိန်ထိ အလုပ်ပါမစ် မရရှိသေးတဲ့ အတွက် ယူနိုက်တက်တို့ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင်ကြမယ့် ပွဲစဉ်ကို ကိုင်တွယ် နည်းပြနိုင်ခြေ နည်းပါးနေခဲ့ပါတယ် ။ ရန်းဂနစ်သာ ကိုင်တွယ်ရင် ယူနိုက်တက် အတွက် ဘယ်သူတွေ ပွဲထွက်ခွင့်ရမလဲဆိုတာ ဖော်ပြပေးလိုက် ပါတယ် ။

ဂိုးသမား – ဒီဂီယာ

ဒီနေရာအတွက်တော့ ချွင်းချက်မရှိ ဒေးဗစ် ဒီဂီယာကိုပဲ ရွေးချယ်သွားမှာ သေချာလှပါတယ် ။ ဒီဂီယာက ဒီရာသီ ယူနိုက်တက်အတွက် အတည်ငြိမ်ဆုံး စွမ်းဆောင်ရည် ပြနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။

ခံစစ် – ဘစ်ဆာကာ ၊ ဗာရန်း ၊ မက်ဂွားယား ၊ ရှော

ခံစစ် လေးယောက် နေရာအတွက် ရန်းဂနစ်ဟာ ဆိုးလ်ရှား အသုံးပြုခဲ့တဲ့ ကစားသမား 4 ဦးကိုပဲ အသုံးပြုသွားဖို့ ရှိနေပါတယ် ။ ဗာရန်းနဲ့ မက်ဂွားယားတို့ တွဲဖက်ကစားခဲ့ကြတဲ့ ပွဲစဉ်တွေမှာ ယူနိုက်တက် ခံစစ် ကစားပုံ ကောင်းခဲ့တာ ထင်ရှားခဲ့ပါတယ် ။

ဒါ့အပြင် ဘစ်ဆာကာနဲ့ လုခ်ရှောတို့လည်း ကစားသမားကောင်းတွေ ဖြစ်ကြတဲ့ အတွက် သူတို့ကိုပဲ ဆက်သုံးသွားဖွယ် ရှိနေပါသေးတယ် ။ ဒါပေမဲ့ ဘစ်ဆာကာသာ အခုလို စိတ်ပျက်ဖွယ် ပုံစံတွေ ဆက်လက်ပြသနေခဲ့ရင်တော့ ရန်းဂနစ်ဟာ ဒါးလော့ကို နေရာပေးသွားမှာပဲ ဖြစ်ပါတယ် ။

ကွင်းလယ် – ဗန်ဒီ ဘိခ် ၊ ဖရက်ဒ် ၊ ဘရူနို

ရန်းဂနစ် လက်အောက်မှာတော့ မက်ဖရက် ကွင်းလယ် ခံစစ် အတွဲဟာ ပျောက်ကွယ်သွားနိုင်ခြေ များနေပြီး ဒွန်နီ ဗန်ဒီ ဘိခ် နေရာ ရရှိလာနိုင်ဖွယ် ရှိနေပါတယ် ။ ဖရက်ဒ်ဟာ လုပ်အားကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်တာမို့ သူပဲ ဒွန်နီ နဲ့ အတူ ကွင်းလယ်မှာ ပါဝင်သွားနိုင်ပါတယ် ။

ဒါပေမဲ့ ချဲလ်ဆီး နဲ့ ပွဲစဉ်မှာ ပြသခဲ့တဲ့ တော်မီနေး ရဲ့ မာထန်တဲ့ ကစားပုံကလည်း ထည့်သွင်း စဉ်းစားစရာ ဖြစ်နေပါပြီ ။ အကယ်လို့ ဖရက်ဒ် နဲ့ အဆင်မပြေနိုင်ဘူးဆိုရင် တော်မီနေး နေရာ ရလာမှာပဲ ဖြစ်ပါတယ် ။ ရန်းဂနစ် လက်အောက်မှာတော့ ဘရူနို နဲ့ အတူ ဒွန်နီ နေရာရရှိနိုင်ခြေ များနေပါတယ် ။

ရဲ့လ်ဖ် ရန်းဂနစ်ဟာ နည်းပြ ဘဝ အတွင်း 4 – 4 – 2 ၊ 4 – 4 – 2 ( စိန်ပွင့် ကွင်းလယ် ) တွေကို အသုံးပြုတာ များခဲ့သူပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဟော့ဖင်ဟိန်း နည်းပြဘဝမှာ သူဟာ 4 – 3 – 3 ကစားဟန်ကိုလည်း အသုံးပြုခဲ့ဖူးတဲ့ အတွက် ယူနိုက်တက် နည်းပြ ဘဝမှာ လက်ရှိ ကစားသမား စာရင်းအရ 4 – 3 – 3 ကိုပဲ သုံးသွားနိုင်ခြေ များနေပါတယ် ။

တိုက်စစ် – ဆန်ချို ၊ ရော်နယ်ဒို ၊ ရပ်ရှ်ဖို့

ရန်းဂနစ်သာ 4 – 3 – 3 ကစားကွက်ကို အသုံးပြုဖြစ်ခဲ့ရင် သေချာပေါက် နေရာရမှာက ဒီသုံးဦးပဲ ဖြစ်ပါတယ်။ ရော်နယ်ဒို ဆိုတာ ဂိုးသွင်းနိုင်သူ ဖြစ်ကြောင်း နှစ်စဉ် နှစ်တိုင်း သက်သေပြထားနိုင်ခဲ့သလို ယူနိုက်တက်မှာလည်း ဂိုးသွင်းယူပြနေဆဲပါပဲ ။ ဒါ့ကြောင့် သေချာပေါက် နေရာရပါလိမ့်မယ် ။

ရပ်ရှ်ဖို့ ဆိုတာ ဘယ်လောက်အထိ ကောင်းနိုင်သလဲဆိုတာလည်း အားလုံးသိထားပြီးသားပါ ။ ဒါပေမဲ့ ဒီနှစ်မှာတော့ သူဟာ အကောင်းဆုံး ပုံစံ ပြသနိုင်ဖို့ ရုန်းကန်နေရဆဲပဲ ဖြစ်ပါတယ် ။ ရန်းဂနစ်ဟာ သူ့ရဲ့အရည်အသွေးတွေကို ပြန်လည် တောက်ပစေဖို့ အခွင့်အရေး ပေးသွားပါလိမ့်မယ် ။

ဆန်ချိုကတော့ ဆိုးလ်ရှား လက်အောက်မှာ ပုံစံကောင်း မပြနိုင်ခဲ့ပေမဲ့ ကာရစ် လက်အောက်မှာတော့ နှစ်ပွဲကစား ၊ နှစ်ဂိုး သွင်းယူပေးခဲ့သူပါ ။ သူဟာ တိုက်စစ်ပိုင်း ဂိုးတွေ သွင်းပေးရုံမက အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်ခဲ့သလို ခံစစ်ကိုလည်း အတော်လေး ဆင်းကူပေးနိုင်ခဲ့ပါသေးတယ် ။

ဒါ့ကြောင့် ယူနိုက်တက် တိုက်စစ်အတွက် ဒီသုံးဦးဟာ ဦးစားပေး ဖြစ်လာဖို့ ရှိနေပြီး ရော်နယ်ဒိုသာ ပုံစံကောင်းတွေ မပြနိုင်ခဲ့ရင် ကာဗာနီဟာ အစားထိုး ဝင်ရောက်လာဖို့ ရှိနေပါတယ် ။ ဒါ့အပြင် လင်ဂတ်ဟာလည်း ရန်းဂနစ် ရဲ့ လက်အောက်မှာ ကစားခွင့် ပိုရနိုင်ဖွယ် ရှိနေပါသေးတယ် ။

#Sports_Myanmar