မာနေး ရဲ့ ဒဏ်ရာ က စိုးရိမ်စရာ မရှိဘူးလို့ ပြောဆိုလိုက်တဲ့ ဆီနီဂေါ နည်းပြ

ဆီနီဂေါ အသင်းရဲ့ နည်းပြကြိး အလူး ဆစ်ဆေး က နံရိုး ဒဏ်ရာကြောင့် လူစားလဲလိုက်ရတဲ့ လီဗာပူး တိုက်စစ် ကစားသမား မာနေး ရဲ့ ဒဏ်ရာဟာ စိုးရိမ်စရာ မရှိဘူးလို့ ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် တိုဂို အသင်းနဲ့ ပွဲစဉ်မှာ မာနေး ဟာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့တာ ဖြစ်ပြီး ၊ ပွဲချိန် 28 မီးနစ် မှာပဲ လူစားလဲလိုက် ရပါတယ်။ မာနေး ဟာ 18 ကိုက် အတွင်း ဘောလုံးကို ယှဉ်လုဖို့ ကြိုးစားစဉ် တိုဂို နောက်ခံလူတွေ နဲ့ ထိခိုက်မိကာ ဒဏ်ရာ ပြသနာ အနည်းငယ် ရရှိသွားတာ ဖြစ်ပါတယ်။

ပွဲဟာ 1-1 သရေ ရလာဒ်နဲ့ ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဆီနီဂေါ နည်းပြကြီး က “ မာနေး ကို အစောကြီး လူစားလဲ လိုက်ရတဲ့ အတွက် ကျနော်တို့ ရဲ့ ကစားပုံဟာ တည်ငြိမ်မှု ကင်းမဲ့သွားခဲ့ပါတယ်။ သူဟာ အသင်းအတွက် အရမ်းကို အရေးပါတဲ့ သူပါ။

သူ့ကို အနားပေးလိုက်ရတာ ကလဲ ကြိုတင် ကာကွယ်မှုကြောင့် ဖြစ်ပါတယ်။ ဒဏ်ရာက သိပ်ပြီး မပြင်းထန်ပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ အခုနောက်ပိုင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလာဒ်တွေ ဆက်တိုက် ယိမ်းယိုင်နေသလို ၊ ဒဏ်ရာရ ကစားသမား အရေအတွက် ကလဲ ဆက်တိုက် မြင့်တက်လျှက် ရှိနေပါတယ်။

ဒီရာသီမှာ အသင်းအတွက် ပထမဆုံး ဟတ်ထရစ် သွင်းယူပြနိုင်ခဲ့တဲ့ ဖာမီနို ဆိုရင် ဒုတိယ အကြိမ်မြောက် တံကောက်ကြော ဒဏ်ရာ ရရှိသွားတာကြောင့် ကာလ အတန်ကြာ အနားယူရမှာ ဖြစ်ပြီး ၊ သတင်းတွေကတော့ 6 ပတ် နဲ့ အထက် အနားယူဖွယ်ရှိလို့ လီဗာပူး ရဲ့ ပွဲစဉ်ကို အနည်းဆုံး 9 ပွဲ အထိ လွဲချော်မှာ ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။

ဒါကြောင့် လီဗာပူး ပရိသတ်တွေ ဟာ မာနေး ဒဏ်ရာရသွားတဲ့ သတင်းအပေါ် စိတ်ပူနေကြတာ ဖြစ်ပါတယ်။

အသင်းက ရလာဒ်တွေ ဆိုက်တိုက် ယိုင်နဲ့နေချိန်ဖြစ်လို့ လက်ရှိ နိုင်ငံတကာ ပွဲစဉ် ကာလ အတွင်း နောက်ထပ် ဒဏ်ရာပြသနာတွေ ထပ်မံ တိုးပွားလာခြင်း မရှိဖို့ မျှော်လင့်နေကြပါတယ်။

လက်ရှိမှာတော့ ဖာမီနို ၊ ကီတာ ၊ မေလ်နာ တို့ဟာ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရပြီး ၊ ကာတစ် ဂျုံး ကလဲ လေ့ကျင့်ရေးကွင်းမှာ ထိခိုက်မိတဲ့ မျက်လုံးဒဏ်ရာကြောင့် အနားယူနေရကာ ၊ ဂိုးမက်ဇ် ကလဲ ခြေသလုံး ဒဏ်ရာ ရှိနေပါတယ်။

ဒါ့အပြင် အမာခံ ကစားသမား တချို့ အကြား ပုံမှန် ခြေစွမ်းတွေ စတင် ပျောက်ဆုံးလာတာကြောင့် မကြာခင်ကပဲ ဒီရာသီ ပထမဆုံး ရှုံးပွဲကို ဝက်စ်ဟမ်း ကွင်းထဲမှာ ရင်ဆိုင် ကြုံတွေ့ ထားရပါတယ်။

လီဗာပူး ဟာ နိုင်ငံတကာ ပွဲစဉ်တွေ ပြီးတာ နဲ့ အာဆင်နယ် အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ လက်ခံ ကစားပေးရမှာ ဖြစ်ပါတယ်။

အဲဒီနောက်မျာတော့ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် ပေါ်တို အသင်းကို ဆက်လက် ဧည့်ခံ ကစားပေးသွားဦးမှာ ဖြစ်ပါတယ်။

SM