မုဒိန်းမှုနဲ့ တရားစွဲခံရတဲ့ ဘန်ဂျမင် မန်ဒီရဲ့ သတင်းတွေမှာ ၄င်းရဲ့ ရုပ်ပုံကို အလွဲသုံးစားလုပ်ခဲ့တဲ့ ဥရောပ မီဒီယာ အချို့ အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့တဲ့ အက်ဒိုဝါ့ဒ် မန်ဒီ

ပြီးခဲ့တဲ့ အင်္ဂါနေ့က အတည်ပြု သတင်းတွေ အရ မန်စီးတီး အသင်းရဲ့ အသက် ၂၇နှစ် အရွယ် ၊ ပြင်သစ် ဘယ်နောက်ခံလူ ဘန်ဂျမင် မန်ဒီ ဟာ ထပ်တိုး မုဒိန်းမှု ၂ခုနဲ့ တရားစွဲခံခဲ့ရပြန်ပါတယ် ။ ဒါကြောင့် ၄င်းဟာ မုဒိန်းမှု ၆ခု ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၊ စုစုပေါင်း ၇မှုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ် ။

လောလောဆယ်မှာတော့ ၄င်းဟာ လီဗာပူးမြို့မှာ ရှိတဲ့ အကျဉ်းထောင် တခုမှာ ထိန်းချုပ်ခြင်း ခံထားရကာ ၊ လာမယ့်နှစ်မှာ ဒီအမှုတွေ အတွက် ကြားနားမှု လုပ်သွားဖို့ ရှိနေပါတယ် ။

ဒီလို ဆိုးရွားတဲ့ လုပ်ရပ်တွေကြောင့် ယင်း ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် နောက်ခံလူ ဟာ ဝေဖန်မှု များစွာနဲ့ ပြစ်တင်ရှုံ့ချမှု များစွာနဲ ရင်ဆိုင်ထားရပါတယ် ။

ဒီလို အတည်ပြု သတင်းတွေ ထွက်လာနေတဲ့ ကြားက ဘန်ဂျမင် မန်ဒီရဲ့ အကြောင်းအရာ ကို ချဲလ်ဆီး အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ၊ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပြင်သစ် ကြယ်ပွင့် ဘယ်နောက်ခံလူ ဖာလန်း မန်ဒီတို့ရဲ့ ရုပ်ပုံတွေနဲ့ မှားယွင်း ဖော်ပြခဲ့တဲ့ ဥရောပ မီဒီယာတွေလည်း ရှိနေပါတယ် ။

ဥရောပနဲ့ ကမ္ဘာ တဝှမ်းမှာ လူမျိုးရေး ခွဲခြားမှုတွေ ဆန့်ကျင်နေတဲ့ အကြား က အခုလိုမျိုး အရှက်ရဖွယ် အဖြစ်အပျက်မျိုး တက်လာတဲ့အချိန် ၊ ဥရောပ မီဒီယာ အချို့ရဲ့ လုပ်ရပ် က စိတ်ပျက်ဖွယ်ကောင်းလွန်းပြီး ၊ ဒီအပေါ် အက်ဒိုဝါ့ဒ် မန်ဒီ က ၄င်းရဲ့ ကိုယ်ပိုင် အင်စတာဂရမ် စာမျက်နှာပေါ်ကနေ အခုလိုမျိုး ပြင်းပြင်းထန်ထန် ရှုံ့ချသွားခဲ့ပါတယ် ။

အက်ဒိုဝါ့ဒ် မန်ဒီ က ” ဒီလို လုပ်ရပ်မျိုး ၂၀၂၁ ခုနှစ်မှာ ဆက်လက် တွေ့နေရတာ ဝမ်းနည်းဖို့ကောင်းပါတယ် ။ တချို့တွေ အတွက် လူမည်းတွေဟာ နာမည် မရှိ ၊ မျက်နှာ မရှိ ထင်နေကြတုန်းပါပဲ ။ ဒီလို ရုပ်ပုံ မှားယွင်း ဖော်ပြမှုတွေက သက်သက်မဲ့ လုပ်ကြံ ဖန်တီးနေတာနဲ့ တူနေပါတယ် ။ ”

” နောက်ပြီး သူတို့တွေဟာ တခုနဲ့ တခု တခြားစီ ဖြစ်သလို ၊ ထင်ရှားတဲ့ သင်္ကေတ ဖော်ပြမှုတွေလည်း ဖြစ်နေပါတယ် ။ မျက်နှာ ၂ခုကို ခွဲခြားသိဖို့က ဒီလောက်ကြီး မခက်ခဲပါဘူး ။ အထူးသဖြင့် ဘောလုံး ဂျာစီ ဝတ်ထားတဲ့ ပုံတွေမှာဆို တယောက်နဲ့ တယောက် ခွဲမြင်ဖို့ ဆိုတာ သိသာ ထင်ရှားနေပါတယ် ။ ” လို့ ရေးသား ဖော်ပြခဲ့ပါတယ် ။

ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဖာလန်း မန်ဒီ ကလည်း ချဲလ်ဆီး ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီရဲ့ တုန့်ပြန် ရှုံ့ချမှုကို ထောက်ခံသော အားဖြင့် ၊ ၄င်းရဲ့ တွစ်တာ အကောင့်ကနေ တဆင့် ” ကျေးဇူးတင်ပါတယ် … အက်ဒိုဝါ့ဒ် မန်ဒီရေ ။ ကျွန်တော်တို့ဟာ ၂၀၂၁ ခုနှစ်ကို ရောက်နေကြတာပါ ။ ”

” ဒီလို လုပ်ရပ်တွေ ရပ်တန်းက ရပ်ကြပါတော့ ။ ဒါတွေ ရပ်ဖို့ အချိန် အတိုင်းအတာ တခုတော့ လိုအပ်မှာ ဖြစ်ပေမယ့် ၊ ခင်ဗျားတို့တွေ ကြိုက်သည် ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ ၊ အဆုံးမှာ ကျွန်တော်တို့ကို လေးစားသမှု ပြကြရလိမ့်မယ် ။ ” လို့ ရေးသား ဖော်ပြခဲ့ပါတယ် ။

SPORTS MYANMAR