ယူနိုက်တက် နည်းပြသစ် အဖြစ် ဘယ်သူ့ကို အမြန်ဆုံး ခန့်အပ်သင့်လဲဆိုတာ ပြောပြလိုက်တဲ့ လူးဝစ် ဆာဟာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်ခဲ့ဖူးသူ လူးဝစ် ဆာဟာက အသင်းဟောင်း အနေ နဲ့ နည်းပြသစ် အဖြစ် သူ့ရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း ဖြစ်ခဲ့သူကိုသာ အမြန်ဆုံးသာ ခန့်အပ်လိုက်သင့်ကြောင်း တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

လက်စတာ စီးတီး ၊ လီဗာပူး ၊ မန်စီးတီး အသင်းတွေကို ဂိုးပြတ်တွေ ရှုံးနိမ့်ခဲ့တဲ့နောက် ဖိအားတွေအောက် ကျရောက်သွားခဲ့တဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ ဝက်ဖို့ဒ် အသင်းကိုပါ 4-1 နဲ့ ရှုံးနိမ့်သွားခဲ့တဲ့နောက် ရာထူးမှ အမြန်ဆုံး အထုတ်ခံခဲ့လိုက်ရပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြ အဖြစ် လက်ထောက် နည်းပြဖြစ်သူ မိုက်ကယ် ကာရစ်က တာဝန်ယူခဲ့ပြီး ဗီလာ ရီးယဲ အသင်း နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် 5 ကို ပထမဆုံးပွဲ အဖြစ် ကိုင်တွယ် ကြီးကြပ်ခွင့် ရရှိသွားခဲ့ပါတယ် ။

အဲ့ဒီပွဲမှာတော့ ယူနိုက်တက်တို့ ပထမပိုင်း ကစားပုံဟာ အားရစရာ မရှိခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ဘရူနို ၊ ရပ်ရှ်ဖို့ တို့ ဝင်လာခဲ့ချိန် ကစားပုံ ပြန်မြိုင်ခဲ့ပြီး ရော်နယ်ဒို ၊ ဆန်ချို တို့ရဲ့ သွင်းဂိုးတွေနဲ့ ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို တက်လှမ်း နိုင်ခဲ့ကြပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ပရိသတ်တွေနဲ့ သတင်းသုံးသပ်သူတွေကတော့ ကာရစ်ကို ယာယီ နည်းပြ အဖြစ်နဲ့သာ ရှိစေလိုနေကြပါသေးတယ် ။ အကယ်လို့ ကာရစ်သာ အခုလို စပါယ်ရှယ် ရလဒ်တွေ ဆက်တိုက် ယူဆောင်ပေးနိုင်ရင်တော့ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့တိုက်စစ်မှူးဟောင်း ဆာဟာကတော့ အသင်းဟောင်း အနေနဲ့ နည်းပြသစ် ခေါ်ယူလိုပါက သူ့ရဲ့ လက်ရွေးစင်အသင်းဖော်ဟောင်း ဖြစ်သူ ဇနက်ဒင်း ဇီဒန်း ကို ဦးစားပေး အဖြစ် ခေါ်ယူသင့်ကြောင်း တိုက်တွန်းခဲ့လိုက် ပါတယ် ။

” အိုလီဟာ အသင်းဆီ ရောက်လာကြမယ့် နည်းပြတိုင်း အတွက် ခမ်းနားတဲ့ အခြေခံ အုတ်မြစ်တွေ ချမှတ်ပေးခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်ကတော့ ဒီအတွက် ဇီဒန်း ရဲ့ ပုံရိပ်တွေကို တကယ်ပဲ နှစ်ခြိုက်နေမိပါတယ် ။ သူဟာ အရာရာတိုင်းကို ရယူခဲ့ဖူးသူပါ ”

” အထူးသဖြင့် သူဟာ ကမ္ဘာ့ အဆင့် ကစားသမား တစ်ဦး ဖြစ်နိုင်ခဲ့သလို နည်းပြဘဝမှာလည်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ် ။ ဒီလို လူစားမျိုး အများကြီး မရှိကြပါဘူး ။ သူဟာ အသင်းရဲ့ လူငယ်တွေအတွက် ခမ်းနားသူ တစ်ဦး ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ”

” သူဟာ ဆုဖလားတွေ အများကြီး ရရှိထားခဲ့ဖူးပေမယ့် အခုထက်ထိ ဆာလောင်မှုတွေ အပြည့်အဝရှိနေဆဲ နည်းပြ တစ်ဦး ပါပဲ ။ သူဟာ အဲ့ဒီလို စိတ်ဓါတ်တွေ နဲ့ အရည် အသွေးတွေကို အသင်းဆီ ယူလာနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ် ”

” ကမ္ဘာ့ဖလား ၊ ယူရိုပြိုင်ပွဲတွေမှာတောင် သူက စောဒကတွေ မတက်ခဲ့ပဲ အလုပ်တွေကို အရမ်းပဲ ကြိုးစားခဲ့ဖူးသူ တစ်ဦးပါ ။ အဲ့တာက သူ ကစားသမားဘဝ ၊ နည်းပြဘဝ တွေမှာ အောင်မြင်မှု ရနိုင်ခဲ့တဲ့ အဓိက အကြောင်းအရင်းပဲလို့ ကျွန်တော် ထင်ပါတယ် ” လို့ ဆာဟာ က ပြောကြားသွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar