မော်ရင်ဟို သူ့ကို ရိုးမားမှာ ဘာတွေ သင်ပေးနေလဲ ဆိုတာ ဖွင့်ဟလာတဲ့ တမ်မီ အေဘရာဟမ်

ချဲလ်ဆီး အသင်းရဲ့ အကယ်ဒမီထွက် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ကစားသမား ဘဝ တိုးတက်ရေး အတွက် ပုံမှန် နေရာရဖို့ မသေချာတော့တဲ့ ငယ်ဘဝ ကလပ်ကနေ ရိုးမား အသင်းသို့ ပေါင် ၃၅သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။

လက်ရှိ ရိုးမား နည်းပြသစ် ဖြစ်တဲ့ ဟိုဆေး မော်ရင်ဟို ဟာ အေဘရာဟမ်ကို သူ့ရဲ့ ပွဲထွက် တိုက်စစ်မှူး အဖြစ် အသုံးပြုဖို့ လိုလိုလားလားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၊ ကတိပေး ဆွဲဆောင်ခဲ့သလိုမျိုးလည်း အသင်းမှာ ပုံမှန် နေရာပေးထားပါတယ် ။

အေဘရာဟမ် ဟာ ရိုးမား အသင်း အတွက် စီးရီးအေ ပွဲပေါင်း ၁၂ပွဲ အထိ ကစားခွင့် ရထားပြီး ၊ သွင်းဂိုး ၃ဂိုး သွင်းယူထားကာ ၊ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားပေးပါတယ် ။ ရောမမြေ က ကစားခွင့်တွေ ၊ ကြိုးစားမှုတွေကြောင့်လည်း ၄င်းဟာ ဂါရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းမှာ တကျော့ပြန် ရွေးချယ်ခြင်း ခံခဲ့ရပါတယ် ။

အသက် ၂၄ နှစ် အရွယ် ၊ ယင်း အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး က အီတလီမြေ ကို ပထမဆုံး အကြိမ် သွားရောက် အခြေချစဉ် ၊ မော်ရင်ဟိုဆီက ဘာတွေ သင်ယူ လေ့လာထားရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၊ ပြီးခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ အကျဉ်းချုံး ဖွင့်ဟလာခဲ့ပါတယ် ။

အေဘရာဟမ် က ” သားရဲ တကောင်လို တိုက်စစ်မှူးမျိုး ဖြစ်လာဖို့ကိုတော့ သူ ( မော်ရင်ဟို ) အဓိက ပြောပါတယ် ။ နောက်တခု က ကျွန်တော် ဟာ အရမ်း သဘောကောင်းတဲ့ တိုက်စစ်မှူး တယောက် ဖြစ်နေတယ် ဆိုတာပေါ့ ။ ဒီနေရာမှာ ကျွန်တော် ဟာ တွန်းတွန်းတိုက်တိုက် ၊ အားမာန် အပြည့်နဲ့ ဆော့နိုင်စွမ်း ရှိတယ် ဆိုတာ ပြသဖို့ လိုတဲ့ အကြောင်း သူ ပြောပါသေးတယ် ။ ”

” ဘောလုံးမှာ ခင်ဗျား ဟာ ကွင်းတွင်း အမြဲ သဘောကောင်းနေလို့ မရပါဘူး ။ ခင်ဗျားမှာ ပြိုင်ဖက် ခံစစ် ကစားသမားတွေ ကြောက်ရွံ့အောင် လုပ်ပြနိုင်မယ့် ကိုယ်ပိုင်ဟန်မျိုး ရှိနေဖို့ လိုပါတယ် ။ ဒါဟာ ကျွန်တော် ရိုးမားမှာ သင်ယူလာရတဲ့ ၊ ပိုပြီး တိုးတက်မှု ရှိလာတဲ့ အရည်အသွေးတွေ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး အေဘရာဟမ် က ငယ်ဘဝ ကလပ် ချဲလ်ဆီး ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချရတာ ဟာ ၄င်းအတွက် အခက်ခဲဆုံး ဖြစ်ခဲ့ပေမယ့် ၊ သောမတ်စ် တူချယ် လက်အောက် ကစားခွင့် ကန့်သတ်ခံထားရတဲ့ အတွက် ၊ ရိုးမား ကို ပြောင်းရွှေ့ဖို့ကလွဲပြီး အခြား ရွေးချယ်စရာ မရှိခဲ့ကြောင်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ် ။

အေဘရာဟမ် က ” အသင်းမပြောင်းခင် ကျွန်တော့ အတွေးထဲ ရောက်လာတဲ့ ပထမဆုံး အရာ က ‘ ငါ ပရီးမီးယားလိဂ်ကနေ တကယ်ပဲ ထွက်ခွာချင်ရဲ့လား ‘ ဆိုတာပါပဲ ။ ဒါဟာ ကမ္ဘာ့ အကောင်းဆုံး လိဂ်ပြိုင်ပွဲ ဖြစ်ပြီး ၊ ကစားသမားတိုင်း ကစားချင်ကြတဲ့ လိဂ်ဖြစ်ပါတယ် ။ ဒီလို အခြေအနေမျိုးမှာ ခင်ဗျားဟာ သံသယစိတ်တော့ ဝင်မိမှာပါပဲ ။ ”

” ဒါပေမယ့် စီးရီးအေနဲ့ ရိုးမားလို ကြီးကျယ်တဲ့ ကလပ် တသင်းကို ပြောင်းရွှေ့တယ် ဆိုတာကလည်း ခင်ဗျားရဲ့ ကြိုးစားမှု ၊ လုပ်ဆောင်မှုတွေကို လူတွေ မေ့လို့ ရစေမယ့် အနေအထားမျိုး မဟုတ်ပါဘူး ။ ပဲ့တင်သံ ဆိုတာ အမြဲ ထွက်ပါတယ် ။ ”

” ကျွန်တော့ဖက်ကသာ ကိုယ်လုပ်စရာ ယုံယုံကြည်ကြည်နဲ့ ဆက်လုပ်သွားဖို့ လိုပြီး ၊ ဂါရတ် ဟာ အနယ်နယ် အရပ်ရပ် က အင်္ဂလန်သားတွေရဲ့ စွမ်းဆောင်ရည် အပေါ် အမြဲ စောင့်ကြည့်နေတာကြောင့် ၊ ကိုယ်သာ ခြေစွမ်းပြနေရင် လက်ရွေးစင် အသင်းမှာ အခွင့်အရေး ရှိမယ် ဆိုတာ ယုံကြည်ခဲ့ပါတယ် ။ လက်ရှိ ခြေစွမ်း အဆင့်အတန်းကိုလည်း ကျွန်တော် ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR