ယူဗီကို ၄ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲမှ ချဲလ်ဆီး အသင်းရဲ့ ကစားပုံကို ရှန်ပိန်နဲ့ ခိုင်းနှိုင်း တင်စားလိုက်တဲ့ ဂျိုကိုးလ်

ယူဗီကို ၄ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲမှ ချဲလ်ဆီး အသင်းရဲ့ ကစားပုံကို ရှန်ပိန်နဲ့ ခိုင်းနှိုင်း တင်စားလိုက်တဲ့ ဂျိုကိုးလ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု H ရဲ့ ဗိုလ်နေရာ အတွက် အဓိက အဆုံးအဖြတ် ပေးခဲ့တဲ့ ပွဲမှာ ယူဗင်တပ် အသင်းကို ၄ – ၀ ရလဒ်နဲ့ ဂိုးပြတ် ခြေပြတ် အနိုင်ရကာ ၊ ၁၆ သင်း အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သလို ၊ အုပ်စုဗိုလ် နေရာကို ပြန်လည် ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ထိုပွဲမတိုင်မီ ၊ ချဲလ်ဆီး အသင်း အတွင်း အထောင် တိုက်စစ် ပြဿနာ အချို့ ရှိနေခဲ့တာကြောင့် ၊ အမေရိကန် လက်ရွေးစင် အသင်းခေါင်းဆောင် ခရစ်တီယန် ပူလီဆစ် ကို False 9 ပုံစံနဲ့ အထောင် တိုက်စစ် နေရာမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ် ။

ပုံမှန် နေရာ မဟုတ်တဲ့ အတွက် ပူလီဆစ် တယောက် ခြေပေါ်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ၊ ကျန်တဲ့ ချဲလ်ဆီး အသင်းသား အားလုံး သူ့နေရာနဲ့ သူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကြပါတယ် ။ အထူးသဖြင့် တောင်ပံ တိုက်စစ် ၂ဖက် ဟာ ယူဗင်တပ်ဖက်ကို အကြီးအကျယ် ထိုးနှက် တိုက်ခိုက်မှုတွေ လုပ်နိုင်ခဲပါတယ် ။

အကယ်ဒမီထွက် ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ရိစ်ဂျိမ်းစ် ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ ထရက်ဗာ ချာလိုဘာတို့ အထူး ခြေစွမ်းပြနိုင်ခဲ့ပြီး ၊ ၎င်းတို့ရဲ့ တဦးချင်း စွမ်းဆောင်ရည် သာမက ၊ တွဲလုံး ၊ အချိတ်အဆက်တွေက အထွတ်အထိပ် အဆင့် တခုမှာ ရှိနေခဲ့ပါတယ် ။

ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျိုကိုးလ် ကတော့ မနေ့ည က ပွဲက ချဲလ်ဆီး အသင်းရဲ့ ကစားပုံ ဟာ ရှန်ပိန် တခွက်လို ချိုမြိန်မှု ရှိတဲ့ အကြောင်း တင်စား ချီးကျူးရင်း ၊ ယူဗင်တပ် ဟာ အီတလီသို့ အပြန်ခရီးမှာ မနေ့ည က ပွဲကို ၆ဂိုးပြတ်လောက် မရှုံးခဲ့တာပဲ ကံကောင်းပြီလို့ ယူဆရမှာ ဖြစ်တဲ့ အကြောင်း သုံးသပ်ခဲ့ပါတယ် ။

ပွဲအပြီး BT Sport ရဲ့ ဆွေးနွေး သုံးသပ်ချက် အစီအစဉ် မှာ ဂျိုကိုးလ် က ” ဒါဟာ ရှန်ပိန် ဘောလုံး ဖြစ်ပြီး ၊ ကြည့်ရတာ အရမ်းကို ရင်သပ်ရှုမောဖွယ် ကောင်းလွန်းခဲ့ပါတယ် ။ ချဲလ်ဆီး အသင်းသားတွေရဲ့ အပြုံးပန်းမျက်နှာတွေကို ကြည့်ပါ ။ လုံးဝ မယုံနိုင်ဖွယ်ပါပဲ ။ ”

” ဒီနေ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့သူတွေကို ကြည့်ပါ ။ မေဆင်မောင့် ၊ ရူဘင် လော့ဖ်တပ်စ်ချိခ်တို့လို အကယ်ဒမီထွက် ကြယ်ပွင့်တွေကို ထပ်ပြီး ပေါင်းထည့်လိုက်ပါဦး ။ နောက်ဆုံး သွင်းဂိုး က ဒီပွဲကို အနှစ်ချုပ် ရှင်းပြလိုက်သလိုပါပဲ ။ ရိစ်ဂျိမ်းစ်ရဲ့ ယုံကြည်မှု ပြည့်တဲ့ ဘောလုံး ပေးပို့မှု က အစ ၊ ဂိုးသွင်းနိုင်ခဲ့တဲ့ တီမို ဗာနာ အဆုံး အကုန် ပြည့်စုံမှု ရှိပါတယ် ။ ”

” ယူဗင်တပ် ဟာ ဒီပွဲအပြီး အီတလီသို့ အပြန် ၊ လေယာဉ်မှာ ဒီနေ့ပွဲကို ၄ဂိုးနဲ့ပဲ ရှုံးခဲ့တာကို ပျော်ရမယ် ဆိုပြီး တွေးရမှာ ဖြစ်ပါတယ် ။ ဒါဟာ ပြီးခဲ့တဲ့ လက်စတာနဲ့ ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ခြေစွမ်းထက် တဆင့် ပိုမြင့်လာတယ်လို့ ထင်ပါတယ် ။ ရိုမီလူ လူကာကူနဲ့ တီမို ဗာနာ တို့ဟာ အခုထိ ပွဲပြန်မထွက်ရသေးဘူး ဆိုတာ မှတ်မိနေဖို့ လိုပါမယ် ။ ”

” ပေါင်သန်း ၁၅၀ တိုက်စစ် အတွဲ မပါဝင်နိုင်တဲ့ အနေအထားမှာတောင် သူတို့ဟာ ယူဗင်တပ် ကို ၄ဂိုးပြတ် သွင်းပြီး အနိုင်ယူပြခဲ့ပါတယ် ။ ခင်ဗျားမှာ ဒီအတွက် ဖော်ပြစရာ စကားလုံးတောင် ရှိမှာ မဟုတ်ပါဘူး ။ ချဲလ်ဆီး ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားနဲ့ ချန်ပီယံလိဂ် အုပ်စု H ကို ဦးဆောင်နေတဲ့ ၊ လက်ရှိ ဥရောပ ချန်ပီယံ ၊ အကယ်ဒမီထွက် ကြယ်ပွင့်တွေနဲ့ စုဖွဲ့ထားတဲ့ အသင်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR