ယူနိုက်တက် နည်းပြ ဖြစ်လာတဲ့ ရန်းဂနစ်နဲ့ ပတ်သက်လို့ စိုးရိမ်မိတဲ့ အချက်ကို ထုတ်ပြောလိုက်တဲ့ ဘာဘာတော့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ဆုံး ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် 7 ပွဲမှာ 5 ပွဲ အထိ ရှုံးနိမ့်ခဲ့ပြီး ဝက်ဖို့ဒ် အသင်းကိုပါ 4 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြ ဆိုးလ်ရှားဟာ အသင်းမှ နှုတ်ဆက်ထွက်ခွာခဲ့ရ ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ ဗီလာ ရီးယဲ အသင်းကို ရင်ဆိုင်ခဲ့ကြတဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို လက်ထောက် နည်းပြ မိုက်ကယ် ကာရစ် က ယာယီ နည်းပြ အဖြစ် ကိုင်တွယ်ခွင့် ရရှိခဲ့ပြီး 0 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိစေခဲ့သလို အသင်းကို နောက်တစ်ဆင့် တက်စေနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ သတင်းသုံးသပ်သူတွေနဲ့ ယူနိုက်တက် ပရိသတ်တွေကတော့ နာမည်ကျော် နည်းပြ တစ်ဦးကို အမြန်ဆုံး ခန့်အပ်ဖို့ အလိုရှိ နေခဲ့ကြပါတယ် ။ အဲ့ဒီနောက် မကြာမီမှာပဲ ယူနိုက်တက် တို့ဟာ လက်ပ်ဇစ် နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ် ကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ဖို့ ကြိုတင် သဘောတူညီမှု ရယူနိုင်ခဲ့ကြပါတယ် ။

လက်ရှိ အချိန်မှာ ရန်းဂနစ် ကတော့ အလုပ် ပါမစ် မရရှိသေးတဲ့အတွက် ယူနိုက်တက်တို့ ချဲလ်ဆီး အသင်းကို ရင်ဆိုင်ရမဲ့ ပွဲစဉ်မှာ ကိုင်တွယ်နိုင်ဦးမှာ မဟုတ်သေးပါဘူး ။ ဒီပွဲကို မိုက်ကယ် ကာရစ် ကပဲ ဆက်လက် ကိုင်တွယ်သွားဖို့ ရှိနေပါတယ် ။

အခုတော့ နည်းပြသစ် ဖြစ်သူ ရောက်မလာသေးမီမှာပဲ ယူနိုက်တက် တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဒီမစ်တာ ဘာဘာတော့ဗ် က အသင်းကြီးတွေကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံ မရှိသေးတဲ့ နည်းပြ နဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း ထုတ်ပြောလိုက်ပါတယ် ။

” သူဟာ ဘောလုံး လောကမှာ တကယ့်ကို အလေးစားခံရတဲ့ နည်းပြ တစ်ဦးပါ ။ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ သူဟာ ရှော်လ်ကေး ၊ စတုဂတ် ၊ လက်ပ်ဇစ် အသင်းတွေကိုပဲ ကိုင်တွယ်ခဲ့ဖူးသူ တစ်ဦးပါ ။ သူဟာ အသင်းကြီးတွေကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံ မရှိပါဘူး ”

” ယူနိုက်တက် ဆိုတာက ကမ္ဘာ့ အကြီးမားဆုံး ကလပ် အသင်းတွေထဲက တစ်သင်းပါ ။ ဒါ့ကြောင့် ယူနိုက်တက်နည်းပြ ရာထူးက သူ့အတွက် အသစ်အဆန်း တစ်ခု ဖြစ်နေပါလိမ့်မယ် ။ ဒါကို သူဘယ်လို ကိုင်တွယ်မလဲဆိုတာက စိတ်ဝင်စားစရာပါပဲ ”

” ကျွန်တော် လေဗာကူဆင် အသင်းမှာ ရှိခဲ့စဉ်တုန်းက ရန်းဂနစ် ရဲ့ အသင်းနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ် ။ သူဟာ အဲ့ဒီထဲက လက်ပ်ဇစ်ကို ခမ်းနားအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ် ။ သူက စည်းကမ်းကြီးသူ တစ်ဦးပါ ။ အသင်းကို ဘယ်လို တည်ဆောက်ရမလဲဆိုတာ ကောင်းကောင်း နားလည်သူ တစ်ဦးပါပဲ ”

 

” သူဟာ အယူအဆ ၊ လုပ်ရည်ကိုင်ရည် ၊ ငွေကြေးစီမံမှု အပိုင်းတွေကို ကောင်းကောင်း သိရှိ နားလည်ထားသူပါ ။ သူ့အတွက် အသင်းရဲ့ DNA အတိုင်း အလုပ်လုပ်နိုင်ဖို့ဆိုတာက တကယ်ပဲ အရေးကြီးလှပါတယ် ။ ယူနိုက်တက်ရဲ့ DNA က တိုက်စစ်ဆင် ကစားရေးပါ ။ အဲ့ဒီ အယူအဆကို အကောင်အထည် ဖော်ပြမလား စောင့်ကြည့်ရပါ့မယ် ”

” ဒုတိယ အချက်က ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ အသင်းတွေကို သူဟာ ရှာဖွေနိုင်စွမ်းရှိပါတယ် ။ ပြီးတော့ ငွေကြေးသုံးစွဲမှု ၊ ဒါက အရေးကြီးပေမဲ့ မန်ချက်စတာ ယူနိုက်တက်အတွက်တော့ ပြသနာ သိပ်မရှိပါဘူး ။ သူ့ အနေနဲ့ အကောင်းဆုံး လုပ်ပြနိုင်သင့်ပါတယ် ” လို့ ဘာဘာတော့ဗ် က ပြောခဲ့လိုက် ပါတယ် ။

#Sports_Myanmar