ယူဗင်တပ်နဲ့ ပွဲမှာ လူကာကူ ပြန်ပါဖို့ ရှိမရှိ အသိပေးရင်း ၊ အခြား ချဲလ်ဆီး ကြယ်ပွင့် ၂ဦးလည်း ထိုပွဲကို လွဲချော်နိုင်ကြောင်း ဖွင့်ဟလာတဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနက်ဖြန်ညမှာ ချန်ပီယံလိဂ် အုပ်စုပွဲ တပွဲ အဖြစ် အုပ်စုဗိုလ်လုဖက် ယူဗင်တပ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျ မှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။ ဒီပွဲမှာ အနိုင်ရမယ် ဆိုရင် ၊ ချဲလ်ဆီးတို့ အုပ်စု H ကို ဦးဆောင်နိုင်လိုက်မှာ ဖြစ်သလို ၊ ၁၆ သင်း အဆင့်သို့ တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ စနေနေ့မှာ ကစားခဲ့တဲ့ လက်စတာကို ၀ – ၃ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူးနဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်တို့ ဒဏ်ရာ အပြည့်အဝ မကောင်းသေးတာကြောင့် ၊ ကစားသမား စာရင်းမှာ ပါဝင်ခွင့် မရခဲ့ကြပါဘူး ။

လူကာကူ ဟာ လောလောဆယ် မှာ အသင်းလိုက် လေ့ကျင့်ရေး အစီအစဉ် ကို ပြန်လည် ပူးပေါင်းနေပြီ ဖြစ်ပေမယ့် ၊ ယူဗင်တပ်နဲ့ ပွဲမှာ ၄င်းကို နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် က အလောတကြီး ပွဲထုတ်သုံးဖို့ အလားအလာ သိပ်မရှိနေပါဘူး ။

ဒါ့အပြင် နောက်ဆုံး ၆ပွဲဆက် False 9 နေရာမှာ ကစားပေးခဲ့တဲ့ ဂျာမန် ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် ဟာလည်း ပြီးခဲ့တဲ့ လက်စတာနဲ့ ပွဲမှာ တံကောက်ကြော နေရာမှာ ကြွက်သား ယောင်ကိုင်းမှု အနည်းငယ် ဖြစ်ခဲ့တာကြောင့် မနက်ဖြန် ပွဲကို လွဲချော်ဖွယ် ရှိတယ်လို့လည်း သိရပါတယ် ။

သို့ပေမယ့် လက်စတာနဲ့ ပွဲမှာ အရန်ခုံ ထိုင်ခဲ့တဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ကတော့ မနက်ဖြန် ပွဲကို သေချာပေါက် ပွဲထွက်ခွင့် ရမှာ ဖြစ်သလို ၊ လက်စတာနဲ့ ပွဲအတွင်း အနည်းငယ် ကြွက်တက်ခဲ့တဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာလည်း မနက်ဖြန်ပွဲကို ပါဝင်ဖို့ ဘာမှ ထွေထွေထူးထူး ပြဿနာ မရှိဘူးလို့ သိရပါတယ် ။

ယနေ့ ညနေ က ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် က အသင်းသားတွေရဲ့ ဒဏ်ရာ ပြဿနာ အခြေအနေ အပြည့်အစုံကို ” ရိုမီလူ မနက်ဖြန် ပွဲမှာ ပြန်ပါနိုင်မလား ဆိုတာ ကျွန်တော် မသိသေးပါဘူး ။ ပွဲမတိုင်ခင် ဒီနေ့မှာ လေ့ကျင့်ရေး အစီအစဉ် တခု ဖြတ်သန်းရပါဦးမယ် ။ ”

” ဒါပြီးရင်တော့ သူ့ရဲ့ အခြေအနေ ကို ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ ။ မနေ့ကတော့ သူဟာ အသင်းလိုက် လေ့ကျင့်ရေး အစီအစဉ်မှာ အပြည့်အဝ ပူးပေါင်းနိုင်ခဲ့ပြီး ၊ အေးအေးဆေးဆေး ရှိခဲ့ပါတယ် ။ ဒီတော့ ဒီနေ့ ထရိန်နင် က သူ့ရဲ့ တုန့်ပြန်မှု က ဘယ်လိုရှိမလဲ ဆိုတာကိုပဲ စောင့်ကြည့်ကြတာပေါ့ ။ ”

” မနေ့က သူဟာ အသင်းက ဆရာဝန်တွေနဲ့ ကြိုတင် ချိန်းဆိုထားတဲ့ အတိုင်း ၊ လေ့ကျင့်ရေး အစီအစဉ် ပြီးတာနဲ့ ဆေးစစ်မှုတွေ ထပ်လုပ်ခဲ့ရာမှာတော့ ၊ ဒီနေ့ ထရိန်နင် ကို သူ ဆက်လက် ပူးပေါင်းခွင့် ရထားပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ မနက်ဖြန်ပွဲမှာ ကစားသမား အယောက် ၂၀ အထိ ခေါ်ဆောင်ခွင့် ရထားပါတယ် ။ ဒီတော့ သူလည်း ကစားခွင့် မိနစ် နည်းနည်းပါးပါးတော့ ရနိုင်ပါတယ် ။ ”

” ဂျော်ဂျီ ကတော့ မနက်ဖြန် ပွဲကို ပါဝင်ဖို့ လုံးဝ အဆင်ပြေပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ တံကောက်ကြော ကြွက်သား အနည်းငယ် ယောင်ကိုင်းခဲ့တဲ့ ကိုင် ကိုတော့ ကျွန်တော်တို့ လူစားလဲခဲ့ရပါတယ် ။ ဒီတော့ သူ မနက်ဖြန်ပွဲကို ပါဝင်ဖို့ မရေရာမှုတွေ ရှိနေပါတယ် ။ တီမို ကတော့ မနက်ဖြန်ပွဲမှာ ပြန်ပါမှာပါ ။ ဒါပေမယ့် မတ်တီယို ကတော့ ကစားပေးနိုင်ဦးမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR