ယာယီ နည်းပြ ကာရစ် ၊ ချဲလ်ဆီး နဲ့ သရေပွဲတွေအပေါ် မှတ်ချက်ပေးလိုက်တဲ့ ယူနိုက်တက်ရဲ့ MOTM

မနေ့ညကတော့ စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းကြီးထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဇယားကို ဦးဆောင်နေခဲ့တဲ့ ပြိုင်ဖက်ကောင်း ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး အဝေးကွင်းမှာ 1 – 1 ဆိုတဲ့ သရေ ရလဒ် ရယူသွားနိုင်ခဲ့ ပါတယ် ။

ဒါဟာ ဆိုးလ်ရှား လက်လက်မှာ ရလဒ်တွေ ဆိုးရွားနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် တကယ့်ကို အပေါင်း လက္ခဏာဆောင်တဲ့ ရလဒ်ကောင်း တစ်ခုပဲ ဖြစ်သွားခဲ့ရပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲမှာ ယူနိုက်တက်တို့ ဂိုးပြတ် ရှုံးလိမ့်မယ်လို့ ကြိုတွက်သူ များခဲ့လို့ပါပဲ ။

ဒါပေမဲ့ လက်တွေ့မှာတော့ ယူနိုက်တက် ယာယီ နည်းပြ ကာရစ်က ဘောလုံးကိုင်ပြီး ယှဉ်ကစားနိုင်မှာ မဟုတ်တဲ့ ပြိုင်ဖက်ကို ခံစစ် အသားပေး ကစားဟန်နဲ့ အကောင်းဆုံး ခုခံရင်း ကောင်တာ တိုက်စစ်ဆင် ကစားခဲ့တာက အခုလို ရလဒ်မျိုး ထွက်ပေါ်စေခဲ့တာပဲ ဖြစ်ပါတယ် ။

ပွဲချိန် ပထပိုင်းအတွင်း ချဲလ်ဆီး အသင်းဟာ ဖိအားပေး တိုက်စစ်ဆင်ကစားခဲ့ပြီး ဂိုးသွင်းယူနိုင်ခွင့်တွေ ပိုင်ဆိုင်ခဲ့ပေမဲ့ အခွင့်အရေး အသုံးချနိုင်စွမ်း လျှော့ကျ နေခဲ့ခြင်း ၊ ဒီဂီယာရဲ့ စပါယ်ရှယ် လက်စွမ်းတွေကို မကျော်ဖြတ်နိုင်ခြင်းတွေကြောင့် ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ ဘရူနို ဖာနန်ဒက်စ် ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ဂျော်ဂျင်ဟို ရှင်းထုတ်နိုင်စွမ်း မရှိခဲ့ပဲ ဆန်ချိုက ကောင်တာ တိုက်စစ်ဆင် အခွင့်အရေး ယူသွားနိုင်ခဲ့တဲ့အတွက် ယူနိုက်တက်တို့ ဦးဆောင်ခွင့် ရရှိသွားနိုင်ခဲ့ကြပါတယ် ။

ဒါပေမဲ့ 18 မိနစ် အကြာမှာပဲ ယူနိုက်တက် ညာ နောက်ခံလူ ဘစ်ဆာကာ က ဂိုးဧရိယာထဲမှာ ပြိုင်ဖက် နောက်ခံလူ သီယာဂို ဆေးလ်ဗား ကို ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့ အတွက် သရဲနီတို့ ပင်နယ်တီ ပေးခဲ့လိုက်ရပြီး ဒီတစ်ကြိမ်မှာတော့ ဒီဂီယာ က ကာကွယ်နိုင်စွမ်း မရှိခဲ့တဲ့ အတွက် သရေကျခဲ့တာပဲ ဖြစ်ပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ဒီပွဲမှာ ယူနိုက်တက် အသင်းကို တစ်မှတ် ရရှိစေခဲ့တာက ဒီဂီယာပဲလို့ပြောရင် မမှားပါဘူး ။ ပွဲစဉ်အပြီး အင်တာဗျူး အစီအစဉ်မှာတော့ ယူနိုက်တက် အတွက် MOTM ဖြစ်ခဲ့တဲ့ ဒီဂီယာက နည်းပြ ကာရစ် လက်အောက်မှာ အသင်းဟာ တိုးတက်လာခဲ့ကြောင်း ဖွင့်ဟရင်း ပွဲစဉ်အပေါ် မှတ်ချက်ပေးခဲ့လိုက်ပါတယ် ။

” ဗီလာ ရီးယဲ နဲ့ ပွဲစဉ်မှာ ကတည်းက ကျွန်တော်တို့ တိုးတက်နှင့်ပြီးသားပါ ။ ကျွန်တော်တို့ နိုင်ခဲ့တယ် ၊ နောက်တဆင့် တက်နိုင်ခဲ့တယ် ။ အခုတော့ ကျွန်တော်တို့ဟာ နောက်ထပ် အဝေးကွင်း ပွဲစဉ် တစ်ပွဲမှာပဲ တကယ့် အသင်းကောင်း တစ်သင်းနဲ့ ရင်ဆိုင် ကစားခဲ့လိုက်ရပြန်ပါတယ် ”

 

” ဒီအတွက် အသင်းရဲ့ အားစိုက်ထုတ်မှုတွေက အရမ်းပဲ ကောင်းလှပါတယ် ။ သူတို့ အခွင့်အရေးကောင်းတွေ များခဲ့ကြပါတယ် ။ ဒါပေမဲ့ သရေ ရလဒ် ကတော့ ကျွန်တော်တို့ အတွက် လုံလောက်စွာ ကောင်းမွန်တဲ့ ရလဒ်မျိုး မဟုတ်ပါဘူး ။ ကျွန်တော်တို့ ခက်ခဲတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့ကြပါတယ် ”

” အသင်းရဲ့ အားထုတ် ကြိုးပမ်းမှုတွေ အတွက် ကျွန်တော် တကယ်ပဲ ဂုဏ်ယူမိပါတယ် ။ ကွင်းထဲ ဂိုးပေါက် အရှေ့မှာ ကျွန်တော်ဟာ တချိန်လုံးပဲ အန္တရာယ်ရဲ့ အငွေ့အသက်တွေကို ခံစားခဲ့ရပါတယ် ။ ကျွန်တော်တို့ ခံစစ် ကစားတာ ကောင်းခဲ့ကြသလို သူတို့လည်း အခွင့်အရေး ကောင်းတွေ လွဲချော်ခဲ့ကြပါသေးတယ် ”

” ပြီးတော့ ကျွန်တော်တို့ကို အခွင့်အရေး တစ်ကြိမ် ရရှိစေခဲ့ကြပါတယ် ။ သရေ ဆိုတာက လုံလောက်တဲ့ ရလဒ်ကောင်းတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ အခုလို အခိုက်အတန့်မျိုးမှာတော့ သရေတစ်မှတ်ဆိုတာကလည်း ကြီးမားတဲ့ ရမှတ် တစ်ခုပဲ ဖြစ်ပါတယ် ”

” အရင်တုန်းက ကျွန်တော်တို့တွေ ဒီလိုပွဲမျိုးမှာ 3 ၊ 4 ဂိုးလောက် ပေးခဲ့ကြရပါတယ် ။ အခုတော့ ကျွန်တော်တို့ဟာ တိုးတက်လာခဲ့ကြပါပြီ ။ အခုက နှစ်ပွဲပဲ ရှိပါသေးတယ် ၊ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ကျွန်တော်တို့ ကောင်းကောင်း ခုခံနိုင်ခဲ့ကြပါပြီ ”

” ကျွန်တော်တို့ ဘောလုံးပြန်ရဖို့ တိုက်ပွဲဝင်နေကြပါပြီ ။ အခုတော့ ကျွန်တော်တို့တွေက အသင်းအဖွဲ့ တစ်ခုလိုမျိုး ဖြစ်လာနိုင်ခဲ့ပါပြီ ” လို့ ဒီဂီယာ က ပွဲအပြီး အင်တာဗျူး အစီအစဉ်မှာ အသင်းလိုက် ကစားပုံ တိုးတက်လာမှုကို ချီးကျူးစကား ဆိုသွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar