မို ဆာလာ ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ဟာ လီဗာပူးမှာ စာချုပ်သစ် ကိစ္စအပြီးသတ်နိုင်ခြင်း မရှိပဲ ဖြစ်နေတဲ့ မို ဆာလာ ကို ခေါ်ယူဖို့ အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံ အသုံးပြုကာ ကြိုးစားသွားမှာ ဖြစ်ကြောင်း ကတ်တလန် အခြေစိုက် သတင်းစာတွေက ထုတ်ဖော် ရေးသားလိုက် ပါတယ်။

ဆာလာ ကို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ထားကြပြီး ၊ လီဗာပူး အတွက် ဒီရာသီ ပါဝင် စားပေးထားတဲ့ 15 ပွဲမှာ စုစုပေါင်း 17 ဂိုး အထိ သွင်းယူကာ ဂိုးဖန်တီးမှု 6 ကြိမ်ပြုလုပ်ထား ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလ က ကစားသမားသစ် ခေါ်ယူမှုတွေ အများကြီး လုပ်ဆောင်ခြင်း မရှိခဲ့ပဲ ၊ ရှိရင်းစွဲ ကစားသမားတွေကိုသာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အလီဆွန် ၊ ဗန်ဒိုက် ၊ ရော်ဘတ်ဆန် ၊ အာနိုး ၊ ဖာဘင်ဟို ၊ ဟန်ဒါဆင် တို့လို ကစားသမားတွေကို စာချုပ်သစ် အသီးသီး ချုပ်ဆိုနိုင်ခဲ့သည့်တိုင်အောင် ၊ ဒီရာသီ အဓိက ခြေစွမ်းပြနေတဲ့ မို ဆာလာ ကိုတော့ ချုပ်ဆိုနိုင်ခြင်း မရှိသေးပါဘူး။

သူ့ရဲ့ လက်ရှိ စာချုပ် သက်တမ်းက 2023 ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ လီဗာပူး ကတော့ ဆာလာ ရဲ့ ကိုယ်စားလှယ်တွေ နဲ့ အမြဲတမ်း တွေ့ဆုံနေသလို ၊ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် အသင်းမှာ ချမှတ်ထားတဲ့ လစာပေးချေမှု ကန့်သတ်ချက် တချို့ကို ကျော်လွန်ကာ လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။

သို့သော် လက်ရှိ အချိန်ထိ နီးစပ်မှုရှိရှိ နဲ့ ခိုင်လုံတဲ့ အကြောင်းအရင်းတွေ ထွက်ပေါ်လာခြင်း မရှိသေးတာကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ကူးယဉ်နေတဲ့ ကလပ်တွေ ကလဲ ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကို ကြိုတင် တွက်ချက်လျှက် ရှိနေပါတယ်။

ကတ်တလန် သတင်းတွေ အရတော့ ဆာလာ ကို အဓိက လိုချင်နေတဲ့သူက နည်းပြသစ် ဇာဗီ ဖြစ်ပြီး ၊ ရီးရဲ မက်ဒရစ် ကို အမ်ဘာပေ ရောက်ရှိလာတော့မယ့် အခိုက်အတန့်မျိုးမှာ ဘာစီလိုနာ ရဲ့ တည်ဆောက်မှုတွေမှာလဲ Big Name ကစားသမားတွေကို ပါဝင်သင့်နေတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ချိန်ရွယ်နေတာ ဖြစ်ပါတယ်။

ဆာလာ ရဲ့ အသက်ဟာ 30 နာ နီးနေပြီ ဖြစ်သည့်တိုင်အောင် မက်ဆီ စွမ်းဆောင်ပေးခဲ့သလိုမျိုး လုပ်ပြနိုင်လိမ့်မယ်လို့လဲ ဘာစီလိုနာ အသိုင်းအဝိုင်းက ယူဆထားကြပါတယ်။

လက်ရှိ အနေအထား အရတော့ ကစားသမား နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံ ဆက်သွယ် စုံစမ်းလျှက် ရှိနေပြီး ၊ ဘယ်လို နည်းလမ်းတွေ နဲ့ ဆိုရင် ချဉ်းကပ်ဖို့ ဖြစ်နိုင်ချေ ရှိလာနိုင်မလဲ ဆိုတာ အဖြေရှာနေကြပါတယ်။

လီဗာပူး ကလဲ ဆာလာ ကို လက်လွှတ်ရမယ့် အကြောင်း လုံး၀ တွေးမထားသလို ၊ စာချုပ်သစ် ချုပ်ဆိုနိုင်လိမ့်မယ်လို့ပဲ ယုံကြည်ထားတာပါ။ ဘဏ္ဍာရေး အပိုင်းအရ ကြည့်မယ် ဆိုရင် လီဗာပူး ပိုင်ရှင်တွေ ရဲ့ ခိုင်မာမှုက ဘာစီလိုနာထက် များစွာ သာလွန်လျှက် ရှိနေပါတယ်။

သို့သော် ဘာစီလိုနာ ဥက္ကဌသစ် လာပေါ်တာ က သူ့ရဲ့ ဒုတိယမြောက် ဥက္ကဌ သက်တမ်းမှာ ပရိသတ်တွေ နောက်တစ်ကြိမ် လက်ခံပေးလာအောင် လုပ်ပြဖို့ ဆန္ဒတွေ ပြင်းပြလျှက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဂရစ်ဇ်မန်း ၊ မက်ဆီ တို့လို ဘောလုံးသမားတွေကို ဆုံးရှုံးခဲ့သည့်တိုင်အောင် ၊ အသင်းအတွက် အမာခံ တိုက်ပွဲဝင်ပြမယ့် ထိပ်တန်း ကစားသမားမျိုးတွေ ရောက်ရှိလာခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ နဲ့ ရင်ဆိုင်ရလျှက် ရှိနေပါတယ်။

ဒါကြောင့် ဇာဗီ ရော လာပေါ်တာ ပါ ဘာစီလိုနာ ရဲ့ အောင်မြင်တဲ့ နေ့ရက်တွေကို ပြန်လည် အသက်သွင်းပြနိုင်ဖို့ အတွက် ကြိုးစားနေကြတာပါ။

မို ဆာလာ ဟာ သူတို့ တကယ်လိုလိုချင်ချင် ရှိနေတဲ့ ပစ်မှတ်မျိုးလား ဆိုတာတော့ စောင့်ကြည့်သွားရမှာပါ။ သို့သော် ကတ်တလန် အခြေစိုက် သတင်းစာ အားလုံးကတော့ အီဂျစ် နတ်ဘုရားကြီး ကို နူးကမ့်ဆီ ပင့်ဆောင်ဖို့ မျှော်လင့်ချက်တွေ အများကြီး ထားနေကြတယ် ဆိုတာ အခိုင်အမာ ရေးသားသွားခဲ့ ပါတယ် ။

SM