ယုံကြည်ချက်တွေ အပြည့်ပါဝင်နေတဲ့ ဘာစီလိုနာ နည်းပြသစ် ဇာဗီ ရဲ့ နှုတ်ခွန်းဆက် စကားများ

၂၀၁၅ ခုနှစ် မေလ တုန်းက ဇာဗီ ဟာနန်ဒက်စ် ဟာ အကယ်ဒမီ ကစားသမား ဘ၀ ကတည်းက ကစား လာခဲ့တဲ့ ဘာစီလိုနာ အသင်းကို နှုတ်ဆက် ခဲ့ ပါတယ် ။ ၅ နှစ်ခွဲ အကြာမှာတော့ ဇာဗီ ဟာ နည်းပြ အဖြစ် နဲ့ အသင်းဟောင်း ကို ပြန်ရောက် လာခဲ့ ပါပြီ ။

ဘာစီလိုနာ ကတော့ သူထွက်သွား ခဲ့တဲ့ အချိန်တုန်းကလို မဟုတ်တော့ ပါဘူး ။

ဥရောပ ရဲ့ ချန်ပီယံလောင်း အဆင့်ကနေ ကျဆင်း နေသလို ပြည်တွင်းမှာ ပါ အောင်မြင်မှုတွေ ရရှိအောင် ရုန်းကန် နေရ ပါတယ် ။

ဒီရာသီမှာလည်း ၁၂ ပွဲ ကစား အပြီးမှာ ၁၇ မှတ်သာ ရရှိ ထားပြီး အဆင့် ၉ နေရာ အထိ ရောက်ရှိ နေသလို ထိပ်ဆုံးက ရီးရဲ ဆိုဆီဒက် နဲ့ ၁၁ မှတ် ၊ ဒုတိယ နေရာက မဟာပြိုင်ဘက် ရီးရဲ နဲ့ ၁၀ မှတ်ထိ ကွာဟလို့ နေခဲ့ ပါတယ် ။ အသင်းဟာ ပြန်လည် တည်ဆောက် နေဆဲ ကာလဖြစ်ပြီး ဇာဗီ အနေနဲ့ ကွင်းတွင်း ကွင်းပြင် တည်ငြိမ် ရေးကိုပါ ပူးတွဲ လုပ်ဆောင် သွားရမယ့် အနေအထားမှာ ရှိနေခဲ့ ပါတယ် ။

ဇာဗီ ဟာ ဒီကနေ့ မှာ ဘာစီလိုနာ နည်းပြ အဖြစ် နူးကမ့် ကွင်းကြီး ထဲမှာ မိတ်ဆက်ပွဲ ပြုလုပ် သွားခဲ့ပြီး ဘာစီလိုနာ ပရိသတ် များစွာ လာရောက် အားပေးခဲ့ ပါတယ် ။ အသင်း ဥက္ကဌ လာပေါ်တာ ကတော့ “ကြိုဆို ပါတယ် ဇာဗီ ရေ ၊ အိမ်ပြန် ရောက်လာပြီပေါ့ ၊ ဒီနေ့ကတော့ တကယ့်ကို စိတ်လှုပ်ရှား စရာ နေ့တနေ့ ပါပဲ” လို့ မိတ်ဆက်ပွဲမှာ မီဒီယာတွေ ကို ပြောဆို သွားခဲ့ ပါတယ် ။

ဇာဗီ ကလည်း “အားလုံးကို ကျေးဇူး တင်ပါတယ် ။ ငိုချင် လောက်အောင် ပါပဲ ။ ကလပ် နဲ့ ပရိသတ်တွေကို ကျေးဇူး တင်ပါတယ် ။ အခု ကျွန်တော် ပြောနိုင်တာ တခုပဲ ရှိပါတယ် ၊ ကျွန်တော်တို့ ဟာ ကမ္ဘာပေါ်က အကောင်းဆုံး အသင်းဆိုတာ ပါပဲ ။ အခုလို ပြန်ရောက် လာတာက ကျွန်တော့ အတွက် အရမ်းကို စိတ်လှုပ်ရှား စရာ ဖြစ်စေခဲ့ ပါတယ် ။ ဘာဆာ အဓွန့်ရှည်ပါစေ ၊ ကတ်တလန် အဓွန့်ရှည်ပါစေ!” လို့ ပြန်လည် ပြောဆို ခဲ့ ပါတယ် ။

“ကျွန်တော်တို့ အရာ အားလုံးကို အောင်နိုင်ချင် ပါတယ် ၊ အရှုံးဆိုတာ ကျွန်တော်တို့ အတွက် မရှိသင့် ပါဘူး ။ မနက်ဖြန် ကျွန်တော် စပါမယ် ၊ ကျွန်တော် အိမ်ပြန်လာ ပါပြီ ။

လတ်တလော မှာ အသင်းက ခက်ခဲတဲ့ အခြေအနေ မှာ ရှိနေ ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့မှာ ရည်မှန်းချက် ရှိပါတယ် ။ ကျွန်တော့ကို ခန့်အပ်ဖို့ ယုံကြည်ချက် ရှိနေတဲ့ ကလပ် ( ဘုတ်အဖွဲ့ နဲ့ ဥက္ကဌ ) အပေါ်လည်း ကျေးဇူး တင်ပါတယ်

“ကစားသမားတွေ ကို ပြောချင်တာကတော့ အပေါင်း လက္ခဏာဆောင်တဲ့ တောင်းဆိုမှုတွေကို ကျွန်တော် အလိုရှိ ပါတယ် ။ အကောင်းတကာ့ အကောင်းဆုံး ဆိုတဲ့ အဓိပ္ပါယ်ကို ကျွန်တော်တို့ ရှာဖွေ ကြရမှာပါ ။

ကစားသမားတွေကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် စရာ မလိုပါဘူး ၊ စည်းမျဉ်း စည်းကမ်းတွေ နဲ့ ထိန်းသိမ်း ထားပြီးသားပါ ။

စည်းကမ်းတွေ မရှိရင်တော့ အားလုံးက ပရမ်းပတာတွေ ဖြစ်သွားမှာ ပါပဲ ။ ဒါပြီးရင်တော့ လေးစားမှုပေါ့”

“ကျွန်တော့ကို ပက် ( ဂွာဒီယိုလာ ) နဲ့ နှိုင်းယှဉ် နေတာကိုက ကျွန်တော့ အတွက် အောင်မြင်မှု တခုလို ပါပဲ ။ သူက ကမ္ဘာပေါ်က အကောင်းဆုံး နည်းပြ တယောက်ပါ ။ သူ နဲ့ နှိုင်းမယ်ဆိုရင် ကျွန်တော် က အပြတ်အသတ်ကြီး ကျန်ခဲ့မှာ သေချာပါတယ်” လို့ ဇာဗီ က ဆက်လက် ပြောဆို သွားခဲ့ ပါတယ် ။

အသင်းရဲ့ များပြားလှတဲ့ ဒဏ်ရာ အခြေအနေတွေ နဲ့ ပတ်သက်ပြီးတော့လည်း “ဒဏ်ရာတွေ ကို ကျွန်တော် စိတ်ပူမိ ပါတယ် ။ ဘာတွေ ဖြစ်နေလဲ ၊ ဘာတွေ မှားယွင်းနေလဲ ဆိုတာကို အဖြေရှာသွားမှာပါ ။ ဒီကိစ္စမှာ ဆရာဝန်တွေ ၊ ကာယနည်းပြတွေ နဲ့ အားလုံး အတူ ပူးပေါင်း ပါဝင် ဖို့ လိုပါတယ်” လို့ နည်းပြသစ် ဇာဗီ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR