“ ယူနိုက်တက်ကို ဒီလောက်ထိ ဆိုးဆိုးဝါးဝါး ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်ထားမှာ မဟုတ်ပါဘူး” ဂယ်ရီ နဗီးလ်

လက်ရှိ နည်းပြ ဆိုးရှား ကို တချိန်လုံး ကာကွယ်ပေးနေခဲ့တဲ့ ဂယ်ရီ နဗီးလ် ကတောင် သူ့အသင်းဟောင်း ဟာ အခုလောက်ထိ ဆိုးဆိုးဝါးဝါး ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားခဲ့မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပြီး ၊ နော်ဝေသားကြီး အနေနဲ့လဲ ဖိအားတွေ အောက်မှာ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပဲ မှတ်ချက် ပေးလိုက်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက် ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် 6 ပွဲမှာ 4 ပွဲ အထိ ရှုံးနိမ့်ပြီး ၊ စပါး တစ်သင်းကိုသာ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်မှာ ဆိုရင် ဧည့်သည် မန်စီးတီး အသင်းဘက်ကို ဂိုးပေါက်တည့် ကန်သွင်းမှု တကြိမ်ပဲ လုပ်ဆောင်ပြနိုင်ခဲ့ ပါတယ်။

နည်းပြ ဆိုးရှား ကတော့ သူ ဖြစ်ချင်တဲ့ ယူနိုက်တက် ရဲ့ ကစားပုံဟာ ဒါမျိုး လုံး၀ မဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့သည့်တိုင်အောင် နဗီးလ် ကတော့ အခုလိုပဲ ဝေဖန် သွားခဲ့ပါတယ်။

“ အိုလီ ဟာ ဖိအား အကြီးကြီးတွေအောက်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ လောလောဆယ် သူအနေ့နဲ့ အရင်ဆုံး လုပ်ရမယ့် အချက်က ရဲရင့်မှု အပြည့်နဲ့ ကစားပြမယ့် အသင်းမျိုး ဖြစ်လာဖို့ အတွက်ပါ။

မနှစ်က ဘောလုံးရာသီ ပိတ်သိမ်းချိန်က ဆိုရင် ယူနိုက်တက် အသိုင်းအဝိုင်းမှာ အသင်းရဲ့ အခြေအနေတွေက တိုးတက်မှုတွေ ရှိလာနေတယ်လို့ ခံယူခဲ့ကြပါတယ် ဘာလို့လဲ ဆိုတော့ ပရီးမီးယားလိဂ် မှာ ဒုတိယ နေရာကနေ ပန်းဝင်ခဲ့တာလေ။ ပရိသတ် တိုင်းကတော့ နွေရာသီမှာသာ အပြောင်းအရွှေ့ လှုပ်ရှားမှုကို မှန်မှန်ကန်ကန် လုပ်လိုက်မယ် ဆိုရင် ချန်ပီယံဆု ကို စိန်ခေါ်ဖို့ အတွက် တော်တေ်ာလေး နီးစပ်သွားမယ်လို့တောင် ယူဆခဲ့ကြပါတယ်။

ဒါကြောင့်မို့ ကလပ် အသင်းဟာ ဒီလို ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားတာပါ။ ကလပ် အသင်းတာဝန်ရှိသူတွေ ကိုယ်တိုင်လဲ လုံး၀ တွေးထားမိမှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက ဈေးကွက်ထဲမှာ ကွန်တီ ရှိနေတုန်း ၊ နည်းပြ အပြောင်းအလဲ လုပ်ခဲ့သင့်တယ် ဆိုပြီး ယုံကြည်မှု အပြည့်နဲ့ ပြောခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ် တချို့ရှိပါတယ်။

ဒါပေမယ့် ကလပ် အသင်းဘက်က နည်းပြ အပြောင်းအလဲ လုပ်ဖို့ အတွက်ကို အစီအစဉ် မရှိခဲ့တာပါ။ ကွန်တီ ကို နည်းပြသစ် ခန့်အပ်ဖို့ လုံး၀ ဆန္ဒမရှိခဲ့သလို ၊ အိုလီ နောက်မှာပဲ အပြည့်အ၀ ရပ်တည်ပေးထားခဲ့ကြပါတယ်။

ကျနော် ကိုယ်တိုင်လဲ ရလာဒ်တွေ ဆိုးဆိုးဝါးဝါးကြီး ဖြစ်မသွားသ၍တော့ ဒီရာသီမှာ နည်းပြ အပြောင်းအလဲ လုပ်စရာ အကြောင်းကို မရှိဘူးလို့ ယုံကြည်ထားခဲ့တာလေ။ ဒါပေမယ့် အခြေ အနေတွေက တဖြေးဖြေး ဆိုးသထက် ဆိုးလာပါပြီ။ ချဲဆီးသာ အနိုင်ရသွားမယ် ဆိုရင် စောစောစီးစီး 11 မှတ် ပြတ်သွားနိုင်ပါတယ်။

လက်ရှိ ယူနိုက်တက် ရဲ့ ကစားသမား စာရင်းနဲ့ အဲဒီလိုမျိုး လုံး၀ ကို မဖြစ်သင့်တာပါ။ ဘယ်သူကမှလဲ အခုလို ဆိုးဆိုးဝါးဝါးတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြမှာ မဟုတ်ပါဘူး။ ဘယ်သူကမှလဲ ယူနိုက်တက်ဟာ အခုလောက်ထိ နိမ့်ပါးသွားမယ်လို့ ထင်ထားခဲ့မှာ မဟုတ်ပါဘူး။

နိုင်ငံတကာ ပွဲစဉ် ကာလဟာ အိုလီ အတွက် ပြသနာတွေ ဖြေရှင်းဖို့ အခွင့်အရေး တခုထင်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်း ကလဲ သူ့ရဲ့ စိတ်ပျက်မှုတွေ ကို လုံး၀ ဖုံးကွယ်ထားခြင်း မရှိပဲ ၊ အသင်းမှာ ရှိတဲ့ ကစားသမားတွေကိုပါ တဦးချင်း နာမည်ထုတ်ပြီး ဝေဖန်သွားခဲ့ ပါတယ်။

“ တော်တော်လေးကို စိတ်ပျက်ဖို့ ကောင်းတဲ့ စွမ်းဆောင်ရည်မျိုးပါ။ မန်စီးတီး နဲ့ ကွာခြားချက်တွေက အရည်သွေးပိုင်းရော ၊ ဆုံးဖြတ်ချက် ချတဲ့ အပိုင်းရော ၊ စွမ်းဆောင်ရည်ပိုင်းတွေမှာပါ သိသာလွန်းပါတယ်။

အရင်တုန်းက သုံးခဲ့တဲ့ စကားလုံးကို ပြန်ကိုးကားရရင် လူကြီး နဲ့ ကလေး ကစားနေသလိုပါပဲ။ ယူနိုက်တက် ဟာ တော်တော်ကြီးကို စုတ်ပျက်နေတာပါ။ ယုံတောင် မယုံနိုင်တော့ပါဘူး” လို့ ဖွင့်ဟ သွားခဲ့ ပါတယ်။

SM