ယုံကြည်ပေးခဲ့ပေမယ့် ၊ ယုံကြည်မှု အတိုင်း ဖြစ်မလာခဲ့တဲ့ ချန်ဘာလိန်

လီဗာပူး ကို ကလော့ပ် ရောက်ရှိလာပြီး နောက်ပိုင်း ပြောင်းရွှေ့ကြေး အမြောက်အများပေးပြီး ခေါ်ယူခဲ့တဲ့ ကစားသမားတွေ အားလုံး နီးပါး အသင်းအတွက် တနည်းတဖုံတော့ အကျိုးပြုနိုင်တာ ချည်းပါပဲ။

ဒဏ်ရာပြသနာပေါင်း များစွာနဲ့ ရုန်းကန်နေခဲ့ရတဲ့ နာဘီ ကီတာ လို ဘောလုံးသမားမျိုးတောင် ဒီရာသီမှာ ကစားခွင့်ရတဲ့ ပွဲတိုင်း အခွင့်အရေးဖန်တီးမှုတွေ ဆက်တိုက် လုပ်ပြနေတဲ့ အပြင် ၊ အရေးပါတဲ့ အသင်းကြီးတွေ နဲ့ ပွဲမှာ ဆိုရင် ကိုယ်တိုင်ပါ ဂိုးတွေ သွင်းယူပြခဲ့တာပါ။

သို့သော် ချန်ဘာလိန် ကတော့ နည်းပြရဲ့ ယုံကြည်မှုတွေ ကို ပြန်လည် သက်သေပြနိုင်ခြင်း မရှိတဲ့ အပြင် ၊ ကလပ် အသင်းရဲ့ မျှော်လင့်ချက်တွေကိုပါ ေ၀ဝါးစေလျှက် ရှိနေပါတယ်။

သူဟာ 2017 နှစ် နွေရာသီ အပြောင်းအရွှေ့ ကာလ က ပြောင်းရွှေ့ကြေး ယူရို 38 သန်း နဲ့ အာဆင်နယ် အသင်းကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ၊ အစောပိုင်း ကာလတွေမှာလဲ အသင်းနဲ့ အံ့ဝင်အောင် ကစားပြဖို့ တော်တော်လေး ရုန်းကန် ခဲ့ရပါတယ်။ အဲဒီ အဆင့်ကို အောင်အောင်မြင်မြင် နဲ့ ဖြတ်ကျော် အပြီး၊ ချန်ပီယံလိဂ် ပွဲစဉ် တချို့မှာ ခြေစွမ်းတွေ ဆက်တိုက် ပြသနိုင်ခဲ့ပြီးနောက် ဒူးဒဏ်ရာ ရရှိသွားတာ ကနေ သူ့ရဲ့ လီဗာပူး ကစားသမား ဘ၀ အပြောင်းအလဲတွေ ဖြစ်သွားခဲ့ ပါတယ်။

 

အဲဒီ အချိန်ကတော့ ကလော့ပ်ဟာ ချန်ဘာလိန် ရဲ့ ခြေစွမ်းကို သဘောကျလွန်းလို့ ၊ ဒဏ်ရာရသွားတာကိုတောင် “ ထောင်ကနေ လွတ်လာမယ့် ခင်ပွန်းဖြစ်သူကို ဇနီးသည်က မျှော်လင့်သလိုမျိုး မျှော်နေမယ်” လို့ တင်စား ပြောဆိုခဲ့ဖူးပါတယ်။

ကလပ် အသင်းကိုယ်တိုင်ကလဲ ဒဏ်ရာကနေ ပြန်လည် သက်သာ ကောင်းမွန်လာခါစ ဖြစ်တဲ့ ချန်ဘာလိန်ကို အများကြီး မျှော်လင့်ထားတာကြောင့် ပြန်ကစားပေးနိုင်ခြင်း မရှိသေးချိန်မှာတောင် 4 နှစ် စာချုပ် ချုပ်ဆိုပေးခဲ့ပါတယ်။ ဒါဟာ ကလော့ပ် ကိုယ်တိုင်ရော ၊ လီဗာပူး ဘက်ကပါ ချန်ဘာလိန် အပေါ် ဘယ်လောက်အထိ ယုံကြည်မှု အပြည့် ထားရှိခဲ့ကြလဲ ဆိုတာ သက်သေပြခဲ့တာ ဖြစ်ပါတယ်။

သို့သော် ကာယကံရှင် ကစားသမား ကိုယ်တိုင်ကတော့ ဒဏ်ရာပြသနာ ကနေ ပြန်လာခဲ့ပြီး နောက်ပိုင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေက အရင်လို မဟုတ်တော့ပါဘူး။ အသင်းလိုက် ကစားပုံက ဟန်ချက်ညီခြင်း မရှိသလို ၊ တစ်ကိုယ်တော် တိုးအားတွေ နဲ့ လုပ်ပြချင်တဲ့ စိတ်တွေပဲ များလွန်းခဲ့ပါတယ်။

အဲဒီ အနေအထားတွေဟာ ဒီရာသီ မှာတော့ ထင်ထင်ရှားရှားကြီးကို ပေါ်လွင်လာခဲ့ပါပြီ။ မေလ်နာ ၊ ကီတာ ၊ ကာတစ် ဂျုံး ၊ အယ်လီယော့ ၊ ဖာဘင်ဟို ၊ တီယာဂို တို့ အားလုံး ဒဏ်ရာ ပြသနာနဲ့ ရုန်းကန်လာရချိန်မှာ ချန်ဘာလိန် ဟာ နည်းပြ ကလော့ပ် အတွက် တဦးတည်းသော အားကိုးရာ ဖြစ်လာပါတယ်။

သို့သော် အသင်းက တည်ဆောက်ထားတဲ့ System နဲ့ ချန်ဘာလိန် ရဲ့ Mindset တို့က လုံး၀ ကိုက်ညီမှု မရှိတဲ့ အပြင် ပရိသတ်တွေ အကြားမှာ လက်ညှိုးထိုးစရာတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

အသင်း ကစားကွက် လိုအပ်ချက် အရ ကွင်းလယ် ခံစစ်ကို အားပြု ကစားဖို့ လိုအပ်တဲ့ အချိန်မျိုးမှာ ချန်ဘာလိန် ကတော့ သူ့ရဲ့ တိုက်စစ်အားသန်လွန်းတဲ့ ကစားဟန်ကို အပြောင်းအလဲ မလုပ်ခဲ့သလို ၊ ဖာဘင်ဟို ပြန်လည် ကစားပေးနိုင်လာလို့ သူ့ကို တိုက်စစ် လိုက်ပါ ကစားခွင့်ပြုချိန်မှာလဲ ထင်ထားသလို မဟုတ်ပြန်ပါဘူး။

Dribble ဆွဲပြေးတာ ၊ အဝေးကန်ချက်တွေ တအား သုံးတာကလွဲရင် ချန်ဘာလိန် ဟာ အသင်းနဲ့ ဟန်ချက်ညီညီ ကစားပြနိုင်ခြင်း မရှိသလို ၊ နည်းပြ ကလော့ပ် ကိုယ်တိုင်လဲ ဘယ်လို စိတ်ရှည်ရှည် နဲ့ သုံးစွဲရမလဲ ဆိုတာ စဉ်းစားရ ကျပ်နေပုံ ရပါတယ်။

ရာသီ အကြို ခြေစမ်းပွဲစဉ်တွေမှာ ကတည်းက တိုက်စစ်နေရာ ၊ တောင်ပံ ကစားသမားနေရာ ၊ နောက်ချန် တိုက်စစ်မှုးနေရာတွေ မှာ အမျိုးမျိုး လှည့်သုံးကြည့်ဖြစ်ခဲ့ပေမယ့် ကျေနပ်လောက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိခဲ့တဲ့ အပြင် ၊ ကွင်းလယ် 3 ယောက်နေရာမှာ ထားပြီး ကစားပြန်တော့လဲ ထင်ထားသလောက် မဟုတ်ပြန်ပါဘူး။

ဒီ အကြောင်းတွေကို ကာယကံရှင် ကစားသမား ကိုယ်တိုင်လဲ သိလောက်ပါတယ်။

သူ့ရဲ့ စာချုပ် သက်တမ်းဟာ ဒီရာသီ ကုန်တာနဲ့ တစ်နှစ်သက်တမ်းပဲ ကျန်တော့မှာ ဖြစ်လို့ ၊ ပုံမှန် အတိုင်းဆိုရင် ဒီကာလမျိုးဟာ စာချုပ်သစ် ကိစ္စအတွက် သတင်းတွေ လှိုင်လှိုင် ထွက်ပေါ်နေရမယ့် အချိန်မျိုးပါ။ ချန်ဘာလိန် ရဲ့ အသက်ဟာ အခုမှ 28 နှစ်ပဲ ရှိသေးလို့ ကစားသမားဘ၀ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ထွက်ပေါ်လာရမယ့် ကာလမျိုးလို့လဲ ပြောလို့ ရပါတယ်။

သို့သော် လက်ရှိ အချိန်ထိ လီဗာပူး က သူ့ကို နောက်တကြိမ် စာချုပ်ချုပ်မယ့် အကြောင်း အရိပ်အယောင် လုံး၀ မပြသလို ၊ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကလဲ သူကိုယ်တိုင် ပုံမှန် ကစားခွင့်ရမယ့် အသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားဖွယ် ရှိကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ်။

ဒါကြောင့် ကလပ် အသင်းကလဲ ပထမ အကြိမ် အခွင့်အရေး ပေးပြီးပြီ ဖြစ်လို့ ဒုတိယ အကြိမ်တော့ ထပ်ပြီး စွန့်စားတော့မှာ မဟုတ်ဘူးလို့ နားလည်ရပါတယ်။

လက်ရှိ လီဗာပူး ရဲ့ ပွဲစဉ် အနေအထား အရ ဒီရာသီမှာ ချန်ဘာလိန် ကို ထပ်ပြီး မဖြစ်မနေ သုံးရမယ့် ပွဲစဉ်တွေ ရှိလာဦးမှာ သေချာပါတယ်။

 

သူ့အနေနဲ့လဲ ရာသီ အကုန်မှာ အသင်းကြီး တစ်သင်းဆီပဲ ပြောင်းရွှေ့ခွင့်ရချင်ရင်ပဲ ဖြစ်ဖြစ် ၊ 28 နှစ် အရွယ်မှာ ဝင်ငွေ အကောင်းဆုံး စာချုပ်မျိုး ကမ်းလှမ်းခံရချင်တယ် ဆိုရင်ပဲ ဖြစ်ဖြစ် လက်ကျန် ရာသီပွဲစဉ်တွေကိုတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြရတော့မှာပါ။

အဲဒီလိုမှ မဟုတ်ရင် သူ့ရဲ့ ကစားသမား ဘ၀ ဖြတ်သန်းမှုဟာ နောက်ထပ် စာမျက်နှာ တခုမှာ တစ်ဆင့်ထပ်ပြီး နိမ့်သွားနိုင်ပါတယ်။

SM