ယူရို အောင်ပွဲမှာ ယစ်မူးသွားလေသလား အဇူရီ . . . World Cup Play-off ကစားရတော့မယ့် အီတလီ

လွန်ခဲ့တဲ့ ဇူလိုင်လ တုန်းက အင်္ဂလန် နိုင်ငံ ဝင်ဘာလေ ကွင်းကြီးထဲမှာ အီတလီ လက်ရွေးစင် အသင်းဟာ အင်္ဂလန် အသင်းကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင် ရပြီး ၂၀၂၀ ယူရို ဖလားကြီးကို ရယူ ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။

အီတလီ ဟာ ယူရို ခြေစစ်ပွဲ မှာ ပွဲတိုင်း နိုင်ခဲ့သလို ပြိုင်ပွဲ မှာလည်း တောက်လျောက် နိုင်ပွဲ ဆက်ကာ ထိုက်ထိုက် တန်တန် ချန်ပီယံ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ် ။

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်ခဲ့တဲ့ အီတလီ ကို ချန်ပီယံ ဖြစ်လာအောင် တည်ဆောက်ပေးခဲ့တဲ့ နည်းပြ မန်စီနီ ကိုလည်း အားလုံးက ချီးကျုးခဲ့ ကြပါတယ် ။

နောက်ထပ် ၄ လ အကြာမှာတော့ အီတလီ ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကို တိုက်ရိုက် အောင်မြင်ခွင့်နဲ့ လွဲချော် ခဲ့ပါတယ် ။

မဖြစ်မနေ အနိုင် ကစားရမယ့် အုပ်စု နောက်ဆုံးပွဲမှာ အီတလီ ဟာ များစွာ အင်အားနည်းတဲ့ မြောက် အိုင်ယာလန် အသင်းနဲ့ ရင်ဆိုင် ခဲ့ရ ပါတယ် ။ ဒါပေမယ့် အနိုင် မယူနိုင်ခဲ့ ပါဘူး ။

ဒါကြောင့် နိုင်ပွဲ ရတဲ့ ဆွစ်ဇာလန် ကို ပထမ နေရာ လွှဲပေးခဲ့ ရပြီး အီတလီ တို့ Play-off ကစားဖို့ ဖြစ်လာခဲ့ ပါတယ် ။

တကယ်တမ်း ပြန်ကြည့်လိုက်မယ် ဆိုရင်တော့ အီတလီ ဟာ ယူရို ပြိုင်ပွဲပြီး ကတည်းက အကျဘက်ကို ရောက်လာ နေခဲ့တာပါ ။ အခုလို Play-off ကစားရဖို့ ဖြစ်လာမှသာ လူတွေ ပိုသတိထားမိ လာခဲ့တာပဲ ဖြစ်ပါတယ် ။

အီတလီ ဟာ ယူရို ဗိုလ်လုပွဲ အပြီးမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၊ ဥရောပ နေးရှင်းလိဂ် ပွဲပေါင်း ၇ ပွဲ အထိ ကစားဖြစ်ခဲ့ ပါတယ် ။

အဲ့ဒိ ၇ ပွဲမှာ အီတလီ တို့ ၂ ပွဲသာ နိုင်ခဲ့ပြီး ၄ ပွဲသရေကျ ကာ ၁ ပွဲ ရှုံးနိမ့်ခဲ့ ပါတယ် ။

အီတလီ တို့ နိုင်တဲ့ ၂ ပွဲ ကတော့ လစ်သူရေးနီးယား ကို ၅-၀ နဲ့ နိုင်တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နဲ့ ဘယ်လ်ဂျီယံ ကို ၂-၁ နဲ့ နိုင်တဲ့ ဥရောပနေးရှင်းလိဂ် တတိယ နေရာလုပွဲပဲ ဖြစ်ပါတယ် ။

စပိန် ကို ရှုံးခဲ့တဲ့ နေးရှင်းလိဂ် ဆီမီး ဖိုင်နယ် အတွက် အပြစ်မဆိုသင့် ပေမယ့် သရေပွဲ ၄ ပွဲ ကတော့ အီတလီ ရဲ့ ခြေစွမ်း အပေါ် မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ ပါတယ် ။

အီတလီ ဟာ ဆွစ်ဇာလန် ကို ၂ ကျော့စလုံး သရေကျ ခဲ့လို ဘူလ်ဂေးရီးယား ၊ မြောက်အိုင်ယာလန် တို့လို အသင်းတွေ နဲ့လည်း သရေကျခဲ့ ပါတယ် ။ အဲ့ဒိ ၄ ပွဲမှာ အီတလီ တို့ ၂ ဂိုးသာ သွင်းနိုင်ခဲ့ပြီး ဂိုးမရှိ သရေ ၂ ပွဲ ပါဝင်ခဲ့ ပါတယ် ။

ဒါဟာ ယူရို လို အမြင့်ဆုံး အောင်ပွဲကို ရယူအပြီး ၄ လ အကြာမှာ ဖြစ်သွားခဲ့တဲ့ အီတလီ ရဲ့ အနေအထား ပါပဲ ။

“ကျွန်တော် စိတ်ပျက်မိ ပါတယ် ။ နောက်ဆုံး ၂ ပွဲ လောက် အလို ကတည်းက ခြေစစ်ပွဲ အောင်နေခဲ့ ရမှာပါ ။

ကိုယ့်လက်ထဲက အခွင့်အရေးကို ကိုယ် အရမယူ နိုင်ခဲ့တာပါပဲ ။

ဒါပေမယ့် အခုချိန် အထိ ကျွန်တော်တို့ ကို ကမ္ဘာ့ဖလားမှာ မြင်ရဖို့ အခွင့်အရေး ရှိနေတုန်း ပါပဲ” လို့ အီတလီ နည်းပြကြီး ရော်ဘတ်တို မန်စီနီ က ပြောဆို သွားခဲ့ ပါတယ် ။

ဥရောပဇုန် ခြေစစ်ပွဲရဲ့ Play-off ပွဲတွေ ကိုတော့ မနက်ဖြန် မှာ ကစားလို့ ပြီးဆုံးမယ့် အုပ်စု ပွဲစဉ်တွေ အပြီးမှာ မဲနှိုက် ရွေးချယ် ကြမှာ ဖြစ်ပြီး ၂၀၂၂ မတ်လ မှာ စတင် ကစားကြမှာ ဖြစ်ပါတယ် ။

အုပ်စု တခုစီ ကနေ ဒုတိယ ရရှိလာမယ့် ၁၀ သင်း ဟာ နေးရှင်းလိဂ် ရဲ့ အဆင့်အမြင့်ဆုံး ၂ သင်း နဲ့ အတူ ၄ သင်းစီ ပါတဲ့ အုပ်စု ၃ ခုစီ ပြန်ခွဲကာ ရှုံးထွက် စနစ် နဲ့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ် ။

အဆိုပါ အုပ်စု ၃ စု ကနေ ဗိုလ်စွဲ လာမယ့် အသင်း ၃ သင်းဟာ ကာတာ နိုင်ငံမှာ ၂၀၂၂ နိုဝင်ဘာ ကနေ ဒီဇင်ဘာ အထိ ကျင်းပ သွားမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ကို ဝင်ရောက် ယှဉ်ပြိုင် နိုင်မှာပဲ ဖြစ်ပါတယ် ။

အီတလီ တို့ အခုလို ခြေစွမ်း ၊ ရလဒ် ကျဆင်းမှုတွေ ကနေ ပြန်လည် နိုးထ လာနိုင်မလား . . . Play-off မှာ ဘယ် အသင်းတွေနဲ့ အီတလီ တို့ ရင်ဆိုင်ရမလဲ . . . စောင့်ကြည့်ကြရအောင်ဗျာ ။

 

SPORTS MYANMAR